သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကလိုက်လျောမှုမရှိရင် နျူလက်နက်ဖြုတ်သိမ်းရေး ဆွေးနွေးမှု ဆိုင်းငံ့ဖို့ မြောက်ကိုရီးယား စဉ်းစားနေ


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ပုံ (မတ်၊ ၁၂၊ ၂၀၁၉ )
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ပုံ (မတ်၊ ၁၂၊ ၂၀၁၉ )

အမေရိကန်ဖက်က လိုက်လျောမှုတွေ မရှိခဲ့ရင်၊ ဆွေးနွေးမှုတွေကို ဆိုင်းငံ့ထားဖို့ မြောက်ကိုရီးယားက စဉ်းစားနေပြီး၊ မစ်ဇိုင်းဒုံးနဲ့ နျူကလီးယား စမ်းသပ်မှုတွေ မလုပ်ဖို့ တားမြစ်ထားတာကိုလည်း ပြန်စဉ်းစားကောင်း စဉ်းစားမယ့်အကြောင်း မြောက်ကိုရီးယား အဆင့်မြင့် သံတမန်က ပြောလိုက်ပါတယ်။

အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ ပြီးခဲ့တဲ့လထဲ ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တော်က ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပျက်ခဲ့တဲ့အပေါ်မှာလည်း မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Choe Son Hui က အမေရိကန်ကို အပြစ်တင်ခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ အမျိုးသားလုံခြုံရေး အကြံပေး John Bolton တို့ဟာ ရန်လိုပြီး၊ မယုံကြည်တဲ့ အခြေအနေတွေကို ဖန်တီးခဲ့တာကြောင့် ခေါင်းဆောင် ၂ ဦးရဲ့ အပြုသဘော ဆွေးနွေးညှိနှိုင်းဖို့ ကြိုးပမ်းမှုတွေမှာ အဟန့်အတား ဖြစ်ခဲ့ရကြောင်းလည်း ပြုံယမ်းမြို့တော်မှာ သတင်းထောက်တွေကို ပြောခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

နျူးကလီးယားလက်နက် ဖျက်သိမ်းရေး အမေရိကန်နဲ့ ဆွေးနွေးမှုအပေါ် ရပ်တည်ချက်နဲ့ နောက်ထပ် ဆောင်ရွက်မယ့် အစီအစဉ်တွေကို မြောက်ကိုရီးယား ခေါင်းဆောင်က မကြာခင် တရားဝင် ကြေညာဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

အမေရိကန် အနေနဲ့ အခွင့်အလန်းကောင်းတခုကို လက်လွတ်ဆုံးရှုံးခဲ့ရပြီး မစ်ဇိုင်းဒုံးနဲ့ နျူကလီးယား စမ်းသပ်မှုတွေ ယာယီရပ်ဆိုင်း ထားတာကို မြောက်ကိုရီးယား ခေါင်းဆောင်က ပြန်လည် စဉ်းစားလိမ့်မယ်လို့လည်း သတိပေးပါတယ်။

အမေရိကန်ဖက်က လူမိုက်ဆန်ဆန် အပြုအမူတွေဟာ အန္တရာယ်ရှိတဲ့ အခြေအနေကို တွန်းပို့သလို ဖြစ်နိုင်ကြောင်းလည်း ပြောဆိုခဲ့ပေမဲ့၊ ၂ နိုင်ငံ ထိပ်တန်းခေါင်းဆောင်တွေကြား ဆက်ဆံရေးကတော့ ကောင်းနေဆဲ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား ဆွေးနွေးမှုတွေ အောင်မြင်မှုရဖို့ တွန်းအားပေးနေတဲ့ တောင်ကိုရီးယား နိုင်ငံကတော့ မြောက်ကိုရီးယား အဆင့်မြင့်သံတမန်ရဲ့ ပြောဆိုချက်တွေအပေါ် ကောက်ချက်ချဖို့ အချိန်စောသေးကြောင်း တောင်ကိုရီးယားသမ္မတ အိမ်တော်က ကြေညာချက်ထုတ်ပြန် ပြောဆိုထားပါတယ်။

XS
SM
MD
LG