သမ္မတဦးထင်ကျော် ခန့်ထားတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥက္ကဋ္ဌ (သို့မဟုတ်) ရန်ကုန်မြို့တော်ဝန်က အစိုးရဟောင်းလက်ထက်က ကော်မတီဝင်တွေကို တာဝန်ရပ်ဆိုင်းလိုက်ကြောင်း လွန်ခဲ့တဲ့ မေလ (၁၇) ရက်နေ့က ကြေညာပါတယ်။ ဒီကိစ္စက အတော်လေး အငြင်းပွားစရာ ဖြစ်သွားပါတယ်။ ရန်ကုန်မြို့တော် စည်ပင်ကော်မတီမှာ အဖွဲ့ဝင် (၉) ဦး ပါဝင်ပြီး၊ ရွေးကောက်တင်မြှောက်ခံရသူ (၄) ဦးနဲ့ အစိုးရခန့် (၅) ဦး ဖြစ်ပါတယ်။ ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ မြို့တော်ဝန်ကို သမ္မတက တိုက်ရိုက်ခန့်အပ်ပေမယ့် သမ္မတကို တာဝန်ခံစရာမလိုဘဲ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ်ကိုသာ တာဝန်ခံရပါတယ်။
Your browser doesn’t support HTML5
လက်ရှိ ဒုသမ္မတ ဦးမြင့်ဆွေ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဘဝမှာ တာဝန်ပေးခဲ့တဲ့ ကော်မတီဝင်တွေကို ဝန်ကြီးချုပ်သစ် ဦးဖြိုးမင်းသိန်းက တာဝန်ကရပ်ဆဲပြီး ရွေးကောက်ပွဲအသစ် ကျင်းပမှာ ဖြစ်ပါတယ်။ စည်ပင်နယ်ပယ်အဆင့်ဆင့်အတွက် ကိုယ်စားလှယ် (၁၁၅) ဦး ရွေးကောက်တင်မြှောက်ပါတယ်။ ဒါပေမဲ့ မြို့နယ်နဲ့ခရိုင်အဆင့်က ကော်မတီဝင်တွေမှာ လုပ်ပိုင်ခွင့်မရှိဘဲ မြို့တော်ဝန် ခိုင်းတာကိုသာ လုပ်ရကြောင်း သိရပါတယ်။ ရန်ကုန်နဲ့မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတွေ ဖွဲ့စည်းပုံ နဲ့ အခြားတိုင်းနဲ့ပြည်နယ်က စည်ပင်သာယာရေးအဖွဲ့တွေ ဖွဲ့စည်းပုံကလည်း ကွဲပြားခြားနားပြန်ပါတယ်။
ရန်ကုန်စည်ပင်သာယာရေးကော်မတီမှာ လုပ်ငန်းအမျိုးအစား (၁၆) မျိုးရှိပြီး၊ လုပ်ငန်းဌာန (၂၁) ခု ရှိပါတယ်။ ဝန်ထမ်းဦးရေ တစ်သောင်းကျော်ရှိတဲ့ အစိုးရဌာနကြီးတခု ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရန်ကုန်နဲ့မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကို တိုင်းဒေသအစိုးရ လက်အောက်ခံ ဝန်ကြီးဌာနတွေအဖြစ် ပြောင်းလဲသတ်မှတ်လိုက်တာမို့ သီးခြားလွတ်လပ်မှုရှိတဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ မဟုတ်တော့ပါ။ စည်ပင်ကော်မတီဝင် တစ်ရာကျော်ကို မြို့သူမြို့သားတွေက ရွေးကောက်တင်မြှောက်ပေမယ့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို ခွင့်ပြုချက်တောင်းရတဲ့ အဆင့်မှာပဲ ရှိခဲ့ပါတယ်။ ရန်ကုန်မြို့တော်ဝန်မှာ တိုက်ရိုက်စီမံခန့်ခွဲပြီး ဆောင်ရွက်နိုင်စွမ်း မရှိဘူးလို့ ဆိုပါတယ်။ ရန်ကုန်မြို့သူမြို့သားတွေနဲ့ ထိတွေ့မှုအများဆုံးဌာနဖြစ်လို့ အဂတိလိုက်စားရာမှာလည်း ရှေ့တန်းက ပါဝင်ပါတယ်။
ရန်ကုန်နယ်နမိတ်ထဲက မြေကို စီမံခန့်ခွဲခွင့်၊ အဆောက်အဦးဆောက်ခွင့်၊ ဖျက်သိမ်းခွင့်စတဲ့ လုပ်ပိုင်ခွင့်တွေ စည်ပင်သာယာရေးကော်မတီမှာ ရှိပေမယ့် ဦးမြင့်ဆွေ လက်ထက်မှာ ဝန်ကြီးချုပ်က ခွင့်ပြုမှ လုပ်နိုင်ပါတယ်။ ဝန်ကြီးချုပ်က ခွင့်ပြုထားတဲ့ ကိစ္စဟာ စည်ပင်သာယာရေး ဥပဒေနဲ့ ငြိစွန်းနေရင်လည်း ပြောပိုင်ခွင့် မရှိပါဘူး။ စည်ပင်ကော်မတီ ခွင့်ပြုချက်မရဘဲ မဆောက်သင့်တဲ့နေရာမှာ အဆောက်အဦး ဆောက်တာကို ဝန်ကြီးချုပ်ရုံးက ခွင့်ပြုတဲ့အတွက် ကော်မတီအနေနဲ့ ဘာမှ မတတ်နိုင်ဘူးလို့ ဆိုပါတယ်။ အထပ်မြင့် အဆောက်အဦးလုပ်ငန်းကို ရပ်ဆိုင်းထားဖို့ မေလ (၁၄) ရက်နေ့မှာ ရန်ကုန်စည်ပင်က ကြေညာပါတယ်။ အသေအချာ စစ်ဆေးပြီး စည်းကမ်းအတိုင်း လုပ်သူကိုသာ ဆက်လုပ်ခွင့် ပြုမယ်လို့ ဆိုပါတယ်။ စည်းမဲ့ကမ်းမဲ့ ဖြစ်နေတဲ့ အထပ်မြင့် အဆောက်အဦးကိစ္စကို အဂတိကင်းစွာ ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဟာ ဥပဒေစည်းကမ်းကို ကျော်လွန်ပြီး ငွေထုတ်ယူတဲ့နေရာမှာ နံပတ် (၁) ဖြစ်ပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံတော်ကို စည်ပင်ကော်မတီက ပေးသွင်းရမယ့် ငွေပမာဏဟာ ကျပ်သန်း (၆၀၀၀) ကျော်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရတော့ သန်း (၄၀၀) ကျော် ပေးသွင်းရမှာမို့ ဒုတိယ လိုက်တယ်လို့ ရန်ကိုင်တိုင်း စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိပါတယ်။ ပေးစရာ ရှိတာထက်ပိုပြီး ငွေထုတ်မှု၊ စံနှုန်းဈေးနှုန်း ကွဲလွဲမှု၊ တွက်ချက်မှု မှားယွင်းမှု၊ ခန့်မှန်းခြေထက် ပိုမိုထုတ်ယူမှု၊ ပြေစာမရှိဘဲ ငွေထုတ်ယူမှု၊ လုပ်ငန်းနဲ့ မဆိုင်ဘဲ ငွေထုတ်ယူမှု၊ လုပ်ပိုင်ခွင့်မရှိဘဲ ဆောင်ရွက်မှု စတဲ့ စည်းကမ်းမဲ့ အပြုအမှုတွေကြောင့် စည်ပင်ကော်မတီ က နိုင်ငံတော်ကို ပေးသွင်းရမယ့် ငွေတွေ များနေပါတယ်။ ကုန်းကျော်တံတားလုပ်ငန်းမှာ လိုတာထက်ပိုပြီး ထုတ်ယူတာတွေ များနေပါတယ်။
ရန်ကုန်စည်ပင်ရဲ့ ၂၀၁၃-၁၄ အသုံးစရိတ်ဟာ ကျပ်သန်းပေါင်း (၁၄၃၀၀၀) ကျော် ဖြစ်ပေမယ့် စာရင်းစစ်ချုပ်ရုံးက ရာခိုင်နှုန်းပြည့် စစ်နိုင်တာ မဟုတ်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က ဆိုပါတယ်။ လွှဲမှားချွတ်ချော်နိုင်တဲ့ လုပ်ငန်းကိုသာ ရွေးပြီး စစ်ဆေးတာ ဖြစ်ပါတယ်။ စည်ပင်ဌာနအများစုဟာ ဝင်ငွေနည်းပြီး အသုံးစရိတ်က ပိုများပါတယ်။ နိုင်ငံတော်ကို ပေးသွင်းရမယ့် ငွေရဲ့ (၇) ရာခိုင်နှုန်းကိုသာ ရန်ကုန်စည်ပင်က ပေးနိုင်ပြီး မပေးနိုင်တာက (၉၃) ရာခိုင်နှုန်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5
ဝန်ကြီးချုပ်သစ် ဦးဖြိုးမင်းသိန်းကတော့ ရန်ုကုန်စည်ပင် ပြုပြင်ပြောင်းလဲလာတာကိုပဲ မြင်ချင်ပါတယ်။ ခိုင်မာတဲ့ စည်ပင်ဥပဒေတွေ ရှိတာမို့ စည်ပင်သာယာက ခွင့်မပြုတဲ့ အဆောက်အဦးကို ဆောက်လုပ်မရဘူးလို့ ဆိုပါတယ်။ ဝန်ကြီးချုပ် ဦးမြင့်ဆွေလက်ထက်က ပရမ်းပတာ လုပ်ခဲ့တာတွေကို ပြန်ထိန်းထားပြီး အခြေအနေအလိုက် ပြုပြင်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ပြန်လည်ပြုပြင်ရမယ်လို့ ဧရာဝတီစာစောင်နဲ့ ဧပြီလ (၂၃) ရက်နေ့ တွေ့ဆုံမေးမြန်းခန်းမှာ ဦးဖြိုးမင်းသိန်းက ပြောသွားပါတယ်။ မကြာမီ ရွေးကောက်ပွဲ ကျင်းပပြီး ဖွဲ့စည်းမယ့် စည်ပင်သာယာရေးကော်မတီကတော့ မှန်ကန်ပွင့်လင်းစွာ မြို့တော်အကျိုးကို သယ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။