၂၀၁၈ ဓါတုဗေဒ နိုဘဲလ်ဆုချီးမြှင့်တာခံခဲ့ရတဲ့ သုတေသန လုပ်ဆောင်မှုတွေကနေ ကျန်းမာရေး အတွက် ထိရောက်တဲ့ ဆေးအသစ်တွေနဲ့ ဇီဝလောင်စာတွေ ထုတ်နိုင်တာအပြင် လူသားတွေ အတွက် ဘယ်လို အကျိုးဖြစ်စေတယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပါရစေ။
Your browser doesn’t support HTML5
ဒေါက်တာပဒေသာတင်။ ။“တော်တော်များများ သုံးနေတာကတော့ ဒီဦးနှောက်ဓါတ်မှန်ရိုက်တဲ့ ပုံဖေါ်တာတို့၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေပဲနဲ့ သုံးလို့ရတဲ့ အဝတ်လျှော်ဆပ်ပြာကအစ၊ ဇီဝလောင်စာ bio feul ကနေ ဆေးဝါးထုတ်လုပ်မှု အထိ အသုံးဝင်ပါတယ်။ ဆေးဝါးထဲမှာ autoimmune disease မျိုးရိုးဗီဇကနေ ဖြစ်တဲ့ လေးဘက်နာ၊ အဆစ်အမြစ်တွေ ယောင်တာနဲ့ဖြစ်တဲ့ ကိုက်ခဲတဲ့ ဝေဒနာတွေကို ကုတဲ့ဆေးတွေဆို ဒီမျိုးရိုးဗီဇ ပြောင်းလဲမှုကို အခြေခံပြီး သုတေသန လုပ်ပြီး ထုတ်ဖေါ်ထားတဲ့ ဆေးတွေ ဖြစ်ပါတယ်။”
ဒေါက်တာပဒေသာတင်ပါ။ မျိုးရိုးဗီဇပြောင်းလဲမှုကို အခြေခံတဲ့သုတေသနတွေကြောင့် ဆုရသူ ၃ ဦးထဲက ဒေါက်တာဖရန်စစ်အာနိုး (Frances Arnold) ရဲ့ သုတေသနဟာ သဘာဝနည်းနဲ့ ဓါတုဓါတ် တုန့်ပြန်မှုတွေ မြန်လာစေဖို့ အင်ဇိုင်းဓါတ် ဖြစ်ပေါ်မှုကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းကို ရှာတွေ့ခံတာဖြစ်ပြီး သူ့ရဲ့ မူလရည်ရွယ်ချက်က သဘာဝဝန်းကျင်ကို ထိန်းသိမ်းဖို့ပါတဲ့။
ဒေါက်တာပဒေသာတင်။ ။“ဒီအင်ဇိုင်းပရိုတိန်းရဲ့ သဘာဝက ဘာလဲဆိုလို့ရှိရင် ဓါတု ပေါင်းစပ်မှု ပြောင်းလဲမှုကို မြန်ဆန်စေတာ၊ ဓါတု ပြောင်းလဲမှု လုပ်ပေးတဲ့ ဓါတ်ကူ ပစ္စည်းတခုလို့ ခေါ်ပါတယ်။ ဒီဇီဝဓါတုရဲ့ ဓါတ်ပြုမှု အားလုံးနီးပါးဟာ အင်ဇိုင်းပရိုတိန်းတွေကြောင့် ဖြစ်ရတာ။ ဓါတ်ပေါင်းစပ်မှုက အမျိုးစုံ ဖြစ်နိုင်သော်ငြားလည်း အဓိက ဒီဓါတ်ကူ ပစ္စည်း ကက်တလစ် အနေနဲ့က အင်ဇိုင်း ပရိုတိန်း ကတော့ အဓိကပဲဖြစ်ပါတယ်။ ဒေါက်တာဖရန်းစစ်အာနိုးရဲ့ တကယ်တမ်း မူရင်း ရည်ရွယ်ချက်က သူဒီ အင်ဇိုင်း ထုတ်ဖို့ မဟုတ်ဖူး။ သူအဖြစ်ချင်ဆုံးကတော့ ဒီသဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ရယ်၊ ဒီသဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကို လျှော့ချဖို့အတွက် အဓိက ရည်ရွယ်တာပါ။”
ဒေါက်တာ Arnold တို့ရဲ့ သုတေသနဟာ ဇီဝလောင်စာအတွက် သိပ် အရေးပါပါတယ်။ ဘာ့ကြောင့်ပါလဲ။
ဒေါက်တာပဒေသာတင်။ ။“ဇီဝလောင်စာကို renewable energy လို့ခေါ်ပါတယ်။ ပြန်လည် ပြီးထုတ်လို့ ရတဲ့ စွမ်းအင်တမျိုးပေါ့။ ဒီ renewable energy ပြန်ပြည့်မြဲစွမ်းအင်ဟာ ရေနံကနေ ထုတ်တဲ့ ဓါတ်ဆီတို့လို မဟုတ်ပါဘူး။ ရိုးရိုးဓါတ်ဆီကို fossil fuel လို့ ခေါ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် သန်း ရာပေါင်းမြောက်များစွာ ကြာပြီးမှ မြေအောက်ကရတဲ့ တွင်းထွက်ပစ္စည်း ဖြစ်ပါတယ်။ သူတို့တွေက ဘာတွေလဲ ဆိုတော့ ရေနံတို့၊ ကျောက်မီးသွေးတို့၊ သဘာဝ ဓါတ်ငွေ့တို့ပေါ့နော်။
စွမ်းအင် သုတေသန လုပ်တဲ့ လူတွေရဲ့ ခန့်မှန်းချက် အရဆိုလို့ရှိရင်၊ ဒီနှုန်းအတိုင်းသာ ကားတွေ စက်ရုံတွေက သုံးနေရင် နောက်အနှစ်တရာလောက် ဆိုရင် fossil fuel လောင်စာတွေဟာ အကုန် ကုန်သွားမှာပါ။ ကုန်သွားတဲ့ အခါကျရင် bio fuel က သိပ်အရေးကြီးပါတယ်။ အဲဒီတော့ bio fuel ရဖို့အတွက် ဆို ဒီအင်ဇိုင်းသုတေသနကနေ အထောက်အပံ့ အများကြီး ပေးတော့မှာ ဖြစ်ပါတယ်။
ဒီဇီဝလောင်စာ ဆိုတဲ့အတိုင်း သူက ဘယ်က ရသလဲဆိုရင် bio fuel ကို သစ်ပင်တွေရဲ့ ဆဲလ် ကလပ်စည်းလွှာကနေ ပြီးတော့ ပရိုတိန်း အင်ဇိုင်းနဲ့ ခုနက ဒေါက်တာ ဖရန်စစ်အာနိုးတို့ ထုတ်လိုက်တဲ့ အကောင်းဆုံး ပရိုတိန်း အင်ဇိုင်းပေါ့၊ အဲဒါတွေနဲ့ ရောလိုက်တဲ့အခါ ဒီပရိုတိန်း အင်ဇိုင်းက ဓါတ်ကူပစ္စည်းဖြစ်တဲ့အတွက် သစ်ပင်တွေက ဆဲလ် ကလပ်စည်း အလွှာကနေ သကြားဓါတ် ထွက်လာတယ်။ ထွက်လာတဲ့ သကြားဓါတ်ကနေ ပြီးတော့မှ ကဇော်ဖေါက်လိုက်တဲ့ အခါ ကျတော့မှ ကျနော်တို့ ကားတွေမှာ ထည့်ပြီးမောင်းလို့ရတဲ့ အက်သနော ဓါတ်ဆီ လောင်စာတွေ ရတယ်။ အဲဒါကို Bio feul လို့ခေါ်တာပါ၊ ဓါတ်ဆီထဲမှာ ၁၀ % ကနေ ၁၅ % အထိ အက်သနော ဓါတ်ဆီ ပါတယ် ဆိုတာတွေ ရေးထားတာ အဲဒါပါ။
ဒေါက်တာအာနိုးရဲ့ နည်းပညာက အစွမ်းထက်တဲ့ အင်ဇိုင်းမျိုးကို ဒီအပင်တွေကနေ ဓါတ်ပြုတဲ့ နေရာမှာ အလွန်မြန်ပြီးတော့ စွမ်းရည် မြင့်တဲ့ ဓါတ်ပေါင်းစပ်မှု ဖြစ်လာ နိုင်အောင် ဓါတ်ကူပစ္စည်းမျိုး အင်ဇိုင်း ဖန်တီးနိုင်သူ ဖြစ်တဲ့အတွက် ကုန်ကျစားရိတ်တို့ ထွက်နှုန်းအတော် မြင့်အောင် လုပ်ယူနိုင်တဲ့ bio fuel တွေတို့ကို အခု အများကြီး ထုတ်ယူနိုင်ပြီ ဖြစ်ပါတယ်။”
ဒေါက်တာအာနိုး နဲ့အတူဆုရခဲ့သူတွေ ဖြစ်တဲ့ ဒေါက်တာ ဂျော့စမစ် (George Smith) နဲ့ ဒေါက်တာ ဂရေဂရီဝင်းတား (Gregory Winter) တို့ရဲ့ သုတေသနတွေက တယောက်နဲ့ တယောက်အပြန်အလှန် အကျိုးပြုနေတာပါ။
ဒေါက်တာပဒေသာတင်။ ။“ဒီ bio fuel ထုတ်တဲ့ အင်ဇိုင်းမှာ ခုန ဆေးသုတေသန လုပ်တဲ့ အင်ဇိုင်းနဲ့ DNA တည်ဆောက်ပုံ structure ချင်း မတူဘူး။ ဘယ်လို အမျိုးမျိုး လိုချင်လည်း ဆိုတဲ့ဟာကို ခုနက ဂျော့စမစ်နဲ့ ဒေါက်တာ ဝင်းတားတို့က အမျိုးအစားကို selection process ရွေးချယ်တဲ့ လုပ်ငန်းစဉ် အနေနဲ့ ဒီပြောင်းလဲမှုဖြစ်စဉ် သီအိုရီ evolution theory အိုင်ဒီယာကို ယူပြီးတော့မှ သူတို့က ထုတ်ယူတာ။ အဲဒါကို ရတဲ့ ဟာထဲကမှ ဒေါက်တာ အာနိုးက ဒီအင်ဇိုင်းကို ဒီအတိုင်းသာ ထားလို့ရှိရင် ပွါးတော့ပွါးမယ်။ ဒါပေမယ့် ထိရောက်မှု effect မဖြစ်ဖူး၊ ဘာကြောင့်လည်း ဆိုတော့ အဲဒီမှာ ချိနဲ့နေတဲ့ အင်ဇိုင်းရော အရမ်းကို သန်စွမ်းတဲ့ အင်ဇိုင်းပါ ပါနေတယ်။ အဲဒီတော့ ချိနဲ့တဲ့ အင်ဇိုင်းရော အရမ်းသန်နေတဲ့အင်ဇိုင်းကိုပါ မွေးထုတ်လိုက်ရော၊ မွေးထုတ်လိုက်တဲ့ အခါကျတော့ ကောင်းတဲ့ အင်ဇိုင်းတွေ အများကြီးထွက်လာရင် အဲဒီကောင်းတဲ့အင်ဇိုင်းတွေကို ရွေးထုတ်လိုက်၊ ထုတ်ပြီးရင် နောက် ဖန်ပေါင်းချောင် တခုထဲမှာ ပြန်ထည့်၊ အကောင်းတွေ ချည်းပဲ ဝင်လာတဲ့ အခါကျတော့ မျိုးကောင်း မျိုးသန့်တွေ ဒိထက်ပို အားရှိတာတွေ ပြန်ထွက်လာတယ်။ ဘာကြောင့်လည်း ဆိုတော့ သူက ဆင့်ကဲ ဆင့်ကဲနဲ့ လည်နေအောင် လုပ်တာ။ လုပ်ရင်း လုပ်ရင်းနဲ့ နောက်ဆုံးကျတော့ အကောင်းဆုံး မျိုးကောင်းမျိုးသန့် အင်ဇိုင်းကို ရတယ်။ အဲဒီ အင်ဇိုင်းနဲ့ ကျမှ ဆေးဖေါ်တာတို့ bio fuel တို့ ထုတ်တဲ့ အခါကျရင် အင်ဇိုင်းကို တဂါလံ ထည့်ရမယ့် အစား တပိုင့်လောက် နဲ့ရင် အလုပ်ဖြစ်သွားမယ်။ အရမ်းထိရောက်တာပဲ။ ဒါကြောင့် သူတို့ကို နိုဘဲလ်ဆု ပေးတာ။”
ပိုထိရောက်တဲ့ ကိုယ်ခံစွမ်းအား ထုတ်ပေးနိုင်အောင် လုပ်တဲ့ သုတေသနတွေကနေ အဆစ်မြစ်ယောင်ရောဂါ၊ အရေပြားရောဂါ၊ ခန္ဓာကိုယ်တွင်း ခုခံအားစံနစ် မမှန်တဲ့ရောဂါ၊ ကင်ဆာရောဂါ ပျံ့နှံမှု ထိန်းချုပ်မှုဆိုင်ရာနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေ ထုတ်လုပ်ရာမှာအသုံးဝင် ပါတယ်။
Charles Darwin ရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်မှာ သဘာဝအတိုင်းဆို နှစ်သန်းနဲ့ချီကြာပေမယ့် သူ့ရဲ့ သီအိုရီကို သုံးပြီး အခုလုပ်ဆောင်တဲ့ သုတေသနတွေက ထိရောက်မြန်ဆန်မှု ရှိပါတယ်။
ဒေါက်တာပဒေသာတင်။ ။“ ဒါဝင်ရဲ့သီအိုရီက evolution process ကိုပြောပြတာ။ evolution process ပြောင်းလဲမှု ဖြစ်စဉ်က သိပ်ကြာမယ်လေ။ ဒီလို ကြာမယ့်ဟာကို အရမ်းမြန်အောင် ဆင့်ကဲ ဆင့်ကဲ ပြန်ပြီးသူက feed လုပ်တာ။ သဘာဝနဲ့ အပ်စပ်တဲ့ဟာကို သူက natural selection လို့ခေါ်တယ်။ အခု သူတို့ဟာက ဒါက directed selection ခေါ်တယ်။ ကိုယ်လိုချင်တဲ့ ဒါရိုက်ရှင်ထဲကို ရောက်အောင် သူ့ကို ကြုံးသွင်းပြီး ယူတာ ပေါ့နော်။ တကယ်လို့ သဘာဝအတိုင်း ရွေးချယ်တဲ့ natural selection ဆိုတာက နှစ်သန်းပေါင်း မြောက်များစွာ ကြာမှ ဥပမာ စီးလကန့် - ရေသတ္တဝါကနေ သူ့မှာ လက်ကလေးတွေ ပေါ်လာတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၀- ၁၀၀ လောက်ကပေါ်တဲ့ အကောင် တွေကို အခု ပြန်တွေ့တယ်။ လွန်ခဲ့တဲ့ ၁၅ နှစ် အနှစ် ၂၀ လောက်က။ မာဒါဂတ်စကား ကျွန်းမှာ လက်ကြီးတွေ စထွက်လာတဲ့ ငါးပါ။ သူတို့ကနေပြီးတော့မှာ ကုန်းပေါ်ကို တွားသွားတဲ့ သတ္တဝါတွေ ဖြစ်လာတယ်။ နောက်ပြီး သူတို့ရဲ့ ဓါတုပါဝင် တည်ဆောက်ပုံပေါ့နော် မော်လီကျူးတွေ။ သူတို့မှာ အကောင်းဆုံး မော်လီကျူးက ဘယ်မှာ ရှိသလဲ ဆိုရင် အပင်တွေရယ်၊ လူတွေရယ်၊ တိရိစ္ဆာန်တွေရယ် ရဲ့ ကိုယ်ထဲမှာ အကောင်းဆုံးပဲ။ အဲဒီ structure ကို သဘာဝကပဲ လုပ်ပေးတယ်။ သဘာဝက လုပ်ပေးဖို့ ဒီ structure တည်ဆောက်ပုံ ရဖို့ ဆိုရင် နှစ်သန်းပေါင်း ထောင်နဲ့ချီ စောင့်ရမယ်။ အဲဒီလောက် မစောင့်နိုင်တော့ မျိုးကောင်းတွေ ဆေးကောင်းတွေ ထွက်ဖို့ ဒီနည်းနဲ့ အမြန် feed လုပ်တာ ပေါ့နော်။ ထွက်လာလိုက် ကောင်းတာ ယူလိုက်။ နဲ့ နောက်ဆုံးကျတော့ မျိုးကောင်း မျိုးသန့်တွေ ထွက်လာ နိုင်တာပါ။”
ဒေါက်တာပဒေသာတင်ရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။