ပြည်ထောင်စုလွှတ်တော်ကို လေ့လာဆန်းစစ်ထားတဲ့ ပြင်သစ်ပညာရှင် ဒေါက်တာရေးနော့ အီဂါတူ (Dr. Renaud Egreteau) ရဲ့ စာတမ်းကို ဒီကနေ တင်ပြပါမယ်။ ဂျာမဏီနိုင်ငံဟမ်းဘတ်တက္ကသိုလ် အာရှရေးရာဌာနက လွန်ခဲ့တဲ့နှစ် စက်တင်ဘာလမှာ ထုတ်ဝေတဲ့စာတမ်း ဖြစ်ပါတယ်။ မျက်မှောက်ခေတ် မြန်မာ့ရေးရာကို လေ့လာနေသူ ဒေါက်တာအီဂါတူဟာ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလကပဲ နေပြည်တော်ကို သွားရောက်လေ့လာခဲ့ပါသေးတယ်။ အမိန့်နာခံတဲ့ အာဏာရှင်စနစ်က မွေးထုတ်လိုက်တဲ့ လွှတ်တော်စနစ်ကို လေ့လာတဲ့အခါမှာ အရပ်သားချည်းပါဝင်တဲ့ အစိုးရ ပေါ်ထွက်လာဖို့ အလားအလာရှိတယ်လို့ ဆိုပါတယ်။
ပြည်ခိုင်ဖြိုးပါတီ ကြီးစိုးတဲ့လွှတ်တော်ဖြစ်လို့ ဗိုလ်ချုပ်ဟောင်းတွေ ချုပ်ကိုင်ထားတဲ့ အဖွဲ့အစည်းပဲ ဖြစ်ရမယ်ဆိုတဲ့ အမြင်မျိုးကို အီဂါတူ က လက်မခံပါဘူး။ ဒါကြောင့် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ထုတ်ဝေထားတဲ့ အရပ်သား-စစ်သား ကိုယ်စားလှယ် (၆၅၈) ဦးရဲ့ အထ္ထုပတ္တိတွေကို အခြေခံပြီး လေ့လာသုံးသပ်တယ်လို့ ဆိုပါတယ်။ ကိုယ်စားလှယ်တွေရဲ့လူမှုရေး၊ ပညာရေး၊ ဘာသာရေး၊ လူမျိုးရေး၊ စီးပွားရေးစတဲ့ နောက်ခံအခြေအနေတွေကို လေ့လာပါတယ်။ ခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တွေရဲ့ အခြေအနေမှာ အပြောင်းအလဲ ဖြစ်လာတာကိုကြည့်ပြီး အသွင်ကူးပြောင်းမှုကို ခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်။
စစ်တပ်ကိုယ်စားလှယ် (၁၆၆) ဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၆၅၈) ဦးရဲ့ အတ္ထုပတ္တိအကျဉ်းတွေကို လေ့လာတဲ့အပြင် ပြည်ထောင်စုလွှတ်တော်အမတ် (၃၉) ဦးကိုလည်း အီဂါတူ က တွေ့ဆုံမေးမြန်းပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရသူထဲမှာ အမျိုးသမီး (၄) ရာခိုင်နှုန်းသာ ရှိပေမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ (၂၉) ရာခိုင်နှုန်းဟာအမျိုးသမီးအမတ်တွေ ဖြစ်နေပါတယ်။ စစ်တပ်ကိုယ်စားလှယ်ထဲမှာလည်း အမျိုးသမီးစစ်ဗိုလ် (၂) ရာခိုင်နှုန်း ပါဝင်လာတာမို့ လွှတ်တော်ကိုယ်စားလှယ် (၅) ရာခိုင်နှုန်းလောက်ဟာ အမျိုးသမီး ဖြစ်နေပါတယ်။ အရပ်သားလွှတ်တော်အမတ်ရဲ့ ပျှမ်းမျှသက်တမ်းဟာ (၅၈) နှစ်ဖြစ်ပြီး စစ်တပ်ကိုယ်စားလှယ်ရဲ့ ပျှမ်းမျှသက်တမ်းကတော့ (၄၄) နှစ် ဖြစ်ပါတယ်။ လူမျိုးအရကြည့်ရင် ဗမာက (၇၀) ရာခိုင်နှုန်းဖြစ်ပြီး အခြားတိုင်းရင်းသားတွေက (၃၀) ရာခိုင်နှုန်း နေရာယူထားတာ တွေ့ရပါတယ်။
ပြည်ထောင်စုလွှတ်တော်က စစ်တပ်ကိုယ်စားလှယ် (၁၆၆) ဦးမှာတော့ (၉၀) ရာခိုင်နှုန်းနီးပါးဟာ ဗမာဖြစ်ပြီး ရခိုင် (၁၂) ဦး၊ ရှမ်းတဦး နဲ့ ကရင် တဦးသာ ပါဝင်ပါတယ်။ အရပ်သားကိုယ်စားလှယ် (၉၀) ရာခိုင်နှုန်းဟာ ဗုဒ္ဓဘာသာဝင် ဖြစ်ကြပြီး၊ ခရစ်ယာန် (၅၂) ဦးနဲ့ မူစလင် (၃) ဦးသာ ရှိပါတယ်။ ဒါပေမဲ့ ကိုယ်စားလှယ်အားလုံးဟာ ဘာသာရေးအမြင်မရှိတဲ့ နိုင်ငံရေးပါတီတွေက လာကြတာ ဖြစ်ပါတယ်။ စစ်တပ်ကိုယ်စားလှယ်အားလုံး ဗုဒ္ဓဘာသာဝင် ဖြစ်နေတာကိုကြည့်ရင် ဗမာဖြစ်ဖို့ထက် ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့က ပိုအရေးကြီးသလို ဖြစ်နေပါတယ်။ တိုင်းပြည်အတွက် ဥပဒေစည်းမျဉ်းပြဌာန်းမယ့် လွှတ်တော်ကိုယ်စားလှယ်တွေဟာ လက်ရွေးစင်အကျော်အမော်တွေမို့ ပညာအရည်အချင်းဟာ အရေးကြီးပါတယ်။ လွှတ်တော်ကိုယ်စားလှယ် (၈၃) ရာခိုင်နှုန်းဟာ တက္ကသိုလ်ဘွဲ့ရသူတွေ ဖြစ်နေတာ တွေ့ရပါတယ်။
ပါရဂူဘွဲ့ရ ကိုယ်စားလှယ်ထဲမှာ အရပ်သား (၈) ဦးနဲ့ စစ်သား (၄) ဦး ရှိပါတယ်။ မာစတာဘွဲ့ရတဲ့ ကိုယ်စားလှယ်ထဲမှာ အရပ်သား (၃၂) ဦးနဲ့ စစ်သား (၅၁) ဦး ရှိပါတယ်။ BA, BSc,LLB, MBBS ဘွဲ့ရထားတဲ့ ကိုယ်စားလှယ်ထဲမှာ အရပ်သား (၃၃၆) ဦးနဲ့ စစ်သား (၁၁၁) ဦး ရှိပါတယ်။ စစ်တပ်ကိုယ်စားလှယ်အားလုံးဟာ ဘွဲ့ရအရာရှိတွေ ဖြစ်နေပါတယ်။ အရပ်သားအမတ်ထဲမှာ ဆယ်တန်းပညာသာရှိသူ (၁၀) ရာခိုင်နှုန်းသာ ရှိပါတယ်။ ကိုးကန့်နဲ့ ဝ အမတ်တွေထဲမှာ မြန်မာစာ (၄) တန်းနဲ့ တရုတ်စာ ဆယ်တန်းအထိ သင်ဖူးသူတွေ ရှိပါတယ်။ ကျောင်းမနေဘူးတဲ့ အမတ်တဦးသာ ရှိပါတယ်။ အရပ်သားကိုယ်စားလှယ်တွေထဲမှာ (၄၀) ရာခိုင်နှုန်းသာ စစ်မှုထမ်းဟောင်း ဖြစ်ပါတယ်။ အများစုဟာ စီးပွားရေးလုရပ်ငန်းရှင်တွေ ဖြစ်ပါတယ်။ လွှတ်တော်နှစ်ခုစလုံးမှာ ဥပဒေပညာ၊ ဥပဒေလုပ်ငန်းခွင်ကလာသူ (၂၇) ဦးသာ ရှိပါတယ်။
စစ်အာဏာရှင်စနစ်က အရပ်သားတပိုင်း အစိုးရစနစ်ကို အသွင်ကူးပြောင်းရာမှာ ပေါ်ထွက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လူမှုရေးနောက်ခံသမိုင်း လေ့လာနိုင်ရင်မျက်မှောက်ခေတ် မြန်မာနိုင်ငံရေးနဲ့ ဥပဒေပြုရေးရဲ့ နောက်ကွယ်က အင်အားကို သိရှိနိုင်မယ်လို့ အီဂါတူ က ယူဆပါတယ်။ ဆုံးဖြတ်ချက်ချနိုင်တဲ့ အကျော်အမော် လူတန်းစားသစ်ရဲ့ လုပ်နိုင်မှုစွမ်းရည်ကိုလည်း အကဲခတ်နိုင်ပါလိမ့်မယ်။ လက်ရှိ လွှတ်တော်အမတ်တွေဟာ လွတ်လပ်ရေးရစ ပါလီမန်လွှတ်တော်က အမတ်တွေနဲ့ အတော်တူတယ်လို့ ဆိုပါတယ်။ အသက် (၅၀) ကျော် ပညာတတ်စီးပွားရေးလုပ်ငန်းရှင် မြန်မာတွေ ဖြစ်နေပါတယ်။
စစ်တပ်ကိုယ်စားလှယ် (၁၆၆) ယောက်ကို ဘေးဖယ်ထားပြီး လေ့လာမယ်ဆိုရင် ပညာတတ်စီးပွားရေးသမား၊ နိုင်ငံရေးအကျဉ်းသားဟောင်း၊ ဗိုလ်ချုပ်ဟောင်း၊ ကွန်မြူနစ်ဟောင်း နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ လွှတ်တော်မှာ ပါဝင်နေပါတယ်။ သူတို့ရဲ့ လွှတ်တော်တွင်း အပြုအမှုကို လေ့လာမယ်ဆိုရင် အတ္ထုပတ္တိအကျဉ်းကို လေ့လာရုံနဲ့ မလုံလောက်ပါဘူး။ ဒါကြောင့် လွှတ်တော်အမတ်တွေရဲ့ ဥပဒေပြုလုပ်ငန်းကို စနစ်တကျ လေ့လာသင့်တယ်လို့ ဆိုပါတယ်။ အမတ်တွေရဲ့ လူမှုစီးပွားရေးနောက်ကြောင်း၊ နိုင်ငံရေးအတွေ့အကြုံနဲ့ လွှတ်တော်တွင်း အပြုအမှုဆက်စပ်ပုံကို လေ့လာဆန်းစစ်နိုင်မယ်ဆိုရင် အလွန်အကျိုးရှိမှာဖြစ်ကြောင်း ဒေါက်တာ ရေးနော့ အီဂါတူ (Dr. Renaud Egreteau) က သုံးသပ်ထားပါတယ်။