လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်တွေ တွေ့မည်

နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ။ (မေ ၂၇၊ ၂၀၁၆)

အစိုးရသစ်လက်ထက်မှာ ကျင်းပဖို့ စီစဉ်နေတဲ့ ငြိမ်းချမ်းရေး ညီလာခံအတွက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး မထားတဲ့ လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ဟာ ဒီသီတင်းပတ်ထဲမှာပဲ အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ကို ပါဝင်လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၉ဖွဲရဲ့ ကိုယ်စားလှယ်အဖွဲ့ နဲ့ နာဂလက်နက်ကိုင် အဖွဲ့က ကိုယ်စားလှယ်တွေဟာ လာမယ့်သောကြာနေ့ကစပြီး ရန်ကုန်မြို့မှာ အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (ခေါ်) ၂၁ ရာစုပင်လုံနဲ့ ပတ်သက်လို့ အပြန်အလှန်ဆွေးနွေး ညှိနှိုင်းကြမှာဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီ NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ DPN ခေါ် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ခူးဦးရယ်က တွေ့ဆုံဆွေးနွေးမယ့်ရက်ကို အခုလို ပြောပါတယ်။

“အကြမ်းဖျင်းအားဖြင့်တော့ ကျနော်တို့ဇူလိုင်လ ၁ ရက်နေ့တွေ့ဖို့ သဘောတူထားပါတယ်။”

NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၉ဖွဲ့ဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အမည်နဲ့ တပ်ပေါင်းစု ဖွဲ့စည်းထားတာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးကိစ္စရပ်တွေ ဆွေးနွေးဖို့အတွက် DPN အဖွဲ့တာဝန်ပေးအပ်ထားတာဖြစ်ပါတယ်။

အဓိက ဆွေးနွေးဖြစ်မယ့်အချက်တွေကိုတော့ ခူးဦးရယ်က အခုလို ဆက်ပြောပါတယ်။

“အဓိကအားဖြင့်တော့ ကျနော်တို့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ရှေ့ဆက် ညှိနှိုင်းဆွေးနွေးကိစ္စတွေလုပ်ဖို့ကတော့ အဓိကပေါ့နော်။ အရင်တုန်းကလည်း ကျနော်တို့ဒီ ချင်းမိုင်မှာ အလွတ်သဘောတွေ့ဆုံမှုတွေလုပ်ခဲ့ကြတာလေ။ အလွတ်သဘောတွေ့ဆုံတဲ့အချိန်အခါတုန်းက ကျနော်တို့ဘက်ကလည်း ဖြစ်ချင်တဲ့အကြောင်းအရာလေးတွေကို အစိုးရဘက်ကလည်း ကျနော်တို့ကို တရားဝင် အသိပေးပြန်ကြားဖို့အတွက် ရှိပါတယ်။ အဲဒီဟာတွေလည်း ကျနော်တို့ နားထောင်ရင်းပေါ့နော်၊ နောက်ပြီးတော့ အစိုးရဘက်ကနေပြီးတော့ ကျနော်တို့ UNFC ခေါင်းဆောင်တွေကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံပေးဖို့အတွက်လည်း ဖိတ်ခေါ်ထားတာရှိပါတယ်။ ဆိုတော့ ဒီ တွေ့ဆုံနိုင်ရေးအတွက်လည်း ကျနော်တို့ ကြိုတင်ပြင်ဆင်တဲ့သဘောနဲ့ တွေ့ဆုံဖို့လည်းပါပါတယ်။”

ဒါ့အပြင် နောက်ပိုင်းတွေ့ဆုံဆွေးနွေးပွဲတွေမှာ ဘယ်လိုစီစဉ်ဆောင်ရွက်ကြမယ်ဆိုတာကိုလည်း အစိုးရကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဖို့ရှိကြောင်း ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကို အခြေပြုဖွဲ့စည်းထားတဲ့ UNFC တပ်ပေါင်းစုမှာ မပါဝင်တဲ့ NSCN-K ခေါ် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ အဖွဲ့နဲ့ကတော့ ဇူလိုင်လ ၂ရက်နေ့မှာတွေ့ဆုံဖို့ရှိကြောင်း နာဂအဖွဲ့ရဲ့ ငြိမ်းချမ်းရေးအဖွဲ့ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးကျော်ဝမ်းစိန်က ပြောပါတယ်။

“ဇူလိုင်လ ၂ ရက်နေ့ညနေပိုင်းလောက်တွေ့ဖြစ်မယ်လို့တော့ အကြမ်းဖျင်းအားဖြင့် အဲဒီလိုအစီအစဉ်ရှိတယ်ခင်ဗျ။ အဲဒီဆွေးနွေးပွဲမှာတော့ ၂၁ ရာစုပင်လုံညီလာခံကို ဖြစ်မြောက်ဖို့ ဖော်ဆောင်ရေးကော်မတီကနေပြီးတော့မှ အကျိုးအကြောင်းအရင်းကို သူတို့ကနေပြီးတော့မှ ဘယ်လိုဆောင်ရွက်သွားမယ်၊ ဘယ်လိုလုပ်နေပါတယ်ဆိုတဲ့ အကြောင်းအရင်းကို ကျနော်တို့ NSCN ငြိမ်းချမ်းရေးအဖွဲ့ တွေကို ချပြသွားမှာဖြစ်ပါတယ်။”

နာဂငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကိုတော့ ဦးအန်ကန့်က ဦးဆောင်မှာဖြစ်ပါတယ်။ NSCN-K အဖွဲ့ဟာ အိန္ဒိယနဲ့ မြန်မာပြည်က နာဂအမျိုးသားတွေအတွက် ဆောင်ရွက်နေတာဖြစ်တာကြောင့် မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ အဓိက ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ တိုင်းဒေသကြီးအဆင့်နဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူထားပေမဲ့ NCA ကိုတော့ ပါဝင်လက်မှတ်ရေးထိုးတာမရှိပါဘူး။

UNFC အဖွဲ့ဟာ ၂၁ရာစုပင်လုံမှာ ဆွေးနွေးမယ့် အမြင်သဘောထားတွေကို စုစည်းနိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်တဲ့ ထိပ်သီးညီလာခံ တခုကို ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပဖို့ ဆောင်ရွက်နေပါတယ်။ ဒီညီလာခံကိုတော့ ဇူလိုင်လအတွင်းမှာ ကျင်းပဖို့ စီစဉ်နေကြောင်း ခူးဦးရယ်က အခုလို ပြောပါတယ်။

“ကျနော်တို့အကြမ်းဖျင်းကတော့ ဇူလိုင်ထဲမှာပဲ ဖြစ်ဖို့များပါတယ်။ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အားလုံးကို ကျနော်တို့ ဖိတ်ကြားမှာပါ။”

ဒီလ ၂၈ရက်နေ့က နိုင်ငံတေ်ာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ NCA လက်မှတ်ရေးထိုးထားတဲံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က ကိုယ်စားလှယ်တွေ နေပြည်တော် မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြရာမှာ ၂၁ရာစုပင်လုံကို သြဂုတ်လနောက်ဆုံး ပတ်ထက် နောက်မကျဘဲ ကျင်းပဖို့ သဘောတူခဲ့ကြသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ရေးကိုလည်း အလေးထား ဆွေးနွေးခဲ့ကြပါတယ်။

Your browser doesn’t support HTML5

လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်တွေ တွေ့မည်