ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား

Your browser doesn’t support HTML5

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား


ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ အဖမ်းခံရ၊ ပြန်ပို့ခံရ ဖြစ်နေတဲ့သတင်းကို မကြာခဏ ကြားနေရပါတယ်။ ထိုင်းမှာနေတာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်ပေမယ့် မြန်မာအလုပ်သမားတွေဟာ အခုအချိန်အထိ စိတ်ချလက်ချ အလုပ်မလုပ်နိုင်ကြသေးပါဘူး။ ဗိုလ်နေဝင်း ကြီးစိုးနေချိန်ကတည်းက ထိုင်းနိုင်ငံကို တဖြည်းဖြည်းထွက်ခွါကြတာမို့ ဗိုလ်သန်းရွှေ ကြီးစိုးချိန်မှာ မြန်မာဦးရေ (၂) သန်းကနေ (၄) သန်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ နှစ်စဉ် မြန်မာပြည်ကို သူတို့ ပြန်ပို့တဲ့ငွေဟာ ဒေါ်လာသန်း (၄၀၀) ကျော် ရှိနိုင်တယ်လို့ ၂၀၁၃ မှာ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

မလေးရှားမှာ (၅) သိန်း၊ စင်္ကာပူမှာ တစ်သိန်းခွဲ၊ ဂျပန် နဲ့ တောင်ကိုရီးယားမှာ သောင်းနဲ့ချီနေတာမို့ နိုင်ငံခြားရောက် မြန်မာအလုပ်သမားတွေ နှစ်စဉ်ပြန်ပို့နေတဲ့ ငွေပမာဏဟာ နိုင်ငံခြားအစိုးရတွေရဲ့ ထောက်ပံ့မှုထက် များနေပါတယ်။ အိန္ဒိယနဲ့ တရုတ်ပြည်မှာတော့ မြန်မာအလုပ်သမား ဘယ်လောက်ရှိမှန်း မသိနိုင်သေးပါဘူး။ စစ်အစိုးရခေတ်က ဘဏ်လုပ်ငန်း မဖွံ့ဖြိုးတာရယ်၊ အစိုးရကို အယုံအကြည် မရှိတာရယ်ကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဟွန်ဒီစနစ် သုံးပြီး ငွေလွှဲတာ များပါတယ်။ အခုတော့ မြန်မာ ပုဂ္ဂလိက ဘဏ်အချို့ဟာ ထိုင်း၊ မလေးရှား၊ စင်္ကာပူဘ ဘဏ်အချို့နဲ့ ချိတ်ဆက်ထားပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံထဲ ရောက်သွားတာနဲ့ ထိုင်းကုမ္ပဏီ လက်ခုပ်ထဲက ရေလိုဖြစ်သွားပြီး အကာအကွယ် ကင်းမဲ့နေတာမို့ မကြာခဏ ပြဿနာ ပေါ်ရပါတယ်။ အခုမှပဲ ရွှေ့ပြောင်းလုပ်သားတွေရဲ့ နိုင်ငံကူးလက်မှတ် နဲ့ အလုပ်လုပ်ပိုင်ခွင့်လက်မှတ်ကို သိမ်းယူထားတဲ့ လုပ်ငန်းရှင်တွေကို ငွေဒဏ်ထောင်ဒဏ် ချမှတ်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက လွန်ခဲ့တဲ့လက ထုတ်ပြန်ကြေညာလို့ ပြောင်းရွှေ့လုပ်သားတွေ နည်းနည်းလွတ်လပ်သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးအပြီး (၂) လအတွင်း ထွက်ပေါ်လာတဲ့ ကြေညာချက် ဖြစ်ပါတယ်။ ထိုင်းစီးပွားရေးကို အများကြီး အကျိုးပြုပေမယ့် မြန်မာအစိုးရရဲ့ လစ်လျူရှုတဲ့ အစဉ်အလာကြောင့် ရွှေ့ပြောင်းလုပ်သားတွေဟာ အနှိမ်ခံဘဝ ရောက်နေခဲ့ကြတာ ကြာပါပြီ။ ဒီအခြေအနေဟာ တဖြည်းဖြည်း ပြောင်းလဲမယ်လို့ မျှော်လင့်ရပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ မြန်မာပြည်ကို ငွေပြန်ပို့ပုံကြောင်း ဂျပန်ပညာရှင် Koji Kubo က Informal Remittance Methods of Myanmar Migrant Workers in Thailand ဆိုတဲ့ စာတမ်းကို မနှစ်က ထုတ်ဝေထားပါတယ်။ အရင်ကတော့ အစိုးရ ပြဌာန်းထားတဲ့ ဒေါ်လာတန်းဖိုးနဲ့ အပြင်ပေါက်ဈေးရဲ့ ကွာဟမှု ကြီးမာတာကြောင့် ဟွန်ဒီနည်းနဲ့ ငွေလွှဲကြပါတယ်။ ဒါပေမဲ့ ၂၀၁၂ မှာ ငွေဖလှယ်တဲ့ စနစ်ပြောင်းလဲလိုက်တဲ့ နောက်ပိုင်းမှာ ထိုင်းဘဏ်က မြန်မာဘဏ်ကို လွှဲပြောင်းတဲ့နည်းကို ကျင့်သုံးလာတာ တွေ့ရပါတယ်။ ငွေပို့လုပ်ငန်းတွေဖြစ်တဲ့ MoneyGram နဲ့ Western Union လို အဖွဲ့တွေကတဆင့် မြန်မာပြည်က ပုဂ္ဂလိကဘဏ်ကို ငွေလွှဲတဲ့နည်းကိုလည်း သုံးလာကြပါတယ်။ ဘတ်ငွေတသိန်းပို့ရင် ပို့ခအဖြစ် ဘတ် (၂၀၀) လောက် ယူလေ့ရှိပါတယ်။ ဒါပေမဲ့ ကြားပွဲစားကိုပဲ အသုံးများတယ်လို့ ဆိုပါတယ်။

ငွေလွဲပြောင်းဖို့ တာဝန်ယူတဲ့ ကြားပွဲစားဟာ ထိုင်းကနေ ငွေပို့တဲ့နေရာမှာရော မြန်မာပြည်က ငွေထုတ်တဲ့နေရာမှာရော ဘဏ်လုပ်ငန်းကို အသုံးပြုလာတာ တွေ့ရတယ်လို့ Koji Kubo က ဆိုပါတယ်။ ဘဏ်ခွဲတွေ များလာတာကြောင့် ငွေပို့တဲ့ဓလေ့လည်း ပုံစံပြောင်းသွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ငွေပို့လုပ်ငန်းမှာ အပြိုင်အဆိုင် ဖြစ်လာနိုင်ပါတယ်။ ကောက်ယူထားတဲ့ ရွှေ့ပြောင်းလုပ်သား စစ်တမ်းအရ ငွေပို့နည်း ရွေးချယ်ပုံကို လေ့လာတဲ့အခါမှာ မြန်မာဘက်က ငွေထုတ်ယူလို့ အဆင်ပြေတဲ့နေရာကို ဦးစားပေးတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်မှာ ဘဏ်ခွဲတွေများလာတဲ့အခါမှာ ထိုင်း-မြန်မာ ငွေပို့လုပ်ငန်းကို ဘဏ်တွေက လုပ်ကိုင်သွားလိမ့်မယ်လို့ Koji Kubo က ဆိုပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေ ထိုင်းနိုင်ငံမှာ စိတ်ချလက်ချ အလုပ်လုပ်နိုင်ပြီး မြန်မာ့ဘဏ်လုပ်ငန်းကို ယုံကြည်စိတ်ချမယ်ဆိုရင် ဘဏ်တိုက်က ငွေလွှဲတဲ့စနစ် ထွန်းကားလာမှာမို့ မြန်မာ့ဘဏ်တွေမှာ ဒေါ်လာငွေတွေ ပုံလာနိုင်ပါတယ်။ မြန်မာပြည်သား (၁၀) ရာခိုင်နှုန်းဟာ နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ငွေပြန်ပို့နေကြပေမယ့် ကြားပွဲစားကို သုံးနေကြပါတယ်။ နိုင်ငံခြားရောက် မြန်မာလုပ်သားတွေအားလုံးဟာ ပြန်ပို့တဲ့ ငွေပမာဏဟာ တနှစ်မှာ ဒေါ်လာသန်းငါးရာကျော် ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒီငွေဟာ အစိုးရဘဏ်ကို မရောက်တဲ့အတွက် မြန်မာအစိုးရ နစ်နာဆုံးရှုံးရပါတယ်။

နိုင်ငံခြားထွက် အလုပ်လုပ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားဦးရေနဲ့ မြန်မာရွေ့ပြောင်းလုပ်သားဦးရေဟာ အတူတူလောက်ရှိပေမယ့် ပြန်ပို့ငွေကို ပုံမှန်ဘဏ်လုပ်ငန်းကတဆင့် လွှဲပေးကြတာမို့ ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်ဟာ နှစ်စဉ်ဒေါ်လာသန်းတထောင်ကျော် ဝင်ငွေရနေကြောင်း သိရပါတယ်။ ဒါပေမဲ့ ရွှေ့ပြောင်းလုပ်သားအားလုံး မြန်မာ့ဘဏ်စနစ်ကို ယုံကြည်လာဖို့ဆိုတော့ အချိန်အတော်ကြာဦးမှာ ဖြစ်ပါတယ်။ အနှစ် (၅၀) လောက် အယုံအကြည်ကင်းမဲ့ခဲ့တဲ့ ဘဏ်လုပ်ငန်းကို ချက်ချင်း ယုံကြည်ဖို့ ခက်ခဲပါတယ်။ ရွှေ့ပြောင်းလုပ်သားဟာ တိုင်းပြည်အတွက် အရေးပါတာကို မြန်မာအစိုးရ သဘောပေါက်ဖို့ အလွန်အရေးကြီးပါတယ်။