လူ ၂ ဦး သေဆုံးခဲ့တဲ့အထိ ဆူပူမှုတွေဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း ဒေသကြီးထဲက မြို့နယ်တချို့မှာ အခုနောက်ဆုံး အာဏာပိုင်တွေက ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။ အင်္ဂါနေ့ကစတင်ပြီး ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ လူတချို့ကို ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့လည်း မန္တလေးတိုင်း ရဲတပ်ဖွဲ့ က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။
အင်္ဂါနေ့ညက စတင်ခဲ့တဲ့ မန္တလေးမြို့က ရုန်းရင်းဆန်ခတ်မှုတွေနဲ့ အကြမ်းဖက် တိုက်ခိုက်တာတွေဟာ ဒီကနေ့ မနက်အစောပိုင်းအထိ ထပ်မံဖြစ်ပွားနေပြီး အခင်းဖြစ်ပွားနိုင်တဲ့ နေရာတွေကို လုံခြုံရေးတင်းတင်းကျပ်ကျပ်ချထားခဲ့ပါတယ်။
ဒီတိုက်ခိုက်တာတွေဟာ အများအားဖြင့် ညအချိန်မှာ ဖြစ်ပွားခဲ့တာကြောင့် ဒီကနေ့ ညနေပိုင်းမှာတော့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ပုဒ်မ၁၄၄၊ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဒုရဲမှုးကြီး ဇော်မင်းဦးက ပြောပါတယ်။
"အစိုးရအဖွဲ့က၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်လိုက်တာပါ။ ညကိုးနာရီနောက်ပိုင်း ညမထွက်ရ အမိန့်ထုတ်လိုက်တာပါ။ အခုတော့ အေးအေးဆေးဆေးပါပဲ။ ကျနော်တို့က ညပိုင်းမှာ ထပ်မဖြစ်ရအောင်လို့ အခု ၁၄၄ ထုတ်လိုက်ပြီဆိုတော့ ကျနော်တို့ ဒါ လုံခြုံရေးအရ ကိုင်တွယ်လုပ်ဆောင်ရတာ တော်တော်ကောင်းသွားပါပြီ။"
မနေ့ညနဲ့ ဒီကနေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူ၂ဦး သေဆုံးပြီး ၄ဦး ဖမ်းဆီးထားတယ်လို့လည်း ဒုရဲမှုးကြီး ဇော်မင်းဦး က ပြောပါတယ်။
ပုဒ်မ ၁၄၄ ထုတ်ပြန်တာကိုတော့ ညနေပိုင်းမှာ ရပ်ကွက်တွေအတွင်းကို လှည့်လည်ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်မှာ ည၉နာရီမှ မနက် ၄နာရီအထိ သတ်မှတ်ထားသလို လူစုလူဝေးမလုပ်ဖို့၊ ဒုတ်၊ ဓါးလက်နက် မကိုင်ဆောင်ဖို့၊ လုံခြုံရေးတာဝန်ထမ်းဆောင်သူတွေကို မနှောက်ယှက်ဖို့ စတာတွေပါဝင်တယ်။ ဒီအမိန့်ထုတ်ပြန်ချက်ဟာ မန္တလေး မြို့နယ် ၅မြို့နယ်အပြင် အမရပူရ မြို့နယ်ပါ အကျုံးဝင်တာဖြစ်ပါတယ်။
မန္တလေးမြို့က အချက်အခြာကျတဲ့ လမ်းမကြီးတွေပေါ်က နဲ့ ဈေးချိုက အစ္စလာမ် ဘာသာဝင်တွေရဲ့ ဈေးဆိုင်တွေအများစုကတော့ ဒီကနေ့လည်း ပိတ်ထားပါတယ်။ မန္တလေးမြို့ခံ တဦးကတော့ ပဋိပက္ခဖြစ်ပွားတဲ့ သတင်းတွေကို ကောလဟလ ဖြန့်ချီ တာတွေ ရှိနေပြီး ဒီလို့ ဖြန့်ချီတာတွေက အကြမ်းဖက်တာတွေကို ပိုမိုဆိုးဝါးစေ တယ်လို့ ပြောပါတယ်။
" သတင်းကတော့ အင်မတန်မှကို ကောလဟာလ အရမ်းလွှင့်တယ်ပေါ့နော်။ ရန်ကုန်က မိတ်ဆွေများဆိုရင် ကျနော်တို့ နေ့ခင်းကဆိုရင် အဲ့လို ဆေးရုံကြီးက အလောင်း လာလုတာပေါ့နော်။ ရိုက်ပွဲတွေဖြစ်နေကြတယ်။ မီးခိုးဗုံးတွေ၊ ဘာတွေ ပစ်နေရတယ်လို့ အဲ့သလို ရန်ကုန်ဘက်အသိုင်းအဝိုင်းက ကျနော့်ကို ဖုန်းဆက်မေးတယ်။ နောက်ပြီးတော့ တခြားနယ်ကလူတွေကလည်း တနေရာမှာ ရန်ဖြစ်နေပြီ။ တယောက်က သူ့ညီလေးပါနေလို့ တော်တော်ကိုသွားဆွဲထုတ်ရတယ်။ ဒါမျိုးတွေပေါ့ဗျာ။ အဲ့တော့ လူတွေက အဲ့ဒီ့သတင်းတွေနဲ့ မြို့ထဲမှာ ပွက်ညံ ပွက်ညံဖြစ်တာပေါ့။ ဆိုတော့ အဲ့ဒီ့ကောလဟာလ ထုတ်လွှင့်မှု ကလည်း တော်တော်ထိရောက်တယ်ပေါ့ဗျာ။ အခုရက်ပိုင်း လုပ်နေတာ။ ဟုတ်ကဲ့။"
မြို့ခံတွေကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဆူပူအော်ဟစ်နေသူတွေနဲ့ ဒုတ်၊ ဓါးတွေ ကိုင်ဆောင်သွားလာသူတွေကို ဖမ်းဆီးထိန်းသိမ်းတာမရှိသလို အကြမ်းဖက် တိုက်ခိုက်တာတွေဖြစ်ပွားရင်လည်း ဖြစ်ပွားတာ နာရီဝက်လောက်ကြာ မှ ရောက်လာတာကြောင့် အခြေအနေတွေက မလိုလားအပ်ဘဲ ပိုဆိုးဝါး လာတယ်လို့ သုံးသပ်တာတွေရှိပါတယ်။
မန္တလေးမြို့က အစ္စလာမ်ဘာသာဝင်တဦးက လုံခြုံရေးအခြေအနေနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။
" အမှန်အတိုင်းပြောရရင်တော့ ကျနော်တို့အတွက် ကိုယ့်အရိပ်တောင် ကိုယ်လှည့်လှည့်ကြည့်နေရတဲ့ သဘောပဲ။ လုံခြုံဖို့တော့ တော်တော်လေး ချို့ယွင်းတယ်လို့ ခံစားရတာပေါ့။ လုပ်ကိုင်ဆောင်ရွက်မှုတော့ ကျေနပ်အားရမှုတော့ မရှိဘူးပေါ့။ ကျနော်တို့မှာလည်း အားကိုးစရာဆိုလို့ ဒီအစိုးရ လုံခြုံရေးတပ်ဖွဲ့ပဲ ရှိတာပါ။ အဲ့တာကလွဲလို့လည်း ကျနော်တို့ ဘုရားသခင်ပဲ ဆုတောင်းရတာပေါ့ဗျာ။ဟုတ်လား။
အခုဟာက တကယ့်တကယ်မှာ အရေးယူဆောင်ရွက်မယ် ဆိုရင် ဆောင်ရွက်သင့်တဲ့ အချက်အလက်တွေ အခြေအနေတွေ အများကြီးရှိတာပဲ။ လူအုပ်နဲ့အော်နေတယ်။ ဆူနေတယ်။ ခဲတွေနဲ့ထုနေတယ်။ ဒီလူတွေထဲမှာ ဖမ်းတာ ဆီးတာမျိုးတော့ ကျနော်တို့ မတွေ့ရသေးဘူး။ လူလျော့သွားတယ် ဆိုတာ မမြင်ရသေးဘူး။ လူကတော့ တိုးတိုးလာနေတာပဲ။ အဲ့လိုဖြစ်နေတယ်။ ဒီဖျက်ဆီးလိုသူတွေပေါ့လေနော်။ ကျနော်တို့ ရပ်ကွက်ထဲမှာ နေထိုင်တဲ့သူတွေ၊ ကျနော်တို့နဲ့သိကျွမ်းတဲ့ ဗုဒ္ဓဘာသာဝင်တွေ ထဲကတော့ မဟုတ်ဘူး။ ဘယ်က မျက်နှာစိမ်းမှန်းတောင် မသိတဲ့သူတွေပဲ များပါတယ်။"
အစ္စလာမ်ဘာသာဝင်တချို့ဟာ တခြားမြို့ရွာတွေကို ပြောင်းရွှေ့သွားကြတာလည်း ရှိတယ်လို့ သူက ပြောပါတယ်။
မန္တလေးမြို့မှာ ပဋိပက္ခဖြစ်ပွားနေတာတွေကို လိုက်လံ ဖြေရှင်း ထိန်းသိမ်းပေးနေတဲ့ ဂဠုန်နီဆရာတော် ဦးကာဝိယကလည်း လုံခြုံရေး ထိန်းသိမ်းတာနဲ့ပတ်သက်ပြီး အခုလို ဝေဖန်ပါတယ်။
" အဲ့ဒီ့ဘက်မှာ ဒီလိုမဖြစ်အောင်ဆိုရင် လမ်းမမှာ သွားနေတဲ့ တုတ်၊ ဓားလက်နက်ပါတဲ့သူမှန်သမျှ အကုန်ဖမ်းဆီးထိန်းသိမ်းလိုက် ပြီးပြီ။ အခုတော့ တဖက်နဲ့တဖက်၊ လူမျိုးတမျိုးနဲ့တမျိုး ဘာသာတခုနဲ့တခု ခိုက်ရန်ဖြစ်ပွားစေတဲ့ စကားတွေ ပြောဆိုဆဲဆို၊ ကြိမ်းမောင်း ဝါဒဖြန့်ဖြူးနေတဲ့ ပုဂ္ဂိုလ်တွေ သိနေတာပဲ အဲ့တာတွေ ချက်ခြင်းဖမ်းဆီး၊ ထိန်းသိမ်းလိုက်ရင် ဒါတွေက ချုပ်ငြိမ်းသွားမှာပဲ။ အခုကတော့ လမ်းမှာ လျှောက်ပြီးတော့ အော်ဟစ်နေတဲ့ကောင်တွေကို ဘယ်သူမှာမှ မဖမ်းပဲကိုး။ ဆဲဆို သွားတဲ့ကောင်တွေရော ၊ အော်ဟစ် သွားတဲ့ကောင်တွေ၊ ခဲနဲ့ပေါက်သွားတဲ့ကောင်တွေ အဲ့အကောင်တွေကို မြင်နေရက်သားနဲ့ မဖမ်းတဲ့အခါကျတော့ ပိုကျယ်ပြန့်လာတာပေါ့။"
ဒီကနေ့နေ့ခင်းမှာတော့ မန္တလေးတိုင်း ဝန်ကြီးချုပ်က ဘာသာကြီး ၄ခုက ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ပဋိပက္ခဖြစ်ပွားတာတွေကို ပူးပေါင်းဖြေရှင်းဖို့ ဆွေးနွေးခဲ့တယ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။
လစဉ်မိန့်ခွန်းအဖြစ် သမ္မတဦးသိန်းစိန်က ပြောကြားရာမှာတော့ မုန်းတီးရေး စကားတွေနဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို ရှောင်ကျဉ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ တိုင်းပြည်က ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံကြားမှာ သဟဇတဖြစ်အောင် နေထိုင်ပြီး ပူးပေါင်း ဆောင်ရွက်ကြမှသာ တည်ငြိမ်မှု ရရှိပြီး၊ အသွင်ကူးပြောင်းရေး အစီအစဉ်တွေ အောင်မြင်နိုင်လိမ့်မယ် လို့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။