စစ်တပ်က မြေယာသိမ်းယူမှု၊ မြို့ပြတိုးချဖို့အတွက် မြေယာသိမ်းယူမှု၊ စက်မှုဇုန် နဲ့ အခြားပုဂ္ဂိုလ်က စီးပွားရေးလုပ်ငန်းအတွက် မြေယာသိမ်းယူမှု စတာတွေကြောင့် ထိခိုက်နစ်နာတဲ့ တောင်သူလယ်သမားတွေ ဆန္ဒကန့်ကွက်ကြပါတယ်။ ဆန္ဒပြလို့ အကျဉ်းကျခံရသူတွေ ရှိပါတယ်။ ဒီပြဿနာကို ဥပဒေနဲ့အညီ ဖြေရှင်းပြီးတဲ့အထိ လယ်မြေသိမ်းဆည်းမှုကို ရပ်ဆိုင်းထားဖို့ သမ္မတဦးထင်ကျော်က မေလ (၅) ရက်နေ့က ညွှန်ကြားချက်ထုတ်ထားပါတယ်။ မြေအရင်းအမြစ်ကို နိုင်ငံတော်ပိုင်တယ်လို့ သတ်မှတ်ပြီး အဂတိလိုက်စားတဲ့ အစိုးရအဖွဲ့အစည်းက မြေယာကို ထင်သလို သိမ်းပိုက်ရာက ပြဿနာပေါ်တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
မြေယာကို အစိုးရပိုင်အဖြစ် သတ်မှတ်တဲ့ ဗမာစစ်အုပ်စုအမြင်ဟာ တိုင်းရင်းသားအမြင်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ မေလနှောင်းပိုင်းက ထုတ်ပြန်ကြေညာတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ မြေယာမူဝါဒမှာ မြေယာကို ပြည်သူလူထုက ပိုင်တယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ မိရိုးဖလာဓလေ့ ထုံးစံအရ မြေယာပိုင်ဆိုင်ခွင့်နဲ့ ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းက ထုတ်ပေးထားတဲ့မြေယာ ပိုင်ဆိုင်ခွင့်ကို သက်ဆိုင်ရာ ပြည်နယ်အစိုးရက အသိအမှတ်ပြုဖို့ KNU က တောင်းဆိုထားပါတယ်။ ဒါကြောင့် အစိုးရမြေယာဥပဒေမှာ ဖော်ပြတဲ့ မြေလွတ်မြေရိုင်းဆိုတာ တိုင်းရင်းသားဒေသမှာ မရှိဘူးလို့ ဆိုပါတယ်။
လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းက မြေအရင်းအမြစ်နဲ့ ပတ်သက်တဲ့ သုတေသနစာတမ်း တစောင်ထွက်လာပါတယ်။ သုတေသီ (၅) ဦး ပြုစုပြီး၊ နယ်သာလန်အခြေစိုက် TNI – Transnational Institute က ထုတ်ဝေတဲ့ “The Meaning of Land in Myanmar - မြေအဓိပ္ပါယ်” ဆိုတဲ့ စာတမ်း ဖြစ်ပါတယ်။ မြေနဲ့ ပတ်သက်တဲ့အမြင် ကွဲပြားမှုကို တင်ပြထားပါတယ်။ ဒီစာတမ်းပြုစုနိုင်ဖို့အတွက် TNI ဟာ မြန်မာနိုင်ငံမှာ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။ မြေယာကို တန်းဖိုးထားသူဟာ တောင်သူလယ်သမားဖြစ်ပြီး၊ စီးပွားရေးသမားဟာ မြေယာက အမြတ်ထွက်ဖို့သာ စိတ်ဝင်စားပြီး လယ်သမားကို စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။ ငွေရင်းအများအပြားနဲ့ လုပ်ကိုင်နေတဲ့ လုပ်ငန်းကြီးတွေဟာ ဒေသခံတွေရဲ့ တိုးတက်ဖွံ့ဖြိုးရေးကို အဓိက မထားပါဘူး။ လက်ပံတောင်းတောင်၊ ဖားကန့်၊ ကျောက်ဖြူ၊ ထားဝယ်၊ သံလွင်ရေကာတာ စတဲ့ စီမံကိန်းတွေဟာ ဒေသခံပြည်သူလူထုကို အကျိုးမပြုပေမယ့် ငွေရှင်နဲ့ အာဏာပိုင်တွေကို ချမ်းသာစေပါတယ်။
ဦးသိန်းစိန်အစိုးရကတော့ ဒီပြဿနာကို အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီက ကိုင်တွယ်တယ်လို့ ဆိုပါတယ်။ အခြေခံမူဝါဒ ချမှတ်ရေးမှာ ပြည်သူပါဝင်ဆွေးနွေးနိုင်အောင် အကြံပြုဆွေးနွေးပွဲ (၁၇) ကြိမ် ကျင်းပခဲ့ကြောင်း သိရပါတယ်။ မြေအသုံးချမှုနဲ့ ပတ်သက်ပြီး အစိုးရဌာနအမျိုးမျိုးက ဥပဒေအမျိုးမျိုးကို ကျင့်သုံးနေတာဟာလည်း မြေအရင်းအမြစ် ပြဿနာကို ပိုမိုရှုပ်ထွေးစေပါတယ်။ ဒါကြောင့် မြေနဲ့ဆက်စပ်တဲ့ ဥပဒေတွေ သဟဇာတဖြစ်စေဖို့အတွက် ခြုံငုံထားတဲ့ ဥပဒေကို ရေးဆွဲနေတယ်လို့ ဆိုပါတယ်။ မြေအရင်းအမြစ် စီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် နိုင်ငံခြားအကူအညီရယူပြီး ရှေ့ပြေးစမ်းသပ် စီမံကိန်းတွေ လုပ်နေတယ်လို့ ဦးသိန်းစိန်အစိုးရက ဆိုပါတယ်။
ဆိုရှယ်လစ်စနစ် ကျင့်သုံးတယ်ဆိုတဲ့ မဆလစစ်အစိုးရခေတ် အနှစ်အစိတ်မှာ စိုက်ပျိုးရေးကို ချုပ်ကိုင်တဲ့အတွက် လယ်ယာကုန်ထုတ်လုပ်မှု ကျဆင်းတဲ့ဒဏ်ကို ဈေးကွက်စနစ် ကျင့်သုံးချိန်အထိ ခံနေရတယ်လို့ ဒီဇင်ဘာလထုတ် ADB စာတမ်းက ဆိုပါတယ်။ ပြုပြင်နိုင်ရင် အလားအလာ ရှိပေမယ့် ဦးသိန်းစိန်အစိုးရပြဌာန်းတဲ့ ဥပဒေသစ်တွေ အကောင်အထည်ဖော်ရာမှာ မရှင်းလင်းတာနဲ့ တရားမျှတမှု မရှိတာတွေကို တွေ့ရပါတယ်တဲ့။ ဒါကို ပြုပြင်နိုင်မှ ယုံကြည်မှု ရှိလာပါလိမ့်မယ်။ ကန်ထရိုက် လယ်ယာစနစ်မှာ တရားဥပဒေ ထိန်းချုပ်မှုအားနည်းရင် လယ်သမားဘက်က ခံရဖို့များတယ်လို့ သုံးသပ်ပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဟာ ရေတိုတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီနေရာမှာ ဆန်းစပါး အသင်းချုပ်ရဲ့ ဆောင်ရွက်ချက်တွေကို ADB စာတမ်းမှာ ဖော်ပြထားပါတယ်။
မြေယာအားလုံးကို အစိုးရပိုင်အဖြစ် သတ်မှတ်တာဟာ စိုက်ပျိုးလယ်ယာ တိုးတက်ဖွံ့ဖြိုးရေးမှာ အကြီးဆုံး အဟန့်အတားပဲလို့ ဘောဂဗေဒပညာရှင် Sean Turnell နဲ့ Wylie Bradford က ဆိုပါတယ်။ ၂၀၁၂ မှာ လယ်ယာမြေဥပဒေနဲ့ မြေလွတ်မြေလပ်နဲ့ မြေရိုင်းစီမံခန့်ခွဲရေး ဥပဒေကို ပြဌာန်းလိုက်ပေမယ့် တောင်သူလယ်သမားကို အကျိုးပြုတာကနည်းနည်း ခရိုနီအရင်းရှင်နဲ့ လယ်ယာစီးပွားရေးလုပ်ငန်းရှင်တွေ မြေသိမ်းနိုင်အောင် အထောက်အကူပြုတာဟာ ခပ်များများ ဖြစ်နေတယ်လို့ သုံးသပ်ပါတယ်။ လယ်ယာမြေဥပဒေဟာ အစိုးရရဲ့ စီမံခန့်ခွဲမှု အဖွဲ့အဆင့်အဆင့်ကို အာဏာအပ်နှင်းတဲ့ ဥပဒေ ဖြစ်ပါတယ်။
လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့တွေက ချပေးမှ တောင်သူလယ်သမားဟာ လုပ်ပိုင်ခွင့် ရကြပါတယ်။ လယ်သမားပိုင်တဲ့ လုပ်ပိုင်ခွင့် မဟုတ်ပါဘူး။ အငြင်းပွားမှုကို ဖြေရှင်းသူဟာလည်း လုပ်ပိုင်ခွင့်ချပေးတဲ့ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့တွေပဲ ဖြစ်နေပါတယ်။ သီးခြားလွတ်လပ်တဲ့ ခုံရုံးမဟုတ်ပါဘူး။ တောင်သူလယ်သမားရဲ့ လုပ်ပိုင်ခွင့်ဟာ အစိုးရရဲ့ စီမံခန့်ခွဲမှုအဖွဲ့တွေရဲ့ လက်ထဲကရေလို ဖြစ်နေတဲ့အတွက် မြေယာလုပ်ပိုင်ခွင့် မရှိဘူးလို့ ဝေဖန်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တောင်သူလယ်သမားတွေ မိမိမြေယာမှာ လုံခြုံစိတ်ချစွာ အလုပ်လုပ်နိုင်ရေးဟာ အစိုးရသစ်ရဲ့ ထိပ်တန်းဦးစားပေး ဖြစ်သင့်တယ်လို့ သုံးသပ်ပါတယ်။