ရသုံးငွေစာရင်း ပြဿနာ

တိုင်းပြည်စီးပွားရေး တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းရာမှာ အစိုးရရဲ့ ရသုံးငွေစာရင်းဆိုင်ရာ ဘဏ္ဍာရေးပေါ်လစီ Fiscal Policy ဟာ အရေးပါတဲ့ အခြေခံတခု ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရတွေဟာ ရတဲ့ငွေနဲ့ သုံးတဲ့ငွေ မျှတအောင် သုံးလေးရှိပါတယ်။ မြန်မာအစိုးရကတော့ ရတဲ့ငွေထက်ပိုပြီး သုံးစွဲလာတာ အနှစ် (၅၀) ကျော် လာပါပြီ။ ငွေလိုတိုင်း ရိုက်ထုတ်သုံးစွဲနေတဲ့အတွက် အကြီးအကျယ် ငွေကြေးဖောင်းကြွပြီး ကျပ်ငွေဟာ တန်းဖိုးမရှိတဲ့ ငွေစက္ကူ ဖြစ်လာပါတယ်။ ငွေကြေးဖောင်းကြွနှုန်း မြင့်မားတဲ့ မြန်မာပြည်မှာ အစိုးရ အသုံးစရိတ် အမြဲတမ်း လိုငွေပြတာ မကောင်းတဲ့ လက္ခဏာပါ။

စစ်အစိုးရအဆက်ဆက်က ပုံပျက်ပန်းပျက် ဖြစ်လာတဲ့ အစိုးရ ရသုံးငွေစာရင်းကို ဘယ်လို စီမံခန့်ခွဲပြီး ဘယ်လို စည်းစနစ်နဲ့ ကျင့်သုံးနေတာနဲ့ ပတ်သက်တဲ့စာတမ်းကို ဒေါက်တာဇော်ဦး နဲ့ သုတေသီ (၈) ဦးကရေးပြီး လွန်ခဲ့တဲ့ ဇွန်လက ADB အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ဝေပါတယ်။ ၂၀၁၁ နေပြည်တော်မှာ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာလည်း ရသုံးခန့်မှန်းခြေ ငွေစာရင်းဦးစီးဌာနက စာတမ်းတင်သွင်းပြီး ဆက်တိုက် လိုငွေပြနေမှု အခြေအနေတွေကို ဖော်ပြထားပါတယ်။ ရငွေ နဲ့ သုံးငွေ ညီမျှတဲ့ Balanced Budget ဖြစ်ဖို့ ရည်မှန်းတယ်လို့ ဆိုပေမယ့် အကောင်အထည် ပေါ်နိုင်ဖို့ကတော့ အများကြီး လိုပါသေးတယ်။

မြန်မာပြည်မှာ စီးပွားရေးနဲ့ တိုးတက်ဖွံ့ဖြိုးမှု နိမ့်ကျရတဲ့အကြောင်းရင်းကို စစ်အစိုးရရဲ့ ရသုံးငွေစာရင်းမှာ တွေ့နိုင်ပါတယ်။ စစ်တပ်ရဲ့ စရိတ်စကဟာ တိုင်းပြည်ရဲ့ ကျန်းမာရေး၊ ပညာရေးစရိတ် (၂) ခုပေါင်းထက် ပိုများနေပါတယ်။ ကျန်းမာရေး၊ ပညာရေးထက် စစ်ရေးကို ဦးစားပေးတဲ့ နိုင်ငံဟာ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံ တနိုင်ငံတည်းသာ ရှိပါတယ်။ အခွန်စည်းကြပ်ရေး အားနည်းမှု၊ အခွင့်ထူးခံမှု နဲ့ အဂတိ လိုက်စားမှုတွေကြောင့် အစိုးရမှာ ဝင်ငွေ ဘယ်လောက်ရှိပြီး၊ ဘယ်လောက် သုံးတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိနိုင်ပါဘူး။ အစိုးရ ဝင်ငွေများလာအောင် အခွန်စည်းကြပ်တဲ့စနစ်ကို ပြုပြင်တာမျိုး ရှိသလို၊ ရင်းနှီးမြုပ်နံှမှုကို ဆွဲဆောင်တဲ့အနေနဲ့ အခွန်ကင်းလွတ်ခွင့် ပေးတာမျိုးလည်း ရှိပါတယ်။ သီးခြားလွတ်လပ်တဲ့ ဗဟိုဘဏ်ကို (၂၀၁၃) မှာ တည်ထောင်ပြီး လိုငွေပြမှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းပါတယ်။

ဒါပေမဲ့ အနှစ် (၂၀) ကျော် ဗရမ်းဗတာ ဖြစ်လာတာကို မှန်ကန်အောင်လုပ်ဖို့ အခက်အခဲ ရှိနေဆဲဖြစ်ပုံ ရပါတယ်။ စစ်အသုံးစရိတ်ဟာ ပညာရေး၊ ကျန်းမာရေး အသုံးစရိတ်ထက် ပိုများနေတုန်းပါ။ ဘတ်ဂျက်ကို ပထမဆုံးအကြိမ် (၂၀၁၂) မှာ ထုတ်ပြန်ကြေညာပေမယ့် မပွင့်လင်းတာတွေ အများကြီး ရှိနေတုန်း ဖြစ်ပါတယ်။ အစိုးရဌာနနဲ့ အဖွဲ့အစည်းတွေ အမည်မသိ အခြားစာရင်းဆိုပြီး ပြထားတာက (၁၃,၄၀၀) ကျော် ရှိပါတယ်။ အရေးကြီးတဲ့ စာရင်းဇယားကို အကုန်လုံး ကြေညာတာ မဟုတ်ပါဘူး။ ဥပမာ ဓါတ်ငွေ့ဒေါ်လာကို အတိအကျ မသိနိုင်ဘူးလို့ ဆိုပါတယ်။ ၂၀၁၃ မှာ ဓါတ်ငွေ့ဒေါ်လာသန်း (၃၆၀၀) ရတယ်လို့ ဆိုတာမို့ အခုဆိုရင် ပိုများဖို့သာ ရှိပါတယ်။ သယံဇာတ ရောင်းလို့ရတဲ့ ဝင်ငွေကို လိမ္မာပါးနပ်စွာ အသုံးပြုပြီး လူမှုရေးနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးမှာ ရင်းနှီးမြုပ်နံှဖို့ လိုပါတယ်။

အစိုးရကို အသုံးစရိတ် ရှာပေးသူထဲမှာ နိုင်ငံပိုင်လုပ်ငန်းတွေ အဓိက ပါဝင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ နိုင်ငံပိုင် လုပ်ငန်းကြီးတွေ ရှိပေမယ့် ဗမာအစိုးရ ရရှိတဲ့ အခွန်ပမာဏဟာ (၂၀၁၃) မှာ နိုင်ငံလုံးဆိုင်ရာ အသားတင်ထုတ်လုပ်မှုရဲ့ (၆) ရာခိုင်နှုန်းသာ ရှိပါတယ်။ အာဆီယံ (၁၀) နိုင်ငံထဲမှာ ဗမာအစိုးရရဲ့ ဝင်ငွေ အချိုးအစားဟာ အနည်းဆုံး ဖြစ်နေပါတယ်။ မြန်မာ့အခွန်စည်းကြပ်မှုဟာ ရှုပ်ထွေးညံ့ဖျင်းတဲ့အတွက် ရသင့်သလောက် မရနိုင်ပါဘူး။ အစိုးရကတော့ (၂၀၁၈) မှာ တိုင်းပြည်အသားတင် ထုတ်လုပ်မှုရဲ့ (၁၀) ရာခိုင်နှုန်း အခွန်တော် စည်းကြပ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ တချိန်တည်းမှာပဲ အသုံးစရိတ် လိုငွေပြမှုကို အသားတင်ထုတ်လုပ်မှုရဲ့ (၅) ရာခိုင်နှုန်း ဝန်းကျင်လောက်ထားမယ်လို့ ရည်ရွယ်ထားပါတယ်။ လိုငွေကို ချေးငှားတဲ့နည်းတွေနဲ့ ဖြည့်ဆည်းမှာမို့ ငွေစက္ကူ ရိုက်ထုတ်မှု လျော့နည်းသွားနိုင်ပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီလကစပြီး ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို ရသုံးခန့်မှန်းချေ ငွေစာရင်းဦးစီးဌာနက ရေးဆွဲချမှတ်ပါတယ်။ ဒေသဆိုင်ရာနဲ့ နိုင်ငံတကာ အဆင့်အတန်းမီတဲ့ ငွေစာရင်းစနစ် ပေါ်ပေါက်လာရေးပဲ ဖြစ်ပါတယ်။ တာဝန်သိမှုနဲ့ သိသာမြင်သာမှုက အရေးကြီးပါတယ်။ သယံဇာတက ရတဲ့ငွေကို ဖော်ပြဖို့အတွက် သတင်းမီဒီယာနဲ့ အရပ်သားအဖွဲ့အစည်းတွေကလည်း လုပ်နိုင်တယ်လို့ ဆိုပါတယ်။ အဆင့်အတန်းရှိပြီး သိသာမြင်သာတဲ့ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုဟာ အားလုံးအတွက် အရေးကြီးပါတယ်။ ရသုံးငွေစာရင်းကို မှန်ကန်စွာပြနိုင်တဲ့ အစိုးရကိုသာ ယုံကြည်ကြပါလိမ့်မယ်။

ဘဏ္ဍာရေး ပြုပြင်မှု အောင်မြင်ဖို့အတွက် ဝန်ကြီးဌာနတိုင်း ပြုပြင်ရေးမူဝါဒကို လိုက်နာဖို့ လိုပါတယ်။ ဒီနေရာမှာ ကာကွယ်ရေးဝန်ကြီးဌာနဟာ ကြားကနေ ကန့်လန့်ကန့်လန့် ဖြစ်နေပါတယ်။ ကာကွယ်ရေးဌာန ငွေစာရင်းဟာ စစ်ရေးလျှို့ဝှက်ချက်လို့ ဖြစ်နေပါတယ်။ ကာကွယ်ရေးဌာန အသုံးစရိတ်ကို စစ်ဆေးသူနဲ့ ပြည်သူတွေ သိသင့်ပါတယ်။ စာရင်းစစ်ချုပ်ဟာ ကာကွယ်ရေးဌာန အနားတောင် မကပ်နိုင်ပါဘူး။ ကာကွယ်ရေးဌာနဟာ အစိုးရလက်အောက်ခံ မဟုတ်ဘဲ သီးခြားလွတ်လပ်တဲ့ ဝန်ကြီးဌာနလို ဖြစ်နေတာဟာလည်း ဘဏ္ဍာရေးစနစ် ပြုပြင်မှုကို ပြက်ရယ်ပြုသလို ဖြစ်နေပါတယ်။