မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိက္ခတွေနဲ့ အခုနှစ်အစောပိုင်းမှာ မဏိပူရပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေကနေ မီဇိုးရမ်းပြည်နယ်ထဲကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း အိန္ဒိယဗဟိုအစိုးရထံ ရူပီး ၁၀ သန်း ကူညီပေးဖို့ ပြည်နယ်ဝန်ကြီးချုပ် Zoramthanga က စာရေးပြီး အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် အခုချိန်ထိ တပြားမှ မပေးခဲ့ဘူးလို့ အိန္ဒိယအခြေစိုက် The Telegraph သတင်းမှာ ဖော်ပြပါတယ်။
အိမ်နီးချင်း မြန်မာနိုင်ငံ၊ ချင်းပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကနေ ဘေးကင်း မီဇိုးရမ်းပြည်နယ်အတွင်း ထွက်ပြေး ခိုလှုံလာသူ ထောင်နဲ့ချီရှိနေတာမှာ မီဇိုးရမ်း အစိုးရကဘဲ တာဝန်ယူ ကူညီပေးနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့တာကြောင့် မီဇိုးရမ်းပြည်နယ်အတွင်းမှာ ဝင်ရောက်ခိုလှုံနေကြတာ အခုဆိုရင် နှစ်နဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပါတယ်။
အလားတူဘဲ မဏိပူရပြည်နယ်အတွင်း Meitei လို့ခေါ်တဲ့ ကသည်းလူမျိုးတွေနဲ့ ကူကီး မျိုးနွယ်စုတွေအကြား အခုနှစ်အစောပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေးပဋိက္ခကြောင့် မီဇိုးရမ်းပြည်နယ်ကို ထွက်ပြေး ခိုလှုံလာသူ ၁၂,၀၀၀ လောက် ရှိနေပြီး အဲဒီလူတွေကိုလည်း မီဇိုးရမ်း ပြည်နယ်အစိုးရကဘဲ တာဝန်ယူ ကြည့်ရှုထားရတာလို့ ဆိုပါတယ်။
မြန်မာနဲ့ မဏိပူရပြည်နယ်တို့က ထွက်ပြေး ခိုလှုံလာသူတွေအပြင် မီဇိုးရမ်းပြည်နယ်အစိုးရဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက Bawm ဒုက္ခသည်တွေကိုလည်း ကြည့်ရှု စောင့်ရှောက်ထားရတယ်လို့ ဆိုပါတယ်။
မီဇိုးရမ်းအစိုးရအနေနဲ့ ပြည်နယ်အတွင်းက နေရာအနှံ့မှာ ဒီလူတွေကို ကြည့်ရှု စောင့်ရှောက်လာတာ အခုဆိုရင် လအတန်ကြာသွားပြီ ဖြစ်ပေမေယ့် အိန္ဒိယဗဟိုအစိုးရက ငွေကြေးအားဖြင့်သော်လည်းကောင်း၊ တခြား ရုပ်ဝတ္ထုပစ္စည်းအားဖြင့်သော်လည်းကောင်း ကူညီပေးတာ လုံးဝ မရှိသေးဘူးလို့ ဆိုပါတယ်။
Your browser doesn’t support HTML5