[Zawgyi/Unicode]
မြန်မာအစိုးရနဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့တို့ ဆွေးနွေးမယ့် အစီအစဉ်ဟာ တွေ့ဆုံမယ့်နေရာအတွက် သဘောတူညီမှု မရသေးတာကြောင့် စီစဉ်ထားတဲ့အတိုင်း ဒီလထဲ တွေ့ဆုံနိုင်မယ့် အလားအလာမရှိတော့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်တဲ့ KIA ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ ကချင်ပြည်နယ်၊ မြစ်ကြီးနား ဒါမှမဟုတ် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့မှာ ဒီလဒုတိယပတ်လောက် တွေ့ဆုံဖို့ ကမ်းလှမ်းထားပေမဲ့ သဘောတူညီချက် မရသေးဘဲ ဖြစ်နေတာပါ။
မြန်မာအစိုးရဘက်က တွေ့ဆုံဖို့ ကမ်းလှမ်းထားတဲ့ ဒေသတွေမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် အခက်အခဲ ရှိနေကြောင်းလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။
“အခုလောလောဆယ်မှာ ကချင်ပြည်နယ်မှာက COVID ရောဂါ ကူးစက်မှုကလည်း တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်နေတယ်။ ဒါကြောင့် မြစ်ကြီးနားဆိုတာလည်း သတ်မှတ်ဖို့ အခက်အခဲရှိတယ်။ ကျိုင်းတုံမှာလည်းပဲ ဝဒေသတို့၊ မိုင်းလားဒေသတို့မှာ ကူးစက်မှုကတော့ ဖြစ်နေတယ်။ အဲဒါကြောင့် သွားရေး၊ လာရေး ကိစ္စက အစပေါ့။ ကျိုင်းတုံကလည်း အခက်အခဲရှိနေတယ်။ အဲဒါကြောင့် နေရာ သတ်မှတ်တာကတော့ အခက်အခဲရှိနေလို့ ဇန်နဝါရီလမှာ တွေ့ဆုံဖို့ ဆိုတဲ့ဟာကတော့ မဖြစ်သေးတဲ့အနေအထားဖြစ်ပါတယ်။ အခုလောလောဆယ် ကျနော်တို့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တွေက ဆွေးနွေးနေတုန်းပဲ ဖြစ်ပါတယ်။”
SEE ALSO: ဘီးလင်းဒေသ ကရင်ကျေးရွာသားတွေ စစ်ဆန့်ကျင်ရေးဆန္ဒပြတွေ့ဆုံဆွေးနွေးမယ့်နေရာ ရွေးခြယ်ရာမှာ မဟာမိတ် ၄ ဖွဲ့ကြား ညှိနှိုင်းပြီးတဲ့အခါ၊ အစိုးရကိုယ်စားလှယ်တွေနဲ့ ပြန်လည်ညှိနှိုင်းဖို့ လိုအပ်လိမ့်မယ်လို့လည်း ပြောပါတယ်။
ကချင်ပြည်နယ်မှာတော့ COVID ကူးစက်လူနာ ၉၃၀ ကျော်ရှိပြီး ဒီလ ၂၆ ရက်နေ့ ညနေပိုင်းမှာ ကူးစက်လူနာ ၁၁ ယောက် ထပ်တိုးခဲ့သလို ဝဒေသမှာတော့ ကူးစက်လူနာ ၃၀၄ ယောက် ရှိရာမှာ ဒီလ ၂၅ ရက်နေ့မှာ ထပ်တိုးလူနာ ၁ ယောက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ မိုင်းလားဒေသမှာတော့ COVDI ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်တာကြောင့် ဒီလ ၂၃ ရက်နေ့က စတင်ပြီး အသွားအလာ ကန့်သတ်တာတွေကို စတင် ဖြေလျော့ထားပါတယ်။
အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေကတော့ အစိုးရဘက်က ကမ်းလှမ်းထားတဲ့ နေရာတွေမှာ ကျင်းပမယ်ဆိုရင် ဖြစ်နိုင်ကြောင်း ပြောပါတယ်။
“ကျနော်တို့ ဘက်ကလည်း အခြားနေရာတွေက လောလောဆယ်မှာ ဥပမာဗျာ... တရုတ်ပြည်တို့ ဘာတို့ဆို အခုချိန်မှာ သွားရလာရတာ ခက်မှာလည်း စိုးရတာပေါ့။ ဒါပေမဲ့ အခုက တစ်နိုင်ငံလုံးမှာ COVID ကျသွားပါပြီ။ မြစ်ကြီးနားဆိုတာလည်း တော်တော်ကို နည်းသွားပါပြီ။ အခုက တိုင်းဒေသကြီးတွေအားလုံးမှာ ကျသွားပါပြီ။ ၄၀၀ အောက်ကို တစ်နိုင်ငံလုံးမှာ ရောက်သွားပြီဆိုတော့ ဒီလိုပဲ ညှိပြီးတော့တော့ လုပ်ဖို့ မျှော်လင့်တာပေါ့ဗျာ။ ဒါပေမဲ့လို့ တဘက်က အဖွဲ့တွေ ရွေးခြယ်တဲ့ ကိစ္စတော့ ကျနော်တို့ ပြောလို့တော့ မရဘူး။ ကျနော်တို့ဘက်ကတော့ ကျန်တဲ့အခက်အခဲ သိပ်မရှိဘူး။ နေရာကိစ္စပဲ ညှိဖို့ ကျန်တဲ့သဘောဖြစ်တယ်။”
SEE ALSO: ဘီးလင်းဒေသ ကရင်ကျေးရွာသားတွေ စစ်ဆန့်ကျင်ရေးဆန္ဒပြလာမယ့် ဆွေးနွေးပွဲမှာတော့ အစိုးရနဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်တွေအကြား အပစ်ရပ်စာချုပ် ချုပ်ဆိုရေးကိစ္စတွေကို အဓိက ဆွေးနွေးဖြစ်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ဦးလှမောင်ရွှေကတော့ သဘောတူညီချက်ရဖို့ နီးစပ်နေပြီလို့ ပြောပါတယ်။
“ဒီဇင်ဘာလ ဒုတိယပတ်၊ တတိယပတ်က သူတို့ကို ပဏာမ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းပို့ခဲ့တယ်။ သူတို့ဆီကလည်း ကျနော်တို့ NRPC ဘက်ကို ပြန်ပြီးတော့ ပို့တယ်လု့ိ ကျနော်တို့ နားလည်တယ်။ အခု အဲဒီဟာက နှစ်ဘက် လက်မှတ်ထိုးနိုင်ဖို့ ညှိနှိုင်းဖို့ကတော့ သိပ်မကျန်တော့ဘူးလို့ပဲ ကျနော် နားလည်တယ်။”
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်ကြား ရခိုင်ပြည်နယ်က တိုက်ပွဲတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ နောက်ပိုင်းကတည်းက ရပ်စဲထားနိုင်ခဲ့တာ အခုချိန်ထိ ဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ တပ်မတော်နဲ့ AA အကြား တိုက်ပွဲတွေ ရပ်ဆိုင်းနေချိန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စတင်ဖို့ အလားအလာကောင်းတွေ ရှိနေတယ်လို့ ယူဆနေကြပါတယ်။
မနက်ဖြန် ကြာသပတေးနေ့မှာတော့ အစိုးရနဲ့ အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့ online ကနေ အလွတ်သဘောဆွေးနွေးဖို့ ရှိနေသလို ဒီရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ KNU နဲ့လည်း ဆွေးနွေးဖွယ် ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ကတော့ အစိုးရနဲ့ အပစ်ရပ်စာချုပ် NCA ကို လက်မှတ် မရေးထိုးသေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ online ကနေ တွေ့ဆုံပြီး ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခဲ့ပါတယ်။
Your browser doesn’t support HTML5
[Unicode Version]