ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်သက်သာခွင့် စစ်ကောင်စီကြေညာချက် NUG ဝေဖန်

ဒေါ်အောင်ဆန်းစုကြည်

နေပြည်တော် အကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့အပေါ်ချမှတ်ထားတဲ့ ပြစ်ဒဏ်တချို့ကနေ ဒီကနေ့ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ပြည်သူလူထုကို လှည့်စားတဲ့လုပ်ရပ်ဖြစ်တယ်လို့ NUG ကြားကာလ အမျိုးသားညီညွတ်အစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်ကတဆင့် တုန့်ပြန်လိုက်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်ကြတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ရာဇဝတ်သားတွေမဟုတ်ပါဘူး။ သူတို့တွေဟာ ဒီမိုကရေစီ သူရဲကောင်းတွေဖြစ်ပါတယ်။ ဒီလိုသူရဲကောင်းတွေကို ဖမ်းဆီးပြီးတော့ မတရားတဲ့ပြစ်ဒဏ်တွေ ချမှတ်ခြင်းကိုယ်တိုင်က အစောကြီးကတည်းက မှားယွင်းတဲ့ ကိစ္စဖြစ်ပါတယ်။ အခုတခါ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ နာမည်တခုကိုသုံးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မလိုလို ပြစ်ဒဏ်တွေလျှော့ပေါ့မလို လုပ်ဆောင်ပြီးတော့ ပြည်သူလူထုကို လှည့်ဖြားဖို့ ကြိုးစားနေပါတယ်။ ဒီအမှုဟာ ကြည့်မယ်ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်တာမဟုတ်ပါဘူး။ မတရားဖမ်းဆီးထားပြီးတော့ စွပ်စွဲထားတဲ့ ချမှတ်ထားတဲ့ မတရားပြစ်ဒဏ်တွေကနေ လျှော့ပေါ့လိုက်တာဖြစ်ပါတယ်။ ဒီဟာတခုက မှန်ကန်တဲ့လုပ်ဆောင်မှုမဟုတ်သလို စစ်မှန်တဲ့ လွတ်မြောက်မှုမဟုတ်ပါဘူး။​ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူလူထုကို မျက်စိဝေဝါး အထင်မှားအောင်လုပ်ဆောင်တဲ့ နည်းလမ်းတွေကျင့်သုံးပါတယ်။ ဒါကြောင့်မိုလို့ တော်လှန်ရေးအသိကို ဆက်လက်ထားရှိပြီးတော့ ကိုယ့်လမ်းကို ကိုယ်ဆက်လျှောက်မယ် ကိုယ့်ယုံကြည်ချက်အတိုင်းဆက်လက်သွားဖို့အတွက် ပြည်သူလူထုကို လေးစားစွာဖြင့် တိုက်တွန်းအပ်ပါတယ်။ "


အလားတူဘဲ​ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေအားလုံးကို ခြွင်းချက်မရှိ ချက်ခြင်း ပြန်လွတ်ပေးဖို့ NUG တရားရေးဝန်ကြီးဌာနက ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ဟာ ပြစ်မှုတစုံတရာကျူးလွန်ခြင်းမရှိဘဲ တစ်ဖက်သတ် လုပ်ကြံ စွပ်စွဲ ဖမ်းဆီးခံထားရတာဖြစ်ပြီး သူတို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်အားလုံးဟာလည်း ဥပဒေနဲ့ ညီညွတ်ခြင်း မရှိဘူးလို့ NUG ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အမှုတွေထဲက နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ)၊ သဘာဝဘေးအမှု ၂ မှု၊ ဆက်သွယ်ရေးအမှုနဲ့ ပို့ကုန်သွင်းကုန်နဲ့ တရားစွဲထားတဲ့ စုစုပေါင်း ပြစ်ဒဏ် ၆ နှစ်ကို လျှော့ပေါ့ပေးလိုက်တာ ဖြစ်ပြီး သမ္မတ ဦးဝင်းမြင့်ကိုတော့ သဘာဝဘေးနဲ့ ၂ နှစ်၊ ၅၀၅ (ခ) နဲ့ ၂ နှစ် စုစုပေါင်း ပြစ်ဒဏ် ၄ နှစ် လျော့ပေါ့ပေးလိုက်တာ ဖြစ်တယ်လို့ စစ်ကောင်စီက ဒီကနေ့ ကြေညာလိုက်တဲ့အပေါ် အဲဒီလို တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။​

ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ထားတာကနေ ၆ နှစ် လျှော့ပေါ့ပေးလိုက်တာဖြစ်လို့ ထောင်ဒဏ် ၂၇ နှစ် ကတော့ ဆက်လက် ကျခံရဦးမှာ ဖြစ်ပါတယ်။ ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်ကတော့ ၄ နှစ် လျှော့ပေါ့လိုက်တဲ့ အတွက် ၈ နှစ် ဆက်လက် ကျခံရဦးမှာ ဖြစ်ပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တချို့ကို လျော့ချပေးလိုက်တဲ့ တချိန်ထဲမှာဘဲ တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေကနေ အကျဉ်းသား ၇,၇၄၉ ယောက်ကို စစ်ကောင်စီက ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်ပါတယ်။

Your browser doesn’t support HTML5

ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်သက်သာခွင့် စစ်ကောင်စီကြေညာချက် NUG ဝေဖန်