ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသမီးကြီး ကွယ်လွန်သွားပြီ

ကမ္ဘာ့အသက်အရှည်ဆုံး ဂျပန်အမျိုးသမီးကြီး Nabi Tajima (၂၀၁၅ ခုနှစ်က ဓာတ်ပုံ)

အသက် ၁၁၇ နှစ်ရှိပြီဖြစ်တဲ့ ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသမီးကြီး Nabi Tajima ဟာ စနေနေ့ညနေက ကွယ်လွန်သွားပါပြီ။

ဂျပန်နိုင်ငံတောင်ပိုင်း Kikai မြိုကကလေးကဆေးရုံမှာ ဇန်နဝါရီလကစပြီး ဆေးကုသမှု ခံယူနေတဲ့ Tajima ကွယ်လွန်သွားပြီဖြစ်ကြောင်း မြို့နယ်အရာရှိ Susumu Yoshiyuki ကအတည်ပြုပြောကြားပါတယ်။

Tajima ဟာ ၁၉၀၀ ပြည့်နှစ်၊ သြဂုတ်လ ၄ ရက်နေ့က မွေးဖွားတာမို့ ရှားရှားပါးပါး ၁၉ ရာစုဖွား နောက်ဆုံးလူသားလို့ ခေါ်ကြတာပါ။ သူဟာ သား ၇ ယောက်နဲ့ သမီး ၂ ယောက်တို့ရဲ့မိခင်ဖြစ်ပြီး မြေးမြစ်တီတွတ် အားလုံးပေါင်း ၁၆၀ ကျော်ရှိပါတယ်။

အသက် ၁၁၇ နှစ်ရှိပြီဖြစ်တဲ့ ဂျမေကာနိုင်ငံသူ Violet Brown စက်တင်ဘာလထဲမှာ ကွယ်လွန်သွားတဲ့နောက် သူပဲ အသက်အကြီးဆုံး လူသားအဖြစ် ကျန်ခဲ့တာပါ။

Tajima နေထိုင်ရာ Kikai မြို့ကလေးဟာ ဂျပန်ရဲ့ ကျွန်းကြီး ၄ ကျွန်းမှာ တောင်ဖက် အစွန်ဆုံးက အိုကီနာဝါနဲ့ ကျူရှုး ကျွန်းကြီး နှစ်ကျွန်း အလယ်လောက်မှာ ရှိတဲ့ လူဦးရေ ၇ ထောင်လောက်နေထိုင်တဲ့ ကျွန်းမြို့လေးဖြစ်ပါတယ်။

အခု ဂျပန်နိုင်ငံမှာ နောက်အမျိုးသမီးတဦးဖြစ်တဲ့ Chiyo Miyako ကတော့ မေလ ၂ ရက်နေ့မှာ အသက် ၁၁၇ နှစ်ပြည့်မှာမို့ ကမ္ဘာမှာ အသက်အကြီးဆုံး ဖြစ်လာတော့မှာပါ။ သူဟာ တိုကျိုတောင်ဘက် Kanagawa ဒေသမှာ နေပါတယ်။

Guinness မှတ်တမ်းဝင် အသက် ၁၁၂ နှစ်ရှိပြီဖြစ်တဲ့ အသက်အရှည်ဆုံး အမျိုးသား Masazo Nonaka ကတော့ ဂျပန်မြောက်ပိုင်းမှာ နေထိုင်ပါတယ်။

Your browser doesn’t support HTML5

ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသမီးကြီး ကွယ်လွန်သွားပြီ