မြောက်ကိုရီးယားခေါင်းဆောင်နဲ့ အမေရိကန်သမ္မတတို့ရဲ့ မအောင်မြင်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲကြောင့် ထိပ်တန်းသံတမန်တယောက်ကို မြောက်ကိုရီးယားက ကွပ်မျက်လိုက်တယ်လို့ တောင်ကိုရီးယား သတင်းစာတစောင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
သမ္မတ Donald Trump နဲ့ ခေါင်းဆောင် Kim Jong Un တို့ Vietnam နိုင်ငံ Hanoi မြို့တော်မှာ တေ့ွဆုံဆွေးနွေးနိုင်ဖို့ အမေရိကန်မှာ ဦးဆောင်ညှိနှိုင်းခဲ့သူ Kim Hyok-chol နဲ့ တခြားထိပ်တန်းတာဝန်ရှိသူ ၄ ယောက်ကို သုတ်သင်ခဲ့တယ်လို့ တောင်ကိုရီးယားရဲ့ အရောင်းရဆုံး သတင်းစာကြီးထဲမှာ ဖော်ပြခဲ့တာပါ။ သူတို့ကို အမေရိကန်အတွက် သူလျှိုလုပ်မှုနဲ့ မတ်လထဲက သုတ်သင်ခဲ့တာဖြစ်တယ်လို့ သြဇာညောင်းတဲ့ Chosun Ilbo သတင်းစာထဲမှာ သတင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။
Kim Jong Un ရဲ့ ညာလက်ရုံးဖြစ်ခဲ့တဲ့ Kim Yong-chol ကို အလုပ်ကြမ်းနဲ့ ပညာပေးစခန်းကို ပို့ခဲ့တယ်လို့လည်း ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ တဦးတည်းသောအမျိုးသမီး အကြီးတန်းသံတမန် Kim Song-hye ကိုလည်း နိုင်ငံရေးသမားတွေထားတဲ့ အကျဉ်းစခန်းကို ပို့ခဲ့သလို Hanoi ထိပ်သီးဆွေးနွေးပွဲမှာ စကားပြန်လုပ်ပေးသူကိုလည်း အမှားတွေဘာသာပြန်တယ်ဆိုပြီး ရဲဘက်စခန်းကို ပို့ခဲ့တယ်လို့ သတင်းထဲမှာ ရေးသားထားပါတယ်။
ဒီသတင်းတွေကို နီးစပ်တဲ့ သတင်းရပ်ကွက်တခုက ရတယ်လို့သာပြောပြီး ဘယ်လိုရသလဲဆိုတာတော့ Chosun Ilbo သတင်းစာက ပြောကြားခြင်းမရှိပါဘူး။
တောင်ကိုရီးယားသတင်းစာထဲမှာ ဖော်ပြမှုတွေနဲ့ပါတ်သက်လို့ သီးခြားအတည်ပြုလို့ မရနိုင်ပါဘူး။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကလည်း အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲလို့ ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံထဲမှာ အသတ်ခံရတယ်လို့ တောင်ကိုရီးယားသတင်းစာတွေမှာ ဖော်ပြခံရသူတချို့လည်း တခါတရံ သီတင်းပတ်အကြာမှာ လူမြင်ကွင်း ပြန်ရောက်လာတာမျိုးတွေတော့ ရှိတတ်ပါတယ်။
Your browser doesn’t support HTML5