မြောက်ကိုရီးယားလုပ် လက်နက်တွေ ဟာမတ်စ်အဖွဲ့ အသုံးပြုနေ

အစ္စရေးစစ်တပ်ကထုတ်ပြန်ထားတဲ့ ဂါဇာကမ်းမြောင်က Al-Shifa ဆေးရုံမှာ သိမ်းဆည်းရမိတဲ့ ဟာမတ်စ်အဖွဲ့ရဲ့ လက်နက်များ (နိုဝင်ဘာ ၂၂၊ ၂၀၂၃)

အစ္စရေးနဲ့စစ်ပွဲမှာ ဟာမတ်စ်အဖွဲ့က မြောက်ကိုရီးယားက လက်နက်တွေကို အသုံးပြုလာနေတာ တွေ့ရကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက မနေ့ ဇန်နဝါရီ ၈ ရက်နေ့မှာ ပြောပါတယ်။ ကိုရီးယားဘာသာစကားနဲ့ ရေးထားတဲ့ လက်နက်တွေကို တိုက်ပွဲတွေအတွင်း တွေ့နေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာဘဲ တောင်ကိုရီးယားဘက်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းစစ်ပွဲတွေမှာ အသုံးပြုတဲ့ လက်နက်တွေထဲ ကိုရီးယားဘာသာစကားနဲ့ ရေးထားတဲ့ လက်နက်ပုံတွေ ထွက်ပေါ်လာတာကို VOA ကိုရီးယားဌာန ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်အပြီး တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေးအဖွဲ့ (NIS) က အတည်ပြု ပြောဆိုခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံအခြေစိုက် Yonhap သတင်းမှာ ဖော်ပြပါတယ်။ မြောက်ကိုရီးယားလုပ် F-7 အမျိုးအစား ပခုံးထမ်းလောင်ချာ (RPG) တွေကို ဟာမတ်စ်အဖွဲ့က သုံးခဲ့တယ်လို့ VOA ကိုရီးယားဌာနက ဖော်ပြထားပါတယ်။

VOA ကိုရီးယားဌာနရဲ့ ဖော်ပြချက်ဟာ သူတို့ကိုယ်ပိုင် စီစစ်ချက်နဲ့ ကိုက်ညီတယ်လို့ Yonhap သတင်းဌာနကို တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က အတည်ပြုပြောဆိုခဲ့ပေမယ့် မြောက်ကိုရီးယားလက်နက်တွေ ဟာမတ်စ်အဖွဲ့ထံ ဘယ်လောက်အထိ၊ ဘယ်အချိန်က လွှဲပြောင်းပေးတယ်ဆိုတဲ့ အချက်အလက်ကိုတော့ ဆက်ကောက်ယူနေတယ်လို့ ပြောခဲ့ပါသေးတယ်။

ဒါ့ပေမဲ့ ဒီထောက်လှမ်းစုံစမ်းတဲ့ သံတမန်ရပ်ကွက်အပါအဝင် သတင်းရင်းမြစ်တွေ ပေါက်ကြားပြီး အခက်အခဲတွေ့နိုင်တာကြောင့် အခုလောလောဆယ်မှာ၊ ဒီအထောက်အထားတွေထုတ်ပြလို့ မရသေးဘူးလို့တော့ တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက ပြောပါတယ်။

Your browser doesn’t support HTML5

မြောက်ကိုရီးယားလုပ် လက်နက်တွေ ဟာမတ်စ်အဖွဲ့ အသုံးပြုနေ