(Zawgyi / Unicode)
၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် အပေးအယူလုပ်မှာ မဟုတ်ကြောင်း မနေ့ကကျင်းပတဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။ ဒီလို ဆုံးဖြတ်တာနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထား အမြင်တွေ ရှိကြတယ် ဆိုတာကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က မေးမြန်း တင်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကြာသပတေးနေ့က ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကနေ ၂၀၂၀ ရွေးကောက်ပွဲမှာ သူတို့ရဲ့ ရပ်တည်ချက်ကို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
တိုင်းရင်းသားပါတီတွေနဲ့ ပတ်သက်တဲ့ ဒီဆုံးဖြတ်ချက်ကို ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အခုလို ပြောပါတယ်။
“ပါတီရဲ့ မူအရတော့ ကျနော်တို့ တိုင်းရင်းသားပါတီတွေနဲ့ ကျနော်တို့ အဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ လွတ်လပ်ပွင့်လင်းစွာ ဝင်ရောက်ယှဉ်ပြိုင်ကြပါမယ်။ ပြည်သူလူထုက အဆုံးအဖြတ်ပေးလို့ လွှတ်တော်ထဲ ရောက်လာတဲ့ အခါမှာတော့ ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုကို အတူလက်တွဲပြီးတော့ ဆောင်ရွက်ကြပါမယ်။ ကျနော်တို့ ဒီလိုပဲ ထားပါတယ်။ အမတ်နေရာနဲ့ ပတ်သက်လို့ အပေးအယူလုပ် ညှိနှိုင်းတာတော့ လုပ်မှာမဟုတ်ဘူး။ လာမယ့် အနာဂတ်မှာ ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုပုံစံမျိုးနဲ့ တည်ဆောက်ချင်တယ် ဆိုတဲ့အပိုင်းမှာ ကျနော်တို့ သဘောထားအမြင်တွေကို ဖလှယ်ကြမှာ ဖြစ်ပါတယ်။”
တိုင်းရင်းသားပါတီ အတော်များများကတော့ စစ်အစိုးရလက်အောက်မှာ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ပေမယ့် အာဏာရလာတဲ့နောက်မှာ NLD ပါတီဟာ တိုင်းရင်းသားပါတီတွေနဲ့ ကင်းကွာခဲ့ကြောင်း ရှုမြင်ကြပါတယ်။
လက်ရှိ NLD ပါတီရဲ့ ဆုံးဖြတ်ချက်အပေါ်မှာတော့ မွန်ညီညွတ်ရေးပါတီရဲ့ တွဲဘက်အတွင်းရေးမှူး တဦးဖြစ်တဲ့ နိုင်စိုးမြင့်က အခုလို ပြောပါတယ်။
“NLD ဟာ ၉၀ ပြည့်နှစ်နောက်ပိုင်း ကျနော်တို့ တိုင်းရင်းသားတွေ ဝိုင်းရံပေးတာတို့၊ ဒေါ်အောင်ဆန်းစုကြည်အတွက် အမျိုးမျိုး လုပ်ခဲ့ကြတာပေါ့ဗျာ။ လက်ရှိ သူအာဏာရပြီးနောက်ပိုင်း နောက်ထပ်တွေ့ဆုံမှု ရင်းနှီးတဲ့ လက္ခဏာပေါ့ဗျာ တခုမှ မပြခဲ့ဘူးလေ။ အဲဒါကြောင့် ကျနော်တို့က NLD ဟာ ပြောင်းသွားပြီ ဆိုပြီးတော့ ကျနော်တို့ဘက်က ကောက်ချက်ချရတာပေါ့ဗျာ။ ၁၉၉၀ ရလဒ်တည်းကနေ လက်တွဲခဲ့ကြတယ်။ UNLD နဲ့ပေါ့ဗျာ။ UNLD နဲ့ တစိုက်မတ်မတ် CRPP ပုံစံမျိုး ဝန်းရံခဲ့တယ်။ ဒါလည်း ရှိခဲ့တယ် သမိုင်းစဉ်မှာ။ အမျိုးသား ရင်ကြားစေ့ရေး ခေါင်းစဉ်တခုတည်းနဲ့ ကျနော်တို့ တိုင်းရင်းသားအားလုံးကို ပစ်ပယ်တယ်ဆိုရင် ဒါတော့ သူ့ရဲ့အမြင်ပဲ ဖြစ်မှာပေါ့ဗျာ။ ကျနော်တို့တော့ အပြန်အလှန် အသိအမှတ်ပြုမှုတော့ ရှိသင့်တယ်လို့ ယူဆတယ်ပေါ့ဗျာ။”
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ “တကယ်တမ်း ကျနော်တို့က ဖက်ဒရယ်လို့ ပြောနေလို့ရှိရင် ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့ လိုတယ်။ တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲအလုပ်လုပ်ဖို့ရာပဲ ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောဖူးတာပဲ၊ ဒီ အခွန်အကောက်ခွဲဝေရေး၊ သယံဇာတ ခွဲဝေရေး အစရှိသဖြင့်ပေါ့ဗျာ။ ဒီ အုပ်ချုပ်ရေးအာဏာ ခွဲဝေရေးနဲ့ ပတ်သက်ပြီး ဒီ ဖက်ဒရယ်အခွင့်အရေးတွေ ပေးဖို့အတွက် သူတို့အနေနဲ့ သဘောထားရှိတယ် ဆိုလို့ရှိရင် တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထား စဉ်းစားပြီးတော့ တိုင်းရင်းသားပါတီတွေနဲ့ အာဏာခွဲဝေယူဖို့ ဒါကို အလေးအနက်ထားဖို့ လိုတယ်။ မဟုတ်ဘဲနဲ့ ဗဟိုချုပ်ကိုင်မှုစနစ်အတိုင်း အပေါ်ကချည်းပဲ သွားမယ်ဆိုရင် တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေး ကောင်းမှာမဟုတ်ဘူး။ ဒီ ၂၀၂၀ ရွေးကောက်ပွဲ အလားအလာကလည်းပဲ တိုင်းရင်းသားပါတီတွေနဲ့ NLD နဲ့ အပြိုင်ဖြစ်လာလိမ့်မယ်။” လို့ ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလမှာတော့ ကချင်၊ မွန်၊ ချင်း၊ ကရင် စတဲ့ ပါတီတွေကလည်း ရွေးကောက်ပွဲမှာ မဲမကွဲအောင် ရည်ရွယ်ပြီး ပြည်နယ်အလိုက် လူမျိုးတူပါတီတွေကို စုဖွဲ့ ပေါင်းစည်းတာတွေ ရှိခဲ့ပါတယ်။
-------------------------------------
(Unicode)
Your browser doesn’t support HTML5