မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုကို နျူကလီးယားဒုံးကျည်နဲ့ တိုက်ခိုက်နိုင်စွမ်းတဲ့ အခြေအနေကိုရောက်ဖို့ လ အတော်ကြာလောက်ပဲ လိုတော့တယ်လို့ အမေရိကန် ထိပ်တန်းတာဝန်ရှိသူနှစ်ဦးက ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု ပိုကြီးလာတဲ့အပေါ်နဲ့ အရှေ့အာရှဒေသမှာ နျူကလီးယား လက်နက်ပြိုင်ဆိုင်မှု ဖြစ်လာနိုင်ခြေ အပေါ် အထူးပဲ စိုးရိမ်မိတဲ့အကြောင်း ဝါရှင်တန်မြို့တော်မှာ ကြာသပတေးနေ့ကလုပ်တဲ့ ဆွေးနွေးပွဲတခုအတွင်း CIA ညွှန်ကြားရေးမှူး Mike Pompeo ကပြောသွားပါတယ်။
အမေရိကန်က ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ ဒုံးကျည်နည်းပညာကို မြောက်ကိုရီးယားက ရအောင်လုပ်နေတာနဲ့ပတ်သက်ပြီး မေးတဲ့အခါမှာ CIA အကြီးအကဲ Pompeo က အဲဒီရည်မှန်းချက်ကို သူတို့ ပြည့်မီတော့မယ်လို့ ယူဆပြီးတော့ ကျနော်တို့ လုပ်ဆောင်ကြရပါမယ်လို့ ပြောပါတယ်။
ဒီအခြေအနေကို စစ်ရေးနည်းနဲ့မဟုတ်ဘဲ ဖြေရှင်းဖို့ အမေရိကန်ဟာ အပြေးအလွှားလုပ်နေရတယ်လို့ အမေရိကန် လုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး H. R. McMaster က အဲဒီဆွေးနွေးပွဲအတွင်းမှာပဲ ကြာသပတေးနေ့နှောင်းပိုင်းက ပြောသွား ပါတယ်။ အချိန်မရှိတော့တာ မဟုတ်ပါဘူး၊ အချိန် သိပ်မကျန်တော့တာပါ၊ လက်ခံပြီး တားဆီးဖို့ိဆိုတာကတော့ လက်ခံနိုင်ဖွယ် ရာမရှိပါဘူးလို့ ဗိုလ်ချုပ်ကြီး McMaster ကပြောပါတယ်။ မြောက်ကိုရီးယားက ပြီးခဲ့တဲ့လမှာ ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကို လုပ်ခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား တင်းမာမှုအရှိန် တဖြည်းဖြည်းချင်း မြင့်တက်လာနေ ချိန်မှာပဲ မစ္စတာ Pompeo နဲ့ ဗိုလ်ချုပ်ကြီး McMaster တို့ အခုလို ပြောကြတာဖြစ်ပါတယ်။
Your browser doesn’t support HTML5