တရားမျှတစွာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး

burma-garment-economy

အာဆီယံ (ASEAN) ဆယ်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း (၉၀) က (၉၉) ရာခိုင်နှုန်းဟာ အသေးစားနဲ့ အလတ်စားတွေ ဖြစ်ပါတယ်။ အလုပ်အကိုင် အများဆုံးပေးနိုင်ပြီး တိုင်းပြည်ရဲ့ အသားတင်ထုတ်လုပ်မှုမှာ အရေးကြီးတဲ့အခန်းက ပါဝင်ပါတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးရေးဟာ အာဆီယံစီးပွားရေးအသိုက်အဝန်းရဲ့ အဓိကဦးတည်ချက်တခုပါ။ ဒါကို တရားမျှတစွာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး (Equitable Economic Development) လို့ ခေါ်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်း (၉၉) ရာခိုင်နှုန်းက မတိုးတက်ဘဲ တစ်ရာခိုင်နှုန်းကသာ တိုးတက်ကြီးပွားနေရင် မတရားဘူးလို့ပြောတဲ့ သဘောဖြစ်ပါတယ်။

အသေးစားနဲ့ အလတ်စားလုပ်ငန်းမြှင့်တင်ရေး အာဆီယံ (၁၀) နှစ် စီမံကိန်းကို ၂၀၀၄ မှာ ရေးဆွဲတာမို့ ဒီနှစ်ဟာ နောက်ဆုံးနှစ်ဖြစ်ပါတယ်။ ဥပဒေပြဌာန်းရေး၊ ငွေကြေးထောက်ပံ့ရေး၊ အတတ်ပညာရရှိရေး စတာတွေကို ပြုစုပျိုးထောင်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းဟာ ဘာလဲဆိုတာကို အရင်ဆုံး အဓိပ္ပါယ်ဖွင့်ဖို့လိုပါတယ်။ ဒါမှသာ မြှင့်တင်ဖို့ရည်ရွယ်တဲ့ လုပ်ငန်းကို လိုအပ်သလို ကူညီနိုင်ပါလိမ့်မယ်။ မြန်မာရဲ့ အားနည်းချက်တွေကို အာဆီယံစီးပွားရေး သုတေသနဌာန ဇွန်လက ထုတ်ပြန်ခဲ့တဲ့ ၂၀၀၄ ASEAN SME Policy Index အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အသေးစားနဲ့ အလတ်စားလုပ်ငန်းနဲ့ ပတ်သက်ပြီး ၁၉၉၀ မှာ ပြဌာန်းတဲ့ ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေနဲ့ လက်ရှိအစိုးရရဲ့ ဥပဒေမူကြမ်းဟာ အဓိပ္ပါယ်ဖွင့်ဆိုပုံ ကွဲပြားပါတယ်။ စစ်အစိုးရဟာ နီးစပ်တဲ့ ခရိုနီတွေရဲ့ အကျိုးစီးပွားမြှင့်တင်ရေးကိုသာ ဦးစားပေးခဲ့ပါတယ်။ ရှုပ်ထွေးတဲ့စည်းမျဉ်းတွေ မကြာခဏ ပြဌာန်းမှု၊ လုပ်နည်းလုပ်ထုံးကြန့်ကြာမှု၊ လက်ဝါးကြီးအုပ်မှု၊ အခွင့်ထူးခံစားမှု၊ အဂတိလိုက်စားမှု စတာတွေဟာ အသေးစားနဲ့ အလတ်စား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေပါတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဌာနကို ၂၀၁၂ ရောက်မှ စက်မှုဝန်ကြီးဌာနအောက်မှာ ဖွဲ့စည်းနိုင်တာကိုကြည့်ရင် စစ်အစိုးရရဲ့ လစ်ဟင်းမှုနဲ့ လျစ်လျူရှုမှုတွေကို သိနိုင်ပါတယ်။ ၁၉၉၀ က ၂၀၁၂ အထိ အနှစ် (၂၀) ကျော်မှ မည်မည်ရရ လုပ်နိုင်တာကို ပြစရာမရှိသလောက် ဖြစ်နေပါတယ်။

အသေးစားနဲ့ အလတ်စားလုပ်ငန်း မြှင့်တင်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီကို မနှစ်ကမှ ဖွဲ့စည်းပါတယ်။ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်း ပြဌာန်းရေး၊ ငွေကြေးကူညီပံ့ပိုးရေး၊ နည်းပညာလိုအပ်ချက်ကူညီရေး၊ လိုအပ်တဲ့လူသားအရင်းအမြစ် ပြုစုပျိုထောင်ရေး စတာတွေကို ဆောင်ရွက်မယ်လို့ သိရပါတယ်။ အသေးစားနဲ့ အလတ်စား ပုဂ္ဂလိကလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကောင်းမွန်တဲ့ စည်းမျဉ်းဥပဒေ ရှိဖို့လိုပါတယ်။ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုမှာ ရှင်းလင်းပြတ်သားမှု၊ အငြင်းပွားမှု ဖြေရှင်းရာမှာ စရိတ်သက်သာမှု၊ စီးပွားရေး ခန့်မှန်းနိုင်မှုနဲ့ သဘောတူချက်ကို ကာကွယ်နိုင်မှု စတာတွေရှိဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီလိုအပ်ချက်တွေ ဖြည့်ဆည်းပြီးရင်တောင် သင့်တော်တဲ့အချိန်အထိ စောင့်ရပါလိမ့်မယ်။ ချက်ချင်းအကျိူးခံစားနိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။

မြန်မာ့စီးပွားရေးရဲ့ (၉၉) ရာခိုင်နှုန်းကျော်ဟာ အသေးစားနဲ့ အလတ်စား ပုဂ္ဂိလကလုပ်ငန်းဖြစ်ပြီး အလုပ်သမား (၇၀) ရာခိုင်နှုန်းကို အလုပ်ပေးထားနိုင်ကြောင်း သိရပါတယ်။ လုပ်သားအများဆုံး ပါဝင်တဲ့ လုပ်ငန်းကဏ္ဍမှာ ဥပဒေမရှိမှု၊ အရင်းအနှီးနဲ့ အတတ်ပညာရှားပါးမှု၊ လူသားအရင်းအမြစ်နဲ့ အခြေခံအဆောက်အအုံ အားနည်းမှု စတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ ဥပမာ မြင်းခြံမြို့က လုပ်ငန်းရှင် (၂၀၀) ကျော် ရင်ဆိုင်နေရတဲ့ အခက်အခဲကို စစ်တမ်းကောက်တဲ့အခါမှာ (၉၀) ရာခိုင်နှုန်းကျော်ဟာ လျှပ်စစ်ဓါတ်အားမလုံလောက်မှု၊ အရင်းအနှီး အားနည်းမှု၊ ကျွမ်းကျင်လုပ်သား ရှားပါးမှု၊ သယ်ယူပို့ဆောင်ရေး စရိတ်ကြီးမားမှု နဲ့ အိမ်ခြံမြေဈေးကြီးမှု စတာတွေကို ရင်ဆိုင်နေရတယ်လို့ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ (၃) ရက်နေ့ထုတ် မဇ္ဖျိမစာစောင်မှာ ဆောင်းပါးရှင် ကိုကိုကြီး က ဖော်ပြထားပါတယ်။

အစိုးရဆီမှာ မှတ်ပုံတင်ထားတဲ့ စီးပွားရေးလုပ်ငန်း (၁) သိန်းကျော်ရှိတဲ့အနက် (၉၉) ရာခိုင်နှုန်းကျော်ဟာ အသေးစားနဲ့ အလတ်စားတွေ ဖြစ်ပါတယ်။ မှတ်ပုံတင်ထားတဲ့ အကြီးစားလုပ်ငန်း (၇၂၁) ခုရှိပြီး မှတ်ပုံမတင်တဲ့ အသေးစားလုပ်ငန်းကလည်း သိန်းနဲ့ချီ ရှိနေပါတယ်။ ဒါပေမဲ့ အတတ်ပညာ တိုးတက်မှုနဲ့ တီထွင်မှု စွမ်းရည်တိုးတက်မှုကို အစိုးရက လျစ်လျူရှုခဲ့တာမို့ ဒီလုပ်ငန်းတွေ တိုးတက်ရေးမှာ အခက်အခဲအများကြီး ရှိနေပါတယ်။ အခြား အာဆီယံနိုင်ငံတွေမှာ အသေးစားနဲ့ အလတ်စားလုပ်ငန်း မြှင့်တင်ရေးလုပ်လာတာ ကြာပြီဖြစ်ပေမယ့် မြန်မာပြည်မှာ အခုမှ အစပျိုးရုံပဲ ရှိပါသေးတယ်။

ဒါကြောင့် မြန်မာ့အသေးစား နဲ့ အလတ်စားလုပ်ငန်းတွေဟာ အာဆီယံဒေသ စီးပွားရေးပူးပေါင်းမှုကြောင့် ပေါ်ထွက်လာတဲ့ အခွင့်အလမ်းတွေကို အသုံးချနိုင်လောက်တဲ့ အခြေအနေ မရှိသေးဘူးလို့ ကုလသမဂ္ဂ ESCAP အရာရှိတွေဖြစ်တဲ့ Masato Abe နဲ့ Madhurjya Kumar Dutta တို့ရဲ့ ဖေဖေါ်ဝါရီလစာတမ်းမှာ သုံးသပ်ထားပါတယ်။ ဖွံ့ဖြိုးမှုအနည်းဆုံးနဲ့ အဆင်းရဲဆုံးနိုင်ငံတွေမှာတောင် လူဦးရေ (၁၀၀၀) မှာ အသေးစား၊ အလတ်စားလုပ်ငန်း (၉) ခုကနေ (၂၇) ခုအထိ ရှိတာတွေ့ရပေမယ့် မြန်မာပြည်မှာတော့ (၃) ခုသာ တွေ့ရကြောင်း ESCAP စာတမ်းမှာ ဖော်ပြထားပါတယ်။ အနှစ် (၅၀) ကျော် စစ်ခေါင်းဆောင်တွေ အာဏာပြခဲ့တဲ့ နိုင်ငံမှာ တရားမျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။