အမေရိကန်ပြည်ထောင်စုနဲ့ တွေ့ဆုံပြီး ကြိုက်တဲ့နေရာ၊ ကြိုက်တဲ့ပုံစံနဲ့ ဆွေးနွေးဖို့ အဆင်သင့်ရှိကြောင်း မြောက်ကိုရီးယားဘက်က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ပြုလုပ်မယ့် ထိပ်သီးစည်းဝေးပွဲကို ဖျက်လိုက်ကြောင်း သမ္မတ Donald Trump က ကြာသပတေးနေ့မှာ ပြောကြားအပြီး မြောက်ကိုရီးယားဘက်က အဲဒီလို တုန့်ပြန်လိုက်တာပါ။
စင်ကာပူနိုင်ငံမှာ ဇွန်လ ၁၂ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ တွေ့ဆုံ ဆွေးနွေးမှု ဆက်လုပ်ဖြစ်ရေးအတွက် အမေရိကန်ပြည်ထောင်စုဘက်က စဉ်းစားဖို့ အချိန်ပေးလိုကြောင်း မြောက်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ နျူကလီယားကိစ္စတွေကို ကာလရှည်ကြာ ဦးဆောင် ဆွေးနွေးလာသူ အကြီးတန်း သံတမန်တဦးလည်းဖြစ်တဲ့ Kim Kye Gwan ရဲ့ ကြေညာချက်ကို မြောက်ကိုရီးယား အစိုးရပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တာပါ။
အမေရိကန်အစိုးရ အရာရှိတွေဘက်က ထိပ်တိုက် ရင်ဆိုင်မှုဖြစ်စေတဲ့ ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိပ်သီးစည်းဝေးပွဲကို မတက်လိုကြောင်း မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် Kim Jong Un နဲ့ ပြုလုပ်မယ့် ထိပ်သီး စည်းဝေးပွဲကို ဖျက်လိုက်ကြောင်း သမ္မတ Trump က ကြာသပတေးနေ့မှာ ပြောကြားလိုက်တာပါ။
“ဒါဟာ မြောက်ကိုရီးယားအတွက် ကြီးမားတဲ့ နောက်ကြောင်းပြန်လှည့်မှုတခုဖြစ်ပြီး ကမ္ဘာကြီးအတွက်လည်း အလားတူပါပဲ” လို့ သမ္မတထရမ့်ပ်က အိမ်ဖြူတော် Roosevelt ခန်းမမှာ ကြာသပတေးနေ့ နေ့လည်ပိုင်းကပြောပါတယ်။
မြောက်ကိုရီးယားဘက်က အဆင်ခြင်မဲ့ လုပ်ဆောင်ခဲ့မယ်ဆိုရင်တော့ မဟာမိတ် တောင်ကိုရီးယား၊ ဂျပန်တို့နဲ့အတူ အမေရိကန်ရဲ့ စစ်တပ်တွေ ဟာ အရင်ကထက်ပိုပြီး အဆင်သင့်ဖြစ်နေကြောင်းလည်း သမ္မတ Trump က သတိပေး ပြောကြားလိုက်ပါတယ်။
Your browser doesn’t support HTML5