သဘာဝသယံဇာတ ထုတ်ယူရောင်းချလို့ ချမ်းသာလာတဲ့ မြန်မာအစိုးရ၊ မြန်မာစစ်အုပ်စုနဲ့ ခရိုနီကုမ္ပဏီကြီးတွေဟာ သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီရာမှာ မစို့မပို့ ဖြစ်နေတာကို တွေ့ရပါတယ်။ နိုင်ငံပိုင် သတင်းစာတွေမှာ အစိုးရနဲ့ စစ်အုပ်စုရဲ့ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေကို ဓါတ်ပုံနဲ့ ဝေဝေဆာဆာ ဖော်ပြပေမယ့် နိုင်ငံခြားအကူအညီနဲ့ ယှဉ်လိုက်ရင် အစိုးရ၊ စစ်အုပ်စုနဲ့ ခရိုနီတို့ရဲ့ ထောက်ပံ့မှုက အလွန်နည်းပါးနေပါတယ်။ ရေးဘေးကယ်ဆယ်ရေး အရေးပေါ်ရန်ပုံငွေ ဒေါ်လာ သန်း (၅၀) လောက် လိုလိမ့်မယ်လို့ ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေးဌာနက ခန့်မှန်းပါတယ်။
ကုလသမဂ္ဂ ကယ်ဆယ်ရေးဌာနက ဒေါ်လာ (၉) သန်း မတည်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်ကိုင်နေပါတယ်။ အခြေအနေကိုလိုက်ပြီး ခန့်မှန်းတာထက်ပိုပြီး ကုန်ကျနိုင်ပါတယ်။ ကျပ်ငွေသိန်းပေါင်း တစ်သောင်း ကယ်ဆယ်ရေး အကူအညီပေးပို့ အစိုးရက လျာထားတယ်လို့ လူမှုဝန်ထမ်းဝန်ကြီးဌာနက ဆိုပါတယ်။ ကာလပေါက်ဈေးနဲ့တွက်ရင် ဗမာအစိုးရရဲ့ လျာထားငွေဟာ ဒေါ်လာရှစ်သိန်းသာ ရှိပါတယ်။ နိုင်ငံခြားကို ဓါတ်ငွေ့ရောင်းလို့ရတဲ့ ဗမာအစိုးရရဲ့ လစဉ်ဝင်ငွေဟာ ဒေါ်လာသန်း (၁၇၀) ကျော် ရှိပါတယ်။ မုန်တိုင်းဒဏ်ခံရတဲ့ ဘင်္ဂလားဒေ့ရှ်ကတောင် ဒေါ်လာ (၈) သိန်း ကူညီထားပါတယ်။
သမ္မတနဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ရေဘေးကယ်ဆယ်ရေးခရီးသွား ဓါတ်ပုံနဲ့ အကူအညီပေးပုံကို သတင်းမီဒီယာတွေမှာ တွေ့ရတာ ကြည့်ကောင်းတဲ့ ပြကွင်းပြကွက်ဖြစ်လို့ ကုလသမဂ္ဂကတောင် ချီးကျူးလိုက်ပါသေးတယ်။ မြန်မာ့စီးပွားရေးမှာ လက်ဝါးကြီးအုပ်ထားတဲ့ စစ်တပ်ပိုင်ကုမ္ပဏီကြီး (၂) ခုရဲ့ အလှူငွေကိုလည်း သြဂုတ်လ (၁၀) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာက ဂုဏ်ယူဝင့်ကြွားစွာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းရဲ့ ရေဘေးအလှူငွေဟာ ဒေါ်လာ (၁) သောင်းခွဲသာရှိပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်ရဲ့ အလှူငွေဟာ ဒေါ်လာ (၉) ထောင်သာ ရှိပါတယ်။ စစ်အာဏာရှင်မြှောက်စားလို့ ကြီးပွားသွားတဲ့ ကမ္ဘောဇကုမ္ပဏီကတော့ ငွေနဲ့ ပစ္စည်း ဒေါ်လာ (၁) သန်းခွဲဖိုးလှူပြီး သယ်ယူပို့ဆောင်ရေးစတဲ့ ဝန်ဆောင်လုပ်ငန်းတွေရဲ့ ကုန်ကျစရိတ် ဒေါ်လာ (၂) သန်း အသုံးပြုကြောင်း သိရှိရပါတယ်။
မေလ (၁၈) ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးကော်မတီ အစည်းအဝေးမှာ ပြည်နယ်နဲ့တိုင်း ဒေသကြီးအစိုးရတွေ သဘာဝဘေး ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားပုံကို တင်ပြကြပါတယ်။ သဘာဝဘေးဒဏ် သက်သာစေရေး (reduction), ခံနိုင်အောင် ကြိုတင်ပြင်ဆင်ရေး (readiness), တုံ့ပြန်ရေး (response), ပြန်လည်ထူထောင်ရေး (revovery) စတာတွေ လုပ်ထားတယ်လို့ အစည်းအဝေးမှာ ပြောပါတယ်။ သဘာဝဘေးအန္တရာယ် ဥပဒေပြဌာန်းပြီး ကျေးရွာအဆင့်အထိ စီမံခန့်ခွဲထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နောက်တလလောက်ကြာလို့ ရေကြီးတော့ ကယ်ဆယ်ရေးမှာ ဗဟိုနဲ့ ပြည်နယ်အစိုးရတွေ နှောင့်နှေးခဲ့တဲ့ သတင်းတွေကိုသာ ကြားရပါတယ်။ စကားကြီး စကားကျယ်ပြောပြီး လက်တွေ့မလုပ်နိုင်ဘူးလို့ မိုးလေဝသပညာရှင် ဦးထွန်းလွင် ပြောသလို ဖြစ်နေပါတယ်။
ဝါရင့်မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကို သတင်းမီဒီယာတွေက တွေ့ဆုံမေးမြန်းကြပါတယ်။ ဦးသိန်းစိန်အစိုးရ ယောင်ခြောက်ဆယ် ဖြစ်နေလို့ ဇူလိုင် (၁) လလုံး မိုးရွာရေကြီးပေမယ့် လကုန်မှ အရေးပေါ် အခြေအနေကို ကြေညာနိုင်ပါတယ်။ ရေဘေးသင့်သူတွေ မိမိဘာသာ ရပ်တည်ဖို့နဲ့ ကယ်ဆယ်ရေးလုပ်ဖို့ ခက်ခဲနေရင် အရေးပေါ်အခြေအနေ ကြေညာရမှာ ဖြစ်ပေမယ့် တာဝန်ပျက်ကွက်ခဲ့ပါတယ်။ အရေးပေါ် အခြေအနေကြေညာဖို့ ဒေါက်တာထွန်းလွင်ပြောပြီး (၄) ရက်ကြာမှ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ အရေးပေါ် အခြေအနေ အစိုးရက ကြေညာပါတယ်။ ဟန်ပြလုပ်တာများပြီး လက်တွေ့အကောင်အထည်ဖော်ရာမှာ အလွန်ညံ့တယ်လို့ ဆိုပါတယ်။ ကောက်ရိုးမီးလို ရုတ်တရက် ထလုပ်ပြီး ရေရှည်စီမံကိန်း အကောင်အထည် မဖော်နိုင်ဘူးလို့ ဦးထွန်းလွင် က ဆိုပါတယ်။
နှစ်ပေါင်းများစွာ အာဏာအလွဲသုံးစားလုပ်ပြီး သစ်ရောင်းစားမှု၊ အဆင့်မမီတဲ့ဆည်တွေ တည်ဆောက်မှု၊ အမြော်အမြင်ကင်းမဲ့တဲ့ စီမံချက်တွေ အကောင်အထည်ဖော်မှု စတာတွေကြောင့် တောပြုန်းပြီး သဘာဝဂေဟစနစ်ကြီး ပျက်စီးသွားတာကြောင့် ရေဘေးဖြစ်ပွားမှုဟာ ပိုမို ကြီးမားလာပါတယ်။ ရေဘေးကယ်ဆယ်ရေးမှာ ရွေးကောက်ပွဲစည်းရုံးဖို့ နိုင်ငံရေးပါတီတွေ အလုပ်ရသွားပါတယ်။ ဒါပေမဲ့ ပြည်သူ့အကျိုးသယ်ပို့ရာမှာ ဘယ်သူက ဟန်ပြလုပ်ပြီး၊ ဘယ်သူက တကယ်လုပ်တယ်ဆိုတာကို ရေဘေးကယ်ဆယ်ရေးက ပြသနေတာကို မဲဆန္ဒရှင် ပြည်သူလူထအနေနဲ့ နားလည်သဘောပေါက်နိုင်ပါတယ်။
အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကတွေကလည်း ရေဘေးအတွက် လှူဒါန်းကြပါတယ်။ ဒီနှစ်ထဲမှာ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးဖို့အတွက် နိုင်ငံခြား က ထောက်ပံ့ဖို့ ကတိပြုထားတာ ဒေါ်လာ သန်းရာကျော်ရှိပါတယ်။ ထူးဆန်းတာ ကတော့ မနှစ်က သဘာဝဓါတ်ငွေ့ကရတဲ့ မြန်မာအစိုးရရဲ့ ဝင်ငွေ ဟာ ဒေါ်လာသန်းပေါင်း (၃၃၀၀) ရှိပေမယ့် ရေဘေးအတွက် လျာထားတဲ့ အလှူငွေက ဒေါ်လာ (၁) သန်းတောင် မရှိတာပဲ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ စီးပွားရေး ဦးပိုင်လီမီတက်မှာ ဒေါ်လာသန်း (၂) သောင်းကျော်ရှိတယ်လို့ သတင်း ထွက်ပေမယ့် ဒေါ်လာ (၉) ထောင်သာ ရေဘေးမျာ ကူညီပါတယ်။ “ဇာတိကို သိချင်ရင် အမှုအကျင့်ကိုကြည့်” ဆိုတဲ့ မြန်မာစကားပုံကိုသာ သတိရမိပါတယ်။