ပြည်သူလူထုနဲ့ အနီးစပ်ဆုံး အစိုးရအဖွဲ့အစည်းဟာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တွေ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတွေကြောင့် အာဏာရအစိုးရ နာမည်ပျက်နိုင်သလို၊ နာမည်ကောင်းလည်း ရနိုင်ပါတယ်။ ပြည်နယ်နဲ့တိုင်း ဒေသကြီး (၁၄) ခုမှာ ဝန်ကြီးချုပ် (၁၄) ဦးနဲ့ ဝန်ကြီးဌာန (၁၄၀) လောက် ရှိပါတယ်။ သူတို့အောက်မှာ ပြည်နဲ့နယ်တိုင်း စည်ပင်သာယာရေးရုံး (၁၄) ခု ရှိပါတယ်။ ဒီရုံးတွေဟာ လက်အောက်ခံမြို့နယ် စည်ပင်သာယာရေးရုံးတွေကို ကြီးကြပ်ညှိနှိုင်းပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် (၁၄) ခုမှာ မြို့နယ်စည်ပင်ရုံး (၄၀၀) လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ခရိုင်အဆင့်မှာ စည်ပင်ရုံး မရှိပါဘူး။
Your browser doesn’t support HTML5
ပြည်သူလူထုနဲ့ အများဆုံး ထိတွေ့သူတွေဟာ မြို့နယ်စည်ပင်တွေဖြစ်လို့ သူတို့ရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပေမယ့် လူသိနည်းနေပါတယ်။ ဒါကြောင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တွေအကြောင်း သုတေသီတွေဖြစ်ကြတဲ့ Matthew Arnold, ရဲသူအောင်, Susanne Kempel နဲ့ ကြည်ပြာချစ်စောတို့က Municipal Governance in Myanmar ဆိုတဲ့ (၈၃) မျက်နှာစာတမ်းကို မနှစ်က ထုတ်ဝေထားပါတယ်။ အမှိုက်သိမ်း၊ လမ်းပြင် အလုပ်ကြောင့် လူသိများခဲ့တဲ့ မြူနီစပယ်ရုံးဟာ စစ်အစိုးရလက်ထက်မှာ စည်ပင်သာယာရေးအဖွဲ့အမည်နဲ့ ဆက်လက်ရှင်သန်နေပုံကို ကွင်းဆင်းလေ့လာ သုတေသနလုပ်တာ ဖြစ်ပါတယ်။
ပြည်နယ်နဲ့တိုင်းဒေသကြီး လက်အောက်ခံဖြစ်ပေမယ့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တွေဟာ ကိုယ်ပိုင်ရန်ပုံငွေ ကိုယ်ရှာပြီး သုံးစွဲရတဲ့ ဒေသခံ အဖွဲ့ွှအစည်း ဖြစ်ပါတယ်။ မြို့နယ်တွေမှာ ဝန်ဆောင်လုပ်ငန်းလုပ်ဖို့အတွက် (၁၉) ရာစုမှာ အင်္ဂလိပ်ကိုလိုနီအစိုးရ ပြဌာန်းတဲ့ မြူနီစပယ်ဥပဒေကို (၉၅) နှစ် ကြာတော့မှ ၁၉၉၃ မှာ စစ်အစိုးရ ဖျက်သိမ်းပါတယ်။ နောက်တော့ နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက်ကို မြူနီစပယ်ရုံးတွေ ရောက်သွားပါတယ်။ မြို့နယ်တွင်း သွားရေးလာရေး၊ သန့်ရှင်းရေး၊ မီးလင်းရေး၊ စည်းကားရေးအတွက် တာဝန်ယူဆောင်ရွက်ရပါတယ်။ မြို့နယ်တွင်းက ဈေးဆိုင်၊ စာသောက်ဆိုင် နဲ့ အခြားစီးပွားရေးလုပ်ငန်းတွေဟာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရဲ့ ခွင့်ပြုချက်ရယူဖို့ လိုအပ်ပါတယ်။ ဒီလုပ်ငန်းတွေက ပေးဆောင်တဲ့ အခွန်အကောက်ဟာ မြို့နယ်စည်ပင်ရုံးရဲ့ အသုံးစရိတ် ဖြစ်လာပါတယ်။
အစိုးရထောက်ပံ့ကြေး မပေးတဲ့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တွေဟာ ကိုယ့်စရိတ်ကိုယ်ရှာကြရပါတယ်။ ဈေးခွန်၊ မြေခွန်၊ ရေခွန်၊ မီးခွန်၊ လမ်းခွန်၊ အဆောင်အဦးခွန်၊ လိုင်စင်ခွန် စတာတွေဟာ ငွေရပေါက်ရလမ်းတွေ ဖြစ်ပါတယ်။ မြို့နယ်စည်ပင်ရဲ့ ခွင့်ပြုချက်ရမှ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်တဲ့အတွက် လုပ်ငန်းလိုင်စင်ကြေးဟာ အဓိကဝင်ငွေပေါက်တခုပါ။ တချို့မြို့နယ်မှာဆိုရင် မော်တော်ကားကို ဘီးခွန်ကောက်ပြီးတော့လည်း ငွေရှာပါတယ်။ မြို့နယ်စည်ပင်ကရတဲ့ငွေကို သူ့မြို့နယ်မှာပဲ သုံးရပါတယ်။ ဝင်ငွေရဲ့ (၃၀) ရာခိုင်နှုန်းကို ဝန်ထမ်းစရိတ်သတ်မှတ်ပြီး (၅) ရာခိုင်နှုန်းက (၁၀) ရာခိုင်နှုန်းအထိ ပြည်နယ်နဲ့တိုင်း စည်ပင်ရုံးကို လွှဲပေးရပါတယ်။ ဒါကြောင့် ကောက်ခံရရှိတဲ့ငွေထဲက မြို့နယ်အတွက်သုံးဖို့ (၆၀) ရာခိုင်နှုန်းလောက်သာ ကျန်ရှိတော့တာ တွေ့ရပါတယ်။
မြို့နယ်စည်ပင်သာယာရေးကော်မတီမှာ အဖွဲ့ဝင် (၇) ဦး ရှိတဲ့အနက် (၄) ဦးက ရွေးကောက်ခံ အရပ်သားဖြစ်ပြီး (၃) ဦးက အစိုးရဝန်ထမ်း ဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ် (၁၄) ခုစလုံးမှာ ဒီပုံစံအတိုင်း လုပ်ကြပါတယ်။ ရွေးကောက်ခံအရပ်သားက ဥက္ကဋ္ဌ နေရာယူပြီး အစိုးရဝန်ထမ်း စည်ပင်အရာရှိက အတွင်းရေးမှူး လုပ်ပါတယ်။ ကော်မတီဝင် (၅) ဦးမှာ ရွေးကောက်ခံ (၃) ဦးနဲ့ ဝန်ထမ်း (၂) ဦး ပါဝင်ပါတယ်။ ဒေသခံကို ဒုက္ခပေးသလို မဖြစ်အောင် အခွန်ကောက်ယူရတာမို့ မြို့နယ်စည်ပင်ရုံးတွေဟာ တနှစ်စီမံကိန်းထက်ပိုပြီး မလုပ်နိုင်ကြပါဘူး။ မြို့နယ်စီးပွားရေးဖွံ့ဖြိုးမှုဟာ မြို့နယ်စည်ပင်ရုံးပေါ်မှာ အများကြီး မူတည်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေကို ဘယ်မူနဲ့ အခွန်ကောက်ယူတယ်၊ ရတဲ့ငွေကို ဘယ်လိုသုံးတယ်ဆိုတဲ့ ကိစ္စမှာ စည်ပင်သာယာရေးရုံးတွေဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
မြို့နယ်အရွယ်အစားကိုလိုက်ပြီး စည်ပင်သာယာရေးရုံး အရွယ်အစား ကွဲပြားသွားပါတယ်။ စည်ပင်ဝန်ထမ်းဦးရေဟာ ဆယ်ယောက်ကနေ တရာကျော်အထိ ရှိနိုင်ပါတယ်။ လွတ်လပ်စွာ ခန့်နိုင်၊ ဖြုတ်နိုင်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ အမှိုက်ကျုံးတဲ့ အလုပ်ကိုတော့ နေ့စားအလုပ်သမားတွေကို လုပ်ခိုင်းပါတယ်။ လျှပ်စစ်ဓါတ်အား၊ ကားလမ်း၊ ကျန်းမာရေးနဲ့ ဆောက်လုပ်ရေးကိစ္စတွေမှာ မြို့နယ်စည်ပင်ရုံးဟာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ဆက်သွယ်လုပ်ကိုင်ရပါတယ်။ အရင်က နယ်စပ်ရေးရာဝန်ကြီးဌာနအောက်မှာ ရှိခဲ့တဲ့ စည်ပင်ရုံးဟာ ဦးသိန်းစိန်လက်ထက်မှာ ပြည်နယ်နဲ့တိုင်း လက်အောက်ရောက်သွားပါတယ်။ ဒါကြောင့် စည်ပင်သာယာရေးအတွက် လုပ်ပုံကိုင်ပုံ အမျိုးမျိုးကွဲပြားသွားပါတယ်။
အရပ်သားကိုယ်စားလှယ်နဲ့ လက်တွဲပြီး ရပ်ရွာအကျိုးဆောင်ရွက်နိုင်တဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဟာ နိုင်ငံသူနိုင်ငံသားနဲ့ အနီးကပ်ဆုံးသော အစိုးရအဖွဲ့အစည်း ဖြစ်ပါတယ်။ ဝန်ကြီးဌာနတွေဟာ ဒီလိုနီးစပ်ဖို့ အခွင့်အလမ်း မရှိပါဘူး။ မြန်မာအစိုးရစနစ်မှာ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်တိုင်းဒေသကြီးအဆင့်သာ ရှိပါတယ်။ ဒေသန္တရ အုပ်ချုပ်ရေး မရှိသေးပါဘူး။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တွေဟာ ပြည်သူပြည်သားကို အလုပ်အကျွေးပြုရာမှာ အသင့်တော်ဆုံး အနေအထားမှာ ရှိနေတာမို့ ပွင့်လင်းမြင်သာစွာ ပြည်သူ့အကျိုးသယ်ပိုးဖို့ အကောင်းဆုံးဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။