ငြိမ်းချမ်းရေးဗဟိုဌာန ဆွေးနွေးပွဲဖိတ်ကြားမှု အပစ်ရပ်မထိုးသေးတဲ့ အဖွဲ့အများစု တက်ရောက်ဖွယ်ရှိ

NRPC နဲ့NCA ကိုယ်စားလှယ်တွေ နေပြည်တော်မှာတွေ့ဆုံဆွေးနွေးစဉ်။ (ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၉။ ဓာတ်ပုံ MOI)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က ဖိတ်ကြားလိုက်တဲ့အပေါ် အဖွဲ့အစည်းအများစု တက်ရောက်နိုင်ဖွယ် ရှိပါတယ်။ NRPC နဲ့ ဆွေးနွေးပြီး နောက်တစ်ရက်မှာ တပ်မတော်နဲ့ တစ်ဖွဲ့ချင်း ဆွေးနွေးဖို့ကိုလည်း ဖိတ်ကြားစာမှာ ဖော်ပြထားပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ ရခိုင်၊ ရှမ်း၊ ချင်း စတဲ့ တိုင်းရင်းသား ဒေသတချို့မှာ ဒီရက်ပိုင်း လက်နက်ကိုင်တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေချိန်မှာပဲ NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့ ၈ ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က ခုလို ဖိတ်ကြားလိုက်တာပါ။ ၂၁ ရက်နေ့မှာတွေ့ဆုံဖို့ ဖိတ်ကြားတာဖြစ်ပြီး ၂၂ ရက်နေ့မှာတော့ တပ်မတော်ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့နဲ့ လက်နက်ကိုင်အဖွဲ့ တဖွဲ့ချင်းစီ တွေ့ဆုံဖို့… အဲဒီလိုတွေ့ဆုံဖို့အတွက် တွေ့ဆုံလိုတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကြိုတင် အကြောင်းပြန်ကြားဖို့ NRPC ဖိတ်ကြားစာမှာ ဖော်ပြထားပါတယ်။

ဖိတ်ကြားထားတဲ့ အဖွဲ့တွေကတော့ ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP ၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ ရှမ်းပြည်အရှေ့ပိုင်း ငြိမ်းချမ်းရေးနဲ့ စည်းလုံးရေးကော်မတီ PSC ခေါ် မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ MNTJP ခေါ် ကိုးကန့်အဖွဲ့၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် ULA / AA နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP တို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက NRPC ၊ တပ်မတော်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က တက်ရောက်ဖို့ရှိကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းဖုန်းဟန်က ပြောပါတယ်။

“ တက်မှာပါ။ တက်မှာပါခင်ဗျ။ လောလောဆည်တော့ ကျနော်တို့ မဆွေးနွေးရသေးဘူး။ ဒီမှာက PB က လူကြီးတွေ ရောက်နေတယ်။ ဒီနေ့ပဲ ကျနော်တို့ ဆွေးနွေးဖို့ ရှိပါတယ်ခင်ဗျ။”

ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP ကလည်း ဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ ရှိကြောင်း ဝတပ်ဖွဲ့ရဲ့ လားရှိုး ဆက်ဆံရေးရုံး တာဝန်ခံက facebook messenger ကနေ ပြန်ကြားခဲ့ပါတယ်။

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ကို ဆက်သွယ်ရာမှာ အဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်မှုးတာ့အိုက်ကျော်က - “ ကျနော်ကတော့ ဘာမှ မသိရသေးဘူး။ အထက်ကို ပြန်မေးကြည့်အုံးမယ်။”

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPPကတော့ ဒီလ ၁၈ရက်နေ့မှာ NRPC ၊ ၁၉ရက်နေ့မှာ တပ်မတော်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။၂၁ရက်အစည်းအဝေးမှာလည်း ပါဝင် တက်ရောက်ဖွယ်ရှိကြောင်းကို KNPP ရဲ့ အထွေထွေ အတွင်းရေးမှုး ဦးရွှေမျိုးသန့်က အခုလို ပြောပါတယ်။

“တက်ဖြစ်ဖို့ များပါတယ်။ ဆရာခူးဦးရယ်က ဒီနေ့ အကြောင်းပြန်မယ်ထင်တယ်။ သူဒီနေ့ လမ်းပေါ်မှာဖြစ်နေ လို့။ကားနဲ့ ပြန်လာနေတယ် ချင်းမိုင်ကနေ။”

ကျန်တဲ့အဖွဲ့အစည်းတွေကို ဆက်သွယ်ရာမှာတော့ အများစုက ဖုန်း လက်ခံဖြေဆိုတာမရှိသလို တစ်ချို့အဖွဲ့တွေ ကတော့ ဖုန်းပိတ်ထားကြပါတယ်။

ဒီအဖွဲ့တွေနဲ့ နီးစပ်သူတွေကတော့ တက်ရောက်ဖို့ ရှိနေကြောင်း ပြောဆိုတာ ရှိပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ တပ်မတော်က တစ်ဖွဲ့ချင်းနဲ့ ဆွေးနွေးမယ်ဆိုတဲ့အပေါ်မှာ အချေအတင်ဆွေးနွေးရဖွယ်ရှိကြောင်း သုံးသပ်ပြောဆိုပါတယ်။

“ ဒီမြောက်ပိုင်း ၃ဖွဲ့ပေါ့။ မဟာမိတ် ၃ဖွဲ့ပေါ့။ ဒီ AA ရယ်၊ TNLA ရယ်၊ ကိုးကန့်ရယ်ကတော့ တစ်ဖွဲ့ချင်း တွေ့မှာလား။ ၃ဖွဲ့တွေ့မှာလား ဆိုတဲ့ဟာကတော့ အချေအတင် တစ်စုံတစ်ရာ ဆွေးနွေးညှိနှိုင်းရမယ်လို့ ထင်ပါတယ်။ ”

တပ်မတော်နဲ့ ဆွေးနွေးနိုင်ဖွယ်ရှိတဲ့ အလားအလာကိုလည်း အခုလို ဆက်ပြောပါတယ်။

“ အဓိကကတော့ တပ်ဘက်ကတော့ NCA ထိုးဖို့ ပြောမှာပဲ။ ဟိုဘက်ကလည်း Bilateral သွားမလား။ ဒါမှ မဟုတ် Deed of commitment နဲ့ပဲ NCA သွားမလားဆိုတာကို ညှိကြရမယ့် ပြဿနာလို့ပဲ ထင်တယ်။ ကျနော်တော့ တစ်ထိုင်တည်းနဲ့ ပြဿနာပြေလည်ဖို့ဆိုတာတော့ ခက်မယ်ထင်တယ်။ တကယ်လို့ သဘောတူညီချက် တစ်စုံတစ်ရာရရင်တော့ တိုက်ပွဲလျော့ချနိုင်ပါတယ်။

ဆိုလိုတာက တိုက်ပွဲလျော့ချတယ်ဆိုတာ ၂ပိုင်းရှိတာပေါ့။ တကယ်တမ်းကျ ကချင်ပြည်နယ်မှာက တိုက်ပွဲမရှိတော့ဘူးဗျ။ ရှမ်းမြောက်မှာလည်းပဲ SSPP နဲ့ တိုက်ပွဲဖြစ်ခဲ့ပေမဲ့ လျော့ချနိုင်ခဲ့တယ်။ အဓိကဖြစ်နေတာက ရခိုင်စစ်မျက်နှာပဲ။ ရခိုင်စစ်မျက်နှာမှာ တိုက်ပွဲလျော့ချဖို့ကတော့ တော်တော်လေး အကျိတ်အနယ် ဆွေးနွေးရအုံးမယ်ထင်ပါတယ်။ လွယ်လွယ်ကူကူတော့ မဖြစ်နိုင်ဘူး။ ”

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ UWSA က ဧပြီလမှာ ကျင်းပမယ့် နှစ် ၃၀ပြည့်အခမ်းအနားနဲ့ NCA လက်မှတ်ထိုးအဖွဲ့တွေရဲ့ မေလ ထိပ်သီးဆွေးနွေးပွဲတွေ နောက်ပိုင်းမှသာ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်လို့ မြင်ကြောင်းလည်း ပြောပါတယ်။

ဒီဆွေးနွေးပွဲတွေနောက်မှာတော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တပ်မတော်တို့ တွေ့ဆုံဆွေးနွေးဖို့လည်း ရှိနေပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပနေတာရှိတဲ့တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေသလို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လည်း ပြီးခဲ့တဲ့ ရက်တွေက တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားကြောင်း KIA၊ TNLA တို့က သတင်းထုတ်ပြန်ထားတာရှိပါတယ်။ ဒါပေမဲ့ တပ်မတော်ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိပါဘူး။

Your browser doesn’t support HTML5

ငြိမ်းချမ်းရေးဗဟိုဌာန ဆွေးနွေးပွဲဖိတ်ကြားမှု အပစ်ရပ်မထိုးသေးတဲ့ အဖွဲ့အများစု တက်ရောက်ဖွယ်ရှိ