ကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ နျူကလီးယားဆွေးနွေးပွဲ မြောက်ကိုရီးယား လက်မခံ

ကန်နိုင်ငံခြားရေးဝန်ကြီ; Mike Pompeo

မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား နျူကလီးယား ဆွေးနွေးမှုတွေမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မပါဝင်တော့ဖို့ မြောက်ကိုရီးယားဖက်က တောင်းဆိုလိုက်ပါတယ်။

သူ့အစား ပိုသတိထားပြီး ရင့်ကြက်သူနဲ့မှ အဆက်အဆံလုပ်ဖို့ မြောက်ကိုရီးယားအစိုးရက လိုလားတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနအကြီးတန်းတာဝန်ရှိသူ Kwon Jong Gun ရဲ့ပြောကြားချက်ကို အစိုးရပိုင် KCNA သတင်းက ထုတ်ပြန်ပါတယ်။

ပဲ့ထိန်းတပ်လက်နက်အသစ်စမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ကြီးကြပ်ခဲ့တယ်ဆိုတဲ့သတင်းကို မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ပြီးနာရီပိုင်းအကြာမှာပဲ ခုလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ မဆက်ဆံနိုင်တော့ဘူးလို့ အကြီးတန်းတာဝန်ရှိသူရဲ့ ပြောကြားမှုထွက်ပေါ်လာခဲ့ပါတယ်။ စမ်းသပ်တဲ့ လက်နက်နဲ့ပတ်သက်လို့ အသေးစိတ်ရှင်းမပြပေမဲ့ “Tactical guided weapon” လို့သုံးနှုန်းတဲ့အတွက် အမေရိကန်ပြည်ထောင်စု အထိပစ်နိုင်တဲ့ တာဝေးပစ်ပဲ့ထိန်းဒုံးမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ မြောက်ကိုရီးယား နျူကလီးယား အရေးစတင်ဆွေးနွေးခဲ့ချိန်ကစလို့ မြောက်ကိုရီးယားဖက်က အကြီးကျယ်ရန်စရာရောက်တဲ့ တာဝေးပစ် Missile ဒုံးစမ်းသပ်မှု၊ နျူကလီးယား စမ်းသပ်မှုတွေကို မလုပ်တာ ၁ နှစ်ကျော်ပါပြီ။ ဒါပေမဲ့ အမေရိကန်သမ္မတ Donald Trump နဲ့ Kim Jong Un တို့ကြား ဖေဖော်ဝါရီ လက မအောင်မြင်ခဲ့တဲ့ ဒုတိယအကြိမ်ဆွေးနွေးမှုနောက်ပိုင်းမှာတော့ ၂ နိုင်ငံကြား နျူကလီးယား ဆိုင်ရာဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေပါတယ်။

အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားစေချင်နေတဲ့ Kim Jong Un ဟာရှေ့သီတင်းပတ်ထဲကျရင် ရုရှားနိုင်ငံကိုသွားရောက်ပြီး စီးပွားရေးဆိုင်ရာ သက်သာရာရစေမယ့်ကိစ္စတွေကို သမ္မတ Vladimir Putin နဲ့ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

Your browser doesn’t support HTML5

ကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ နျူကလီးယားဆွေးနွေးပွဲ မြောက်ကိုရီးယား လက်မခံ