၂၀၁၈ ဓါတုနိုဘဲလ်ဆုနဲ့ နာဆာသုတေသန

၂၀၁၈ ဓါတုဗေဒ နိုဘဲလ်ဆုရှင် ၃ဦး - Frances H. Arnold (အမေရိကန်)၊ George P. Smith (အမေရိကန်)၊ Gregory P. Winter (ဗြိတိန်)

၂၀၁၈ ခုနှစ်အတွက် ဓါတုဗေဒ နိုဘဲလ်ဆု ချီးမြှင့်တာခံခဲ့ရတဲ့ သုတေသနတွေက အာကာသစူးစမ်း လေ့လာရေး မှာ ဘယ်လောက် အရေးပါတယ် ဆိုတာကို ဒီတပတ်မှာ ပြောပြပေးမှာပါ။

Your browser doesn’t support HTML5

၂၀၁၈ ဓါတုနိုဘဲလ်ဆုနဲ့ နာဆာသုတေသန

ဒေါက်တာပဒေသာတင်။ ။“ကျနော်တို့ သတ္တဝါတွေ အားလုံးအတွက် ဇီဝ အသက်ရှင်မှုအတွက် မရှိမဖြစ် လိုအပ်တဲ့ ပရိုတိန်းဓါတ်ကို ပဲတို့ နွားနို့တို့၊ အသားတို့ကနေ ရယူရပါတယ်။ တိရိစ္ဆာန်တွေကကျတော့ အပင်က ပရိုတိန်းရဖို့အတွက်လုပ်ရတယ်။ အဲဒီလိုရဖို့အတွက် မြောက်များစွာ စားပြီးမှ အပင်က ပရိုတိန်းဓါတ်ကို ကဇော်ဓါတ် ထုတ်ပြီးမှ ပရိုတိန်းအဖြစ် ပြောင်းရပါတယ်။ ပရိုတိန်းဓါတ်ကို မြက်ကပဲ ဖြစ်ဖြစ်၊ နွားနို့၊ အသား၊ ပဲကပဲ ဖြစ်ဖြစ် ထုတ်ယူတဲ့ အခါမှသာလျင် လူတွေရဲ့ စွမ်းအင်က အဲဒီကနေ ရပြီး အသက်ရှင်နိုင်ပါတယ်။ ဒါ့ကြောင့် ဒါဟာ သိပ်အရေးကြီးပါတယ်။ လာမယ့် အနှစ် ၂၀ လောက် အတွင်းမှာ အမေရိကန်နိုင်ငံ နာဆာသုတေသန ဌာန ကနေပြီးတော့ အင်္ဂါဂြိုဟ်ပေါ်ကို လူတွေ သွားရောက်ဖို့ လုပ်ဆောင်နေပါတယ်။ အဲဒီတော့ စက်ရုပ်တွေ မဟုတ်ပဲနဲ့ ပရိုတိန်းဓါတ်ပေါ်မှာ မှီပြီးတော့မှ အသက်ရှင်ရတဲ့ လူတွေ ကိုယ်တိုင် သွားကြရမှာ ဖြစ်တဲ့အတွက် သွားရမယ့် ခရီးက ၉ လခွဲ၊ အပြန်က ၉လခွဲ၊ နောက် အင်္ဂါဂြိုဟ်ပေါ်မှာ တနှစ်ခွဲလောက် နေရမယ် ဆိုလို့ရှိရင် ၄ နှစ်လောက် အကြာသွားမယ့် ခရီးစဉ် ဖြစ်တဲ့အတွက် လိုက်ပါတဲ့ လူတွေ အတွက် လိုအပ်တာကတော့ နဲနဲစားမယ် အားတွေ အများဆုံး ရှိနေမယ့် အစားအစာ၊ နောက်ပြီးတော့ အလွန်အာနိသင် ထက်မြက်တဲ့ ဆေးဝါးတွေ ယူသွားဖို့ လိုအပ်ပါတယ်။”

နာဆာ အမေရိကန် အာကာသစူးစမ်းရေးသိပ္ပံက ဒေါက်တာပဒေသာတင်ပါ။ အာကာသထဲ လူသားတွေ သွားရောက်ဖို့နဲ့ ဆက်နွယ်နေတဲ့ အာကာသဆိုင်ရာ သိပ္ပံနဲ့ ဆေးပညာရပ်ဆိုင်ရာ သုတေသနတွေကို Texas ပြည်နယ်မှာ ရှိတဲ့ Lyndon B. Johnson Space Center (JSC) က အဓိကဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီနှစ် ဓါတုဗေဒ နိုဘဲလ်ဆုရ သုတေသနတွေဟာ နာဆာရဲ့ သုတေသနတွေအတွက် အတော်အထောက်အကူရစေတယ်လို့ ဆိုပါတယ်။

ဒေါက်တာပဒေသာတင်။ ။“အာကာသ ခရီးစဉ်မှာ လူကို အန္တရာယ်ပြုစေတဲ့ ကော့စမစ်ဓါတ် ရောင်ခြည်မျိုးကို လူ့ခန္ဓာကိုယ်ကနေ ဗိုက်တာမင် အေ၊ ဒီ တို့က စုပ်ယူလိုက်နိုင်ပါတယ်။ ရောင်ခြည်သင့်လို့ ဆဲလ်တွေ ပျက်သွားလို့ရှိရင် bio design ဇီဝဒီဇိုင်း နဲ့ genetic engineering တွေနဲ့ လုပ်ယူလို့ရတဲ့ ပရိုတိန်း အင်ဇိုင်းတွေကနေ ထုတ်ယူနိုင်တဲ့ မကောင်းတဲ့ ဆဲလ်တွေပွါးလာမယ့် အစား ဒီဆေးတွေက ဖျက်ပေးနိုင်မယ် ဆိုရင် အကောင်းဆုံး ဖြစ်ပါမယ်။ ဒီဆေးဝါးဗေဒမျိုးကို လေ့လာတဲ့ ဟာမျိုးကို space medicine လို့ခေါ်ပါတယ်။ အာကာသဆေးပညာ ပေါ့နော်။ နောက် ဆေးဖေါ်ထုတ်မှု လို့လည်း ခေါ်ပါတယ်။ space medicine generation ပေါ့နော်။ နောက်တခုက မိုင် သန်းပေါင်း မြောက်များစွာ ဝေးတဲ့ နေရာကနေပြီး အဝေးကနေ ဆေးကုသနည်းကိုလည်း ဒီ tele medicine ကိုလည်း နာဆာမှာ စမ်းသပ်နေပါတယ်။

ဥပမာအားဖြင့် ဆိုက်တိုခရုမ် P 450 လို့ခေါ်တဲ့ တဆေးဓါတ်ပေါ့နော်။ ပရိုတိန်းအင်ဇိုင်းရဲ့ အာနိသင် ထက်မြက်မှုကို ခန္ဓာကိုယ် သန်စွမ်းအားရှိဖို့၊ ပိုပြီးတော့ ထက်မြက်ဖို့ အတွက် အထောက်အကူဖြစ်တဲ့ အင်ဇိုင်းမျိုးသန့်ကို ထုတ်ယူဖို့ သိပ်အရေးကြီးပါတယ်။ ဒါနဲ့ ပတ်သက်တဲ့ ဆေးသုတေသနမျိုးကို နာဆာ ဂျွန်ဆင် Space Flight Center သုတေသနဌာနမှာ အထူးကြိုးစား နေကြပါတယ်။ ဒီလို ကြိုးစား နေမှုကို အရမ်းကို အထောက်အကူပြုမယ့် နည်းပညာနဲ့ ပတ်သက်ပြီးတော့ နိုဘဲလ်ဆု ပေးတယ်လို့ ပြောလို့ရပါတယ်။”

၂၀၁၈ ခုနှစ်အတွက် ဓါတုဗေဒ နိုဘဲလ်ဆုရခဲ့သူ ၃ ဦးထဲက ဆုတဝက်ကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား စက်မှုတက္ကသိုလ်က ဓါတုအင်ဂျင်နီယာဌာန ပါမောက္ခ Frances H Arnold က ရခဲ့ပါတယ်။ သူ့ရဲ့ သုတေသနက အာကာသစူးစမ်းရေး အတွက် ဘယ်လို အရေးပါပါသလဲ။

ဒေါက်တာပဒေသာတင်။ ။ “ဓါတုဗေဒ နိုဘဲလ်ဆုရခဲ့တဲ့ ဒေါက်တာ ဖရန်စစ်အာနိုးကို သူ့ရဲ့ ပရိုတိန်း အင်ဇိုင်း - တဆေးဓါတ်ကို မျိုးရိုးဗီဇ အင်ဂျင်နီယာနည်းပညာ၊ genetic engineering နဲ့ ထုတ်ယူတဲ့နည်းဟာ အာကာသခရီးဝေးကို လိုက်ပါမယ့် လူသားတွေအတွက် အထောက်အကူပြုမှာ ဖြစ်ပါတယ်။ သူ့ရဲ့ directed evolution ပေါ့။ Charles Darwin ရဲ့ ဗီဇမျိုးရိုး တိုးတက်ပြောင်းလဲမှု သီအိုရီ ကို အခြေခံထားတဲ့နည်းပညာကို သူ့ရဲ့ directed evolution လို့ခေါ်ပါတယ်။

ဗီဇမျိုးရိုးက တိုးတက်ပြောင်းလဲတာရယ်၊ ဂေဟစံနစ် eco system ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် သတ္တဝါတွေရဲ့ နေမှုထိုင်မှု တွေကအစ သဘာဝ အလျောက် အလိုလို ပြောင်းလဲလာတဲ့ ဟာကို ဗီဇမျိုးရိုး တိုးတက်ပြောင်းလဲမှု evolution လို့ခေါ်ပါတယ်။ အဲဒီ genetic evolution နဲ့ပတ်သက်ပြီး ဒီအိုင်ဒီယာကို အသုံးပြုပြီးတော့မှ လူကိုယ်တိုင် ဝင်ပြီးတော့ ဗီဇမျိုးရိုး တိုးတက် ပြောင်းလဲအောင် လုပ်တဲ့နည်းပညာကို ခေါ်ပါတယ်။”

သဘာဝနည်းနဲ့ ဓါတုဓါတ် တုန့်ပြန်မှုတွေ မြန်ဆန်လာအောင် အင်ဇိုင်းဓါတ်ဖြစ်ပေါ်မှုကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းကို ရှာတွေ့ခဲ့တဲ့ ပါမောက္ခ Arnold နဲ့ အတူ ဓါတူဗေဒ နိုဘဲလ်ဆုကို ပူးတွဲရခဲ့သူက ၂ ဦးပါ။ အမေရိကန်နိုင်ငံ Missouri တက္ကသိုလ် ဇီဝသိပ္ပံဌာနက ဂုဏ်ထူးဆောင်ပါမောက္ခ George P Smith ကိုတော့ ပရိုတိန်းအသစ်တွေ ထုတ်နိုင်အောင် ဘက်တီးရီးယားတွေကို ပြောင်းလဲပေးမယ့် ဗိုင်းရပ်စ်အမျိုးအစား ထုတ်လုပ်နိုင်တဲ့ အတွက်ပေးအပ်တာ ဖြစ်ပြီး ဗြိတိန်နိုင်ငံ Cambridge တက္ကသိုလ်က သုတေသနပညာရှင် ပါမောက္ခ Gregory Winter ကိုတော့ ဆေးဝါးပစ္စည်းထုတ်လုပ် ရာမှာ သုံးနိုင်မယ့် ခန္ဓာကိုယ်တွင်း ပဋိပစ္စည်းတွေ ဖြစ်ပေါ်စေနိုင်တဲ့ နည်းလမ်းကို ရှာတွေ့ခဲ့တဲ့အတွက် ဆုပေးအပ်ခဲ့တာပါ။ သူတို့ ၃ ဦးရဲ့ သုတေသန တွေ့ရှိချက်တွေဟာ တခုနဲ့ တခု အပြန်အလှန် အကျိုးပြု နေကြတယ် လို့လည်း ပြောပါတယ်။

ဒေါက်တာပဒေသာတင်။ ။“ဒီနှစ်အတွက် ဓါတုဗေဒ နိုဘဲလ်ဆုရတဲ့ ၃ ဦးထဲက ဒေါက်တာ ဂျော့စမစ် နဲ့ ဒေါက်တာ ဂရေဂရီဝင်းတားတို့က ဒေါက်တာ ဖရန်စစ်အာနိုး လုပ်တဲ့ သုတေသနနဲ့ တဦးပေါ်တဦး အပြန်အလှန် ကျေးဇူးပြုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒေါက်တာစမစ်နဲ့ ဒေါက်တာဝင်းတား တို့က ဗိုင်းရပ်စ်ပိုးတွေကို အခြေခံပြီးတော့ မိမိလိုချင်တဲ့ ပရိုတိန်းအမျိုးအစား ဒါမှမဟုတ် ပရိုတိန်းအင်ဇိုင်း ကဆေးဓါတ် ပရိုတိန်းအင်ဇိုင်းအမျိုးအစားကို ဗီဇမျိုးရိုး DNA genes တွေကို ဒီဗိုင်းရပ်စ်ထဲ ထည့်ပြီးတော့ ကိုယ်လိုချင်တဲ့ အင်ဇိုင်းပရိုတိန်းကို ထုတ်ယူနိုင်တဲ့ဟာကို သူတို့က သုတေသနလုပ်ခဲ့လို့ ရတာပါ။

ဒေါက်တာဖရန်စစ်အာနိုးကျတော့ သူ့ရဲ့ သုတေသနက ခုန ထုတ်လို့ရတဲ့ အင်ဇိုင်းတွေကို ထပ်ပြီးပွါးဖို့အတွက် သူကဘာလုပ်လဲ ဆိုတော့ ဗိုင်းရပ်စ်အစား ဘက်တီးရီးယားထဲကို ထည့်လိုက်တယ်။ ဘက်တီးရီးယားထဲမှာ ကိုယ်လိုချင်တဲ့ အမျိုးအစား ပရိုတိန်း အင်ဇိုင်း တွေကို သူက ပွါးလိုက်တာပေါ့နော်။ အဲဒီလို ပွါးလိုက်တဲ့ အခါကျတော့ သူက တဖြေးဖြေး ဘက်တီးရီးယားထဲမှာ အင်ဇိုင်းတွေအများကြီး ထွက်လာတယ်။ အဲဒီလို ထွက်လာတဲ့အထဲမှာ ပိုပြီးတော့ သန့်တဲ့၊ ပိုပြီးကောင်းတဲ့ အင်ဇိုင်းကို စမ်းသပ်ဖန်ပြွန် test tube ထဲမှာ ခွဲပြီးတော့ ရွေးယူလိုက်တယ်။ အဲဒီလို ရွေးယူလိုက်ပြီးမှ တခါ ပြန်ပြီးတော့ နောက်အသစ် အင်ဇိုင်းထပ်မွေးတယ်။ ထပ်မွေးတဲ့ အခါကျတော့ ခုနက ထည့်ပေးလိုက်တဲ့ အမျိုးအစားက ကောင်းတဲ့အတွက် ထပ်ပွါးလာတဲ့ ဟာတွေကလည်း အမျိုးစား ကောင်းတဲ့ဟာတွေ အများကြီးရတယ်။ အဲဒီတော့ သူက ဆင့်ကဲဆင့်ကဲ သံသရာလည်နေ သလို ပေါ့နော်။ ထည့်လိုက် ပိုကောင်းတဲ့ အမျိုးတွေ အများကြီး ထွက်လာလိုက်နဲ့ သူက အကောင်းဆုံး အသန့်ဆုံးနဲ့ အသန်ဆုံး မျိုးရိုးဗီဇ ထုတ်လို့ရတဲ့ အင်ဇိုင်းကိုယူလိုက်တာပေါ့နော်။

ဒါနဲ့ ပတ်သက်တဲ့ သုတေသနဟာအခုမှ ရလို့ အခုဆုပေးတာ မဟုတ်ပါဘူး။ ၁၉၈၀ လောက် ကတည်းက စပြီးတော့ သူတို့ ကြိုးစားခဲ့ကြတာပါ။ အဓိကက ဘာလဲဆိုရင် genetic mutation ဆိုတဲ့ နည်းပညာနဲ့ စပါး၊ အသီးအနှံတွေ အထွက်တိုး အောင်၊ နို့အထွက်တိုးအောင် နို့ထွက်များတဲ့ နွားရအောင် ဖန်တီးတဲ့ဟာ။ ဒီသီအိုရီကို အခြေခံ ထားတဲ့ နည်းပညာ၊ ဒီ directed evolution ကို test tube ဖန်ပြွန်ထဲမှာ ဗီဇ မျိုးရိုးကို ပြောင်းပြီး ကောင်း အောင် လုပ်ယူတဲ့နည်းပညာနဲ့ ပတ်သက်လို့ ဒီနှစ်အတွက် ဓါတုဗေဒနိုဘဲလ် ဆုကို ပေးတာပါ.”

ဒီနည်းပညာနဲ့ သုတေသန လုပ်ဆောင်မှုတွေကနေ လူတွေ အတွက် ဘယ်လို အကျိုးဖြစ်စေတယ် ဆိုတာကို နောက်တပတ်မှာ ဆက်ပြီး ပြောပြပေးဖို့ ရှိတယ်ဆိုတာ တင်ပြရင်း ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။