စစ်သဘောတရား နဲ့ မြန်မာ့နိုင်ငံရေး

အရပ်သားတပိုင်းအစိုးရ ဖွဲ့စည်းပြီးမကြာမီ ကချင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ် ပြန်လည်တိုက်ခိုက်ပါတယ်။ ဒီအတောအတွင်း ဥရောပနိုင်ငံများအဖွဲ့၊ အမေရိကန် နဲ့ Australia ဟာ မြန်မာနဲ့ စစ်ရေးဆက်သွယ်မှုတွေကို ပြန်လည်မြှင့်တင်ဖို့ စီစဉ်လာကြပါတယ်။ ကာကွယ်ရေးဌာနက ဆောင်ရွက်နေတဲ့ လူမှုစီးပွားရေးလုပ်ငန်းမှာ ပြည်သူတွေ အကြံပေးနိုင်ဖို့အတွက် ကာကွယ်ရေးဆပ်ကော်မတီ ဖွဲ့စည်းကြောင်းကြေညာပြီး ကျော်ညွှန့်ဆိုသူကို ဆက်သွယ်ဖို့ တယ်လီဖုန်း၊ Fax နံပတ်နဲ့ အီးမေးလ်တို့ကို ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ မထင်မရှား ဖော်ပြပါတယ်။

ဒါကို စစ်တပ်ရဲ့ ပွင့်လင်းမှုအဖြစ် ဧပြီလ ၂၂ ရက်နေ့ထုတ် ICG ခေါ် International Crisis Group ရဲ့ အကဲဖြတ်ချက်မှာ ဖော်ပြပါတယ်။ စစ်သဘောတရား Military Doctrine ပြောင်းလဲလာပုံကိုလည်း သုံးသပ်ထားပါတယ်။ စစ်သဘောတရားကို လက်နက်ကိုင်တပ်ဖွဲ့ရဲ့ လမ်းညွှန်မူဝါဒအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ စစ်ခေါင်းဆောင်ပိုင်းရဲ့ အတွေးအခေါ်နဲ့ တိုင်းပြည်အခြေအနေကို စစ်သဘောတရားက ရောင်ပြန်ဟပ်တယ်လို့ ဆိုရိုးရှိပါတယ်။ စစ်သဘောတရားဆိုတာ စစ်တိုက်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ ဒါကြောင့် စစ်သဘောတရားကျင့်သုံးရာမှာ ဆင်ခြင်အကဲဖြတ်တဲ့စွမ်းရည် ရှိရမယ်လို့ ဆိုပါတယ်။

အချိန်အခါနဲ့ အခြေအနေကိုလိုက်ပြီး စစ်သဘောတရားဟာ အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။ မြန်မာပြည် လွတ်လပ်ရေးရပြီး မကြာမီ တရုတ်ပြည်တွင်းစစ်မှာ အရေးနိမ့်လို့ ရှမ်းပြည်မှာ ဝင်ရောက်ခိုလှုနေတဲ့ ကူမင်တန်တပ်ရင်းအချို့ကို ရင်ဆိုင်ရပါတယ်။ ဒါကြောင့် မြန်မာ့စစ်သဘောတရားမှာ တရုတ်ကို အဓိကအန္တရာယ်အဖြစ် သတ်မှတ်ပါတယ်။ ဒီအချိန်မှာ ပြည်တွင်းလက်နက်ကိုင် လှုပ်ရှားမှုကိုလည်း ကြုံတွေ့နေရတာမို့ လက်နက်ကိုင်ဆန့်ကျင်သူဟာ စစ်တပ်ရဲ့ ဒုတိယရန်သူ ဖြစ်လာပါတယ်။ လက်နက်ကိုင်တိုင်းရင်းသားနဲ့ ကွန်မြူနစ်ကို ရန်သူအဖြစ် သတ်မှတ်တဲ့ စစ်သဘောတရုား ပေါ်ထွက်လာပါတယ်။ တပ်ရင်းအချို့ တောခိုပြီး ကွန်မြူနစ်နဲ့ ပူးပေါင်းတာကလွဲရင် စစ်တပ်မှာ နိုင်ငံရေး ကင်းရှင်းတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ စစ်သဘောတရားဟာ နိုင်ငံရေးနဲ့ ဆက်စပ်နေပါတယ်။

စစ်သဘောတရားမျာ ကွန်မြူနစ် ဆန့်ကျင်ရေးပါလာတဲ့အတွက် ယူနီဖောင်းမချွတ်ဘဲ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်လိုတဲ့ စစ်ဗိုလ်အချို့ ရှိပေမယ့် ၁၉၄၈ ကနေ ၁၉၅၅ အထိ အစိုးရတပ်ဟာ နိုင်ငံရေး ကင်းရှင်းတယ်လို့ သတ်မှတ်ပါတယ်။ ဗြိတိသျှစစ်မင်ရှင်နဲ့ လက်တွဲပြီး စစ်တပ်ကို အုပ်ချုပ်နေတဲ့အချိန် ဖြစ်ပါတယ်။ ၁၉၅၉ မှာ ကာကွယ်ရေးဌာနက ထုတ်ဝေတဲ့ တပ်မတော်လုပ်ငန်းစဉ်ဆိုတဲ့ စာမျက်နှာ (၂၀) စာတမ်းမှာ ဒီအချိန်ကို နိုင်ငံရေးအယူအဆ သန္ဓေတည်တဲ့ကာလလို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အာဏာရ ဖဆပလအဖွဲ့ နှစ်ခြမ်းကွဲတဲ့အခါ ၁၉၅၈ မှာ စစ်အာဏာသိမ်းပြီး အိမ်စောင့်အစိုးရဖွဲ့ပါတယ်။ အဲဒီတုန်းကတော့ စစ်အာဏာသိမ်းတယ်ဆိုတာ တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်စေတဲ့အတွက် ဒီအသုံးအနှုန်းကို ရှောင်ကြဖို့ အိမ်စောင့်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း က မေတ္တာရပ်ခံခဲ့ပါတယ်။

ဒါပေမဲ့ ဖဆပလ ခေါင်းဆောင်အချို့နဲ့ နီးစပ်တဲ့ ဗိုလ်ချုပ်တစုက အာဏာသိမ်းဖို့ စီစဉ်တာဖြစ်လို့ စစ်သဘောတရားမှာ နိုင်ငံရေးကို ဦးစားပေးလာပြီလို့ ပြောနိုင်ပါတယ်။ အိမ်စောင့်အစိုးရရဲ့ ဒို့တာဝန် (၃) ပါးကတော့ ငြိမ်းချမ်းရေးရရှိရေး၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပရေးနဲ့ ဒီမိုကရေစီအပြည့်အဝ ရရှိရေး ဖြစ်ပါတယ်။ ၁၉၅၉ မှာ နိုင်ငံတော်ကြံ့ခိုင်ရေးအသင်းကို တည်ထောင်ပြီး စစ်တပ်ကို အရပ်သားတွေ ထောက်ခံလာအောင် စည်းရုံးသိမ်းသွင်းပါတယ်။ ၁၉၆၀ မှာ ရွေးကောက်ပွဲ ကျင်းပပေးလို့ အနိုင်ရတဲ့ ဦးနုခေါင်းဆောင်တဲ့ပါတီဟာ အစိုးရဖွဲ့စည်းနိုင်ပါတယ်။ ထောက်လှမ်းရေးကိုသုံးပြီး လက်အောက်ခံစစ်ဗိုလ်တွေကို ဗိုလ်နေဝင်းက ဖြုတ်ပစ်တဲ့အချိန်ကာလ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ ဆက်သွယ်တဲ့ စစ်ဗိုလ်တွေကိုဖြုတ်ပြီးမှ ၁၉၆၂ မှာ စစ်တပ်အာဏာသိမ်းတာ ဖြစ်ပါတယ်။

၁၉၆၂ ကစပြီး စစ်တပ်ဟာ လက်နက်ကိုင်တဲ့ နိုင်ငံရေးပါတီသဘောမျိုး ဖြစ်လာပါတယ်။ စစ်ရေးတာဝန်ယူတဲ့ စစ်ဗိုလ်နဲ့ အရပ်သားနဲ့ လက်တွဲပြီး နိုင်ငံရေးလုပ်တဲ့ စစ်ဗိုလ်ဆိုပြီး နှစ်မျိုးနှစ်စား ကွဲပြားသွားပါတယ်။ နိုင်ငံရေးလုပ်တဲ့ စစ်ဗိုလ်တွေ အမှားအယွင်းလုပ်ပါများလာတဲ့အခါမှာ တိုင်းပြည်ချွတ်ခြုံကျပြီး ၁၉၈၈ မှာ လူထုအုံကြွမှုကို ရင်ဆိုင်ရပါတယ်။ ဒါကြောင့် ၁၉၈၈ က ၂၀၁၁ အထိဖြစ်တဲ့ ၂၃ နှစ်ကာလမှာ နိုင်ငံရေးအတိုက်အခံမျာကို အန္တရာယ်အဖြစ်မြင်တဲ့ စစ်သဘောတရား ပေါ်ပေါက်လာပါတယ်။ အတိုက်အခံလုပ်တဲ့ ပြည်သူလူထုကို ရန်သူလို့ သတ်မှတ်တဲ့ စစ်သဘောတရားကြောင့် နေပြည်တော်ကို တည်ဆောက်တာ ဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရ တက်လာတော့ နိုင်ငံရေးစစ်ဗိုလ်နဲ့ စစ်ရေးစစ်ဗိုလ်ဆိုပြီး မဆလခေတ်ကလို ပြတ်ပြတ်သားသား မခွဲခြားတော့ဘဲ စနစ်သစ်မှာ ရောထွေးယှက်တင် ဖြစ်လာတဲ့အတွက် စစ်သဘောတရားအသစ်ကို ဖေါ်ထုတ်ဖို့ လိုလာတယ်လိုပ ICG အဖွဲ့က သုံးသပ်ပါတယ်။ မြေယာသိမ်းပိုက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အစိုးရတပ်ဟာ နာမည်ပျက်နေတုန်း ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး ပြုပြင်မှုတွေကို အခွင့်ကောင်းယူပြီး အရင်ကရှိခဲ့တဲ့ ဂုဏ်သိက္ခာကို ပြန်ပြီးအဖတ်ဆယ်နိုင်မယ့် စစ်သဘောတရားကို ထုတ်ပြန်သင့်ပြီဖြစ်ကြောင်း ICG က နိဂုံးချုပ်ထားတာကို သုံးသပ်တင်ပြလိုက်ရပါတယ်။