မြန်မာ့သစ်တော ပြုန်းတီးမှု

စစ်အစိုးရ တက်ခါစမှာ မြန်မာပြည်ဧရိယာ (၆၀) ရာခိုင်နှုန်းဟာ သစ်တောဖုံးလွှမ်းနေပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးဝန်ကြီးဌာနရဲ့ ဝဘ်ဆိုဒ်မှာ သစ်တောဖုံးတဲ့ဧရိယာဟာ (၄၇) ရာခိုင်နှုန်းအထိ ကျဆင်းလာတယ်လို့ ဖော်ပြပါတယ်။ FAO ခေါ် ကုလသမဂ္ဂရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ရဲ့ ၂၀၁၅ မြန်မာ့သစ်တောသယံဇာတ အကဲဖြတ်ချက် Forest Resource Assessment (FRA) အစီရင်ခံစာမှာ သစ်တောဧရိယာ (၄၅) ရာခိုင်နှုန်းအထိ ကျဆင်းလာတယ်လို့ ဆိုပါတယ်။ ပြည်တွင်းအဖွဲ့အစည်းအချို့ကတော့ သစ်တောဧရိယာဟာ (၂၅) ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်လို့ ခန့်မှန်းကြပါတယ်။

၁၉၉၀ ကစပြီး နှစ်စဉ် သစ်တောဧက (၁) သန်းကျော် ပြုန်းတီးနေကြောင်း သိရပါတယ်။ ဘရားဇီ နဲ့ အင်ဒိုနီးရှားပြီးရင် တတိယ တောအပြုန်းဆုံးဟာ မြန်မာ ဖြစ်ပါတယ်။ တိုင်းပြည်ဧရိယာ (၂) ရာခိုင်နှုန်းနီးပါး နှစ်စဉ်တောပြုန်းနေတယ်လို့ FRA အကဲဖြတ်ချက်မှာ ဖော်ပြပါတယ်။ တရုတ်ပြည်ကိုတော့ သစ်တောဧရိယာ အတိုးပွားဆုံးနိုင်ငံအဖြစ် ဖော်ပြပါတယ်။ လွန်ခဲ့တဲ့ (၅) နှစ်မှာ သစ်တောဧရိယာ ဧက (၄) သန်းနီးပါး တရုတ်ပြည်မှာ တိုးပွားလာတယ်လို့ ဖော်ပြပါတယ်။ မြန်မာပြည်မှာတော့ လွန်ခဲ့တဲ့ အနှစ်အစိတ်အတွင်း သစ်တောဧက (၂၅) သန်းကျော် ပြုန်းတီးသွားပါတယ်။

သစ်တောပြုန်းတီးမှုနဲ့ သစ်တောအဆင့်အတန်း ကျဆင်းမှု တာဆီးနိုင်ဖို့ တောနိမ့်တောပျက်ကို ပြန်လည်ပြုစုပျိုထောင်ပြီး သစ်တောစိုက်ခင်းသစ်တွေ တည်ထောင်နေတယ်လို့ သစ်တောရေးဝန်ကြီးဌာန ဝဘ်ဆိုဒ်မှာ ဖော်ပြပါတယ်။ ဒါပေမဲ့ နှစ်စဉ်သစ်တောစိုက်ခင်း တည်ထောင်တဲ့နှုန်းဟာ ဧက (၈) သောင်းနီးပါးသာ ရှိပါတယ်။ တောပြုန်းတဲ့နှုန်းရဲ့ (၈) ရာခိုင်နှုန်းလောက်ကိုသာ ပြန်လည်တည်ထောင်နိုင်တဲ့သဘောဖြစ်လို့ တောပြုန်းမှုကို မတားဆီးနိုင်တဲ့ အခြေအနေရောက်နေပါတယ်။ အစိုးရသစ်ထုတ်ယူတဲ့ ပမာဏ တိုးပွားလာမှု၊ သစ်ခိုးထုတ်မှု၊ စိုက်ပျိုးမြေတိုးချဲ့မှု၊ ဆည်တည်ဆောက်မှု၊ ကားလမ်း တိုးချဲ့မှု၊ မြို့ရွာတိုးချဲ့မှု၊ ထင်းသုံးတဲ့ပမာဏ တိုးပွားလာမှု၊ သတ္တုတွင်းလုပ်ငန်းများပြားလာမှု၊ ရွှေ့ပြောင်းတောင်ယာစနစ်ကျင့်သုံးမှု၊ တောမီးလောင်မှု စတာတွေကြောင့် တောပြုန်းရတာ ဖြစ်ပါတယ်။

တိုင်းနဲ့ပြည်နယ်ကိုလိုက်ပြီး တောပြုန်းတဲ့ဧရိယာ အချိုးအစား ကွာခြားသွားပါတယ်။ ရှမ်းပြည်နယ်မှာ အများဆုံး တောပြုန်းပေမယ့် ကျယ်ဝန်တာမို့ (၄၀) ရာခိုင်နှုန်းသာ ပြုန်းပါတယ်။ ဒုတိယလိုက်တဲ့ ကချင်ပြည်နယ်မှာတော့ (၉၀) ရာခိုင်နှုန်း တောပြုန်းသွားပါတယ်။ တနင်္သာရီတိုင်းမှာ (၈၅) ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်မှာ (၇၅) ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းမှာ (၆၆) ရာခိုင်နှုန်း တောပြုန်းသွားပါတယ်။ မြစ်ချောင်းတွေ အဖျားခံတဲ့ ရေဝေးကုန်းတန်းနဲ့ ရေဝေးရေလဲဒေသက သစ်တောတွေပြုန်းကုန်လို့ မိုးရာသီမှာ ရေကြီးပြီး နွေရာသီမှာ ရေရှားတဲ့ ပြဿနာကို ကြုံတွေ့နေရပါတယ်။ ဈေးကွက်ခေတ် စီးပွားရေးသောင်းကျန်းမှုဒဏ်ကို မြန်မာ့သစ်တောတွေ ခံနေရပါတယ်။ ရေကိုထိန်းထားနိုင်တဲ့ သစ်တောတွေ မရှိတောတဲ့အတွက် တောင်တန်းဒေသမှာ မြေပြိုမှုနဲ့ သဘာဝရေကန် ကျိုးပျက်မှုတွေ ဖြစ်ပွားရပါတယ်။

တောပြုန်းသွားတဲ့ ဆိုးကျိုးကို လူ့အဖွဲ့အစည်းရော တောနေတိရစ္ဆာန်တွေရော ခံစားကြရပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတခုက မြေအသုံးချမှု ပေါ်လစီနဲ့ စီမံကိန်းကင်းမဲ့နေတာ ဖြစ်တယ်လို့ ပတ်ဝန်းကျင်နဲ့ သစ်တောဝန်ကြီးဌာနက ၂၀၁၄ မတ်လမှာထုတ်တဲ့ Report to the UN Convention on Biodiversity အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဆီထွက်အုန်းနဲ့ ပီလောပီနံကို စီးပွားဖြစ်စိုက်ခင်းတွေ ထင်သလို တိုးချဲ့တာကိုလည်း တောပြုန်းရတဲ့ အကြောင်းရင်းတခုအဖြစ် ဖော်ပြပါတယ်။ ၁၉၈၈ မှာ စိုက်ပျိုးမြေဧကသန်း (၂၀) ရှိရာက နောက်အနှစ် (၂၀) ကြာတဲ့အခါ ဧကသန်း (၃၀) ဖြစ်လာပါတယ်။ ပြည့်စုံကျယ်ပြန့်တဲ့ မြေအသုံးချရေးပေါ်လစီကို ချမှတ်အကောင်အထည်ဖော်ဖို့အတွက် ပတ်ဝန်းကျင်နဲ့ သစ်တောဝန်ကြီး ဦးဆောင်တဲ့ မြေစစ်ဆေးရေးကော်မတီကို (၂၀၁၃) ကျမှ ဖွဲ့စည်းရတယ်လို့ ဖော်ပြထားပါတယ်။

သစ်ထုတ်လုပ်ရေးနဲ့ ရေအားလျှပ်စစ်ရရှိရေးစတဲ့ လတ်တလော အကျိုးခံစားရမယ့် ကိစ္စတွေကိုသာကြည့်ပြီး လုပ်တာက များတယ်လို့ ဆိုပါတယ်။ ရေဝေးကုန်းတန်း ကာကွယ်ရေး၊ မြေဆီလွှာတိုက်စားမှု ကာကွယ်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစတဲ့ ရေရှည်အကျိုးရှိမယ့်ကိစ္စတွေကို မြန်မာက စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုဟာ သတ္တလောကတခုလုံးကို အန္တရာယ်ပေးနိုင်ပါတယ်။ ကုလသမဂ္ဂကို ၂၀၁၄ မတ်လက အင်္ဂလိပ်ဘာသာနဲ့ တင်သွင်းတဲ့ စာမျက်နှာ (၈၀) အစီရင်ခံစာမှာ အစိုးရရဲ့ လစ်ဟင်းချက်နဲ့ ချို့ယွင်းချက်တွေကို ဖော်ပြတာဟာ ထူးခြားပါတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့် ဇီဝမျိုးကွဲမျိုးစုံပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာတာမျိုးလည်း မြန်မာပြည်မှာ မရှိသေးပါဘူး။ တောမပြုန်းဘဲ သစ်တောထုတ်ယူနိုင်အောင် ရွေးချယ်ခုတ်လှဲစနစ်ကို ၁၉၂၀ ကစပြီး ကျင့်သုံးလာခဲ့ပေမယ့် စစ်အစိုးရလက်ထက်မှာ ခုတ်သင့်တာထက်ပိုပြီး ခုတ်ကြတဲ့အတွက် ၂၀၁၃ ကစပြီး ရွေးချယ်ခုတ်လှဲစနစ်ကို ပြန်လည်ကျင့်သုံးနေတယ်လို့ ဆိုပါတယ်။ အာဏာရှင် ဗိုလ်မှူးကြီးသန်းရွှေလက်ထက်မှာ ဝန်ကြီးဌာနတွေ အနှစ် (၂၀) ကျော် ထင်သလိုလုပ်ခဲ့တာကို အခုမှပြန်ပြီး အဖက်ဆယ်ဖို့ ကြိုးပမ်းနေပုံ ရပါတယ်။