မြောက်ကိုရီးယားကနေ အမေရိကန် စစ်လေယာဉ်နဲ့ သယ်ဆောင်လာတဲ့ ကြွင်း ကျန် ရုပ်အလောင်းတွေပါဝင်တဲ့ သေတ္တာ ၅၅ ခုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ကိုရီးယား စစ်ပွဲအတွင်း ကျဆုံးခဲ့ကြတဲ့ အမေရိကန်စစ်သည်တွေ ဖြစ်တဲ့အကြောင်း သမ္မတအိမ်ဖြူတော်က မနေ့နှောင်းပိုင်းမှာပဲ ကြေညာချက် ထုတ်ပြန် အတည်ပြုလိုက်ပါတယ်။
အမေရိကန်ကျဆုံးစစ်သည်တွေရဲ့ ရုပ်အလောင်းတွေ တင်ဆောင်လာတဲ့ အမေရိကန်လေတပ်က C-17 အမျိုးအစားလေယာဉ်ဟာ မြောက်ကိုရီးယား၊ Wonsan မြို့ကနေ ထွက်ခွာလာပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်အနီးက Osan လေတပ်စခန်းကို ထွက်ခွာလာခဲ့ကြောင်းနဲ့ တရားဝင်လွဲှပြောင်းတဲ့ အခမ်း အနားကို သြဂုတ်လ ၁ ရက်နေ့ Osan လေတပ်စခန်းမှာပဲ ကျင်းပမှာ ဖြစ်ကြောင်းလည်း ကြေညာချက်က ဖော်ပြခဲ့တာပါ။
ကျဆုံးစစ်သည် အလောင်းတွေ လွဲှပြောင်းမှုဟာ အောင်မြင်တဲ့ လုပ်ငန်းစဉ်တခု အဖြစ်နဲ့လည်း ကုလသမဂ္ဂ ကွပ်ကဲရေးတပ်ဖွဲ့နဲ့ တောင်ကိုရီးယားအခြေစိုက် အမေရိကန် တပ်ဖွဲ့တွေရဲ့တပ်မှူးဖြစ်သူ ဗိုလ်ချုပ်ကြီး Vincent Brooks က ပြော ဆိုခဲ့ပါတယ်။ ရုပ်အလောင်းတွေ သယ်ဆောင်လာတဲ့ အမေရိကန် စစ်လေယာဉ် ကတော့ ဒီနေ့ နှောင်းပိုင်းမှာပဲ တောင်ကိုရီးယားကို ရောက်လာခဲ့တာပါ။
တချိန်တည်းမှာပဲ အမေရိကန်အရာရှိတွေထံက ထရပ်ကား ၂ စီးစာ သစ်သား သေတ္တာတွေကို မြောက် ကိုရီးယားက မကြာသေးခင်ကပဲ လက်ခံရယူခဲ့ကြောင်း လည်း တောင်ကိုရီးယားသံတမန် အသိုင်းအဝိုင်းကို ကိုးကားပြီး တောင်ကိုရီး ယားနိုင်ငံက Yonhap သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒီနေ့ သောကြာနေ့ဟာ ၁၉၅၀ ကနေ ၅၃ အထိ ဖြစ်ခဲ့တဲ့ ကိုရီးယားစစ်ပွဲ အဆုံးသတ်ခဲ့တဲ့ စစ်ပြေငြိမ်းရေး စာချုပ်ကို လက်မှတ်ရေးထိုးပြီး တောင်၊ မြောက် ကိုရီးယား ၂ နိုင်ငံအဖြစ် တရားဝင် စတင် ထူထောင်ခဲ့ကြတဲ့ ၆၅ နှစ် ပြည့်လည်း ဖြစ်ပါတယ်။
အမေရိကန် ကျဆုံးစစ်သည်တွေရဲ့ ကြွင်းကျန်ရုပ်အလောင်းတွေ လွဲှပြောင်းပေးရေး အစီအစဉ်ကိုတော့ အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ ပြီးခဲ့တဲ့ ဇွန်လထဲ စင်္ကာပူနိုင်ငံက ထိပ်သီး အစည်းအဝေးမှာ သဘောတူခဲ့ကြတာလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5