Your browser doesn’t support HTML5
ဦးသိန်းစိန်အစိုးရ ၂၀၁၅ ဧပြီလမှာ သဘောတူခဲ့တဲ့ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းတခုကို ဒီဇင်ဘာလရောက်တော့ ရပ်ဆိုင်းလိုက်ကြောင်း လွှတ်တော်မှာ ကြေညာပါတယ်။ မွန်ပြည်နယ်ရေးမြို့နယ် အင်ဒင်ရွာအနီးမှာ တည်ဆောက်ဖို့ ရည်ရွယ်တာမို့ အင်ဒင်စီမံကိန်းလို့ လူသိများပါတယ်။ ဂျပန်-ထိုင်း ကုမ္ပဏီရဲ့ စီမံကိန်းဖြစ်ပေမယ့် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြတာမို့ ရပ်ဆိုင်းတယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ဘန်းချောင်းဒေသမှာ စစ်ခရိုနီ ဦးကျော်ဝင်းရဲ့ ကုမ္ပဏီကို ဧက (၂) ထောင် ကျောက်မီးသွေး တူးခွင့်ပေးတာကိုလည်း ကန့်ကွက်ကြပါတယ်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က မော်လမြိုင် ဘိလပ်မြေလုပ်ငန်းကိုတော့ ဧပြီလ (၁) ရက်နေ့ကစပြီး ကျောက်မီးသွေးလောင်စာနဲ့ လည်ပတ်နေပြီလို့ ပြည်နယ်ဝန်ကြီးချုပ်က ဇွန်လ (၁၅) ရက်နေ့က ပြောဆိုကြောင်း ဧရာဝတီသတင်းစာမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ ဆာလ်ဖာ (ကန့်ဓါတ်) ကို ထုတ်လွှတ်မှု အနည်းဆုံး ကျောက်မီးသွေး အမျိုးအစားကို အင်ဒိုနေရှားက တင်သွင်းပြီး အသုံးပြုနေတယ်လို့ ဆိုပါတယ်။ ကျောက်မီးသွေးဟာ လူမှုဘဝကို ထိခိုက်နစ်နာပြီး အဆိပ်သင့်နိုင်တဲ့အတွက် ဒေသခံတွေက စိုးရိမ်ကြပါတယ်။ ဒါကြောင့် ကျောက်မီးသွေး စီမံကိန်းတိုင်းကို ကန့်ကွက်ဆန္ဒပြကြတာ ဖြစ်ပါတယ်။
မော်လမြိုင် ဘိလပ်မြေလုပ်ငန်းအတွက် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်တာကို ဒေသခံကျေးရွာ (၁၁) ရွာက ကန့်ကွက်ကြပါတယ်။ အင်ဒိုနေရှားက တင်သွင်းတဲ့ ကျောက်မီးသွေး အမျိုးအစားဖြစ်လို့ မြန်မာ့ကျောက်မီးသွေးလောက် မဆိုးဘူးလို့ အကြောင်းပြပါတယ်။ ကျောက်မီးသွေး (၄) မျိုးလောက် ရှိပေမယ့် အကြမ်းအားဖြင့် အပျော့မျိုး နဲ့ အမာမျိုးဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ်။ အပျော့စား အညိုရောင် Lignite ကျောက်မီးသွေးဟာ ပတ်ဝန်းကျင်ကို အထိခိုက်ဆုံးပါ။ မြန်မာ့ကျောက်မီးသွေးဟာ အပျော့စားဖြစ်လို့ ပတ်ဝန်းကျင်ကို အများဆုံး ညစ်ညမ်းစေပါတယ်။ ကျောက်မီးသွေးတွင်းတွေဟာ ဟင်းလင်းပွင့်တွင်းတွေဖြစ်လို့ မြေပေါ်က တူးယူရပြီး၊ ထုတ်ယူတဲ့ ပမာဏများလေလေ တူးယူတဲ့နေရာ ကျယ်ဝန်းလေလေ ဖြစ်ပါတယ်။ တီကျစ် ကျောက်မီးသွေးကြောင့် ပတ်ဝန်းကျင် ပျက်ဆီးရပုံကို ပအို့လူငယ်အဖွဲ့က (၂၀၁၁) မှာ အစီရင်ခံစာ ထုတ်ပြန်ဖူးပါတယ်။ အခုအထိ ကန့်ကွက်နေကြတုန်း ဖြစ်ပါတယ်။
ကျောက်မီးသွေးသုံးစက်ရုံ စီမံကိန်းအားလုံးလိုလိုမှာ ဒေသခံတွေရဲ့ ကန့်ကွက်ဆန္ဒပြပွဲနဲ့ ကြုံတွေ့နေရပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာတော့ ကျောက်မီးသွေးသုံးစက်ရုံ တည်ဆောက်ခွင့်မပြုကြောင်း သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်မှာတော့ ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် လုပ်ငန်းရုတ်သိမ်းဖို့ ကုမ္ပဏီဘက်က သဘောတူခဲ့ပါတယ်။ ကျောက်မီးသွေးတူးယူရင် ရေဝေးရေလဲဒေသ သစ်တောတွေ ပျက်စီးပြုန်းတီးပြီး လယ်ယာတွေပါ ပျက်စီးလာနိုင်တာကို ရှင်းပြနိုင်တဲ့အတွက် ကျောက်မီးသွေးတူးဖော်မှုကို ရုတ်သိမ်းဖို့ ကုမ္ပဏီဘက်က ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။
ဒါပေမဲ့ သယံဇာတနဲ့ ပတ်ဝန်းကျင်ရေးရာဝန်ကြီး ဦးအုန်းဝင်းက ကျောက်မီးသွေးဟာ အန္တရာယ်မရှိဘူးလို့ လွှတ်တော်မှာ ပြောဆိုတဲ့အတွက် မိုင်းကိုင်ကျောက်မီးသွေးလုပ်ငန်းကို မကြာမီက ပြန်လည်စတင်နေပြီဖြစ်ကြောင်း ဇွန်လ (၂) ရက်ထုတ် ရှမ်းသံတော်ဆင့်မှာ ဖော်ပြပါတယ်။ ကျောက်မီးသွေးလုပ်ငန်းကထွက်တဲ့ မီးခိုးနဲ့ အမှုန့်ဟာ လေရေထုကို ညစ်ညမ်းစေတာမို့ လူထုကျန်းမာရေးကို အန္တရာယ်ပေးတယ်လို့ ပြည်သူတွေက နားလည်ထားပါတယ်။ အပျော့စားဖြစ်တဲ့အတွက် ကျောက်မီးသွေးပုံ အလိုလို မီးလောင်လို့ ထွက်လာတဲ့ အနံ့ဆိုးဟာ ဒေသခံတွေကို အတော်ဒုက္ခပေးပါတယ်။ ကျောက်မီးသွေးသုံးစက်ရုံက ထွက်တဲ့မီးခိုးမှာ ပါလာတဲ့ အဆိပ်ဓါတ်ဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပါတယ်။ စက်ရုံတဝိုက်က ရွာတွေမှာ လူဦးရေး (၅၀) ရာခိုင်နှုန်းဟာ အရေပြားယားယံတဲ့ရောဂါကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ဘာကြောင့် ထုတ်ခွင့်ပေးတယ်ဆိုတာဟာ စဉ်းစားစရာ ဖြစ်လာပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းက ကျောက်မီးသွေးသုံး မဲမော့လျှပ်စစ်ဓါတ်အားစက်ရုံက ထုတ်လွှင့်လိုက်တဲ့ အဆိပ်ငွေ့ကို ရှုရှိုက်မိလို့ အသက်ရှုလမ်းကြောင်းရောဂါ၊ အဆိပ်ကင်ဆာ၊ သွေးအဆိပ်သင့်ရောဂါ စတဲ့ ရောဂါတွေကို ခံစားရသူပေါင်း ထောင်ချီရှိပါတယ်။ မြန်မာပြည်မှာ ကျောက်မီးသွေးထုတ်ခွင့်ကို အသစ်ထုတ်မပေးတော့ဘူးလို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက မကြာမီက ပြောပါတယ်။ အရင်ထုတ်ခွင့်ရထားသူတွေကိုတော့ စည်းကမ်းနည်းလမ်းအတိုင်း လုပ်မလုပ် စစ်ဆေးမယ်လို့ ဆိုပါတယ်။ စွမ်းအင်ရဖို့ ကျောက်မီးသွေး အရေးကြီးပေမယ့် လူထုအသက်ဘေးက ပိုအရေးကြီးပါတယ်။
သဘာဝဓါတ်ငွေ့ တရုတ်နဲ့ထိုင်းကို ရောင်းစားနေတာမို့ မြန်မာပြည်မှာ အကန့်အသတ်နဲ့သာ သုံးနိုင်ပါတယ်။ အခုတော့ ဒီကန့်သတ်ထားတဲ့ ပမာဏကုန်သွားလို့ နောက်ထပ်မရတော့ပါဘူး။ ပတ်ဝန်းကျင် ထိခိုက်နိုင်တဲ့ ရေအားလျှပ်စစ်ကိုလည်း မထုတ်နိုင်ပါဘူး။ ဒါကြောင့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်အကြောင်း ပြည်သူနားလည်အောင် ရှင်းပြပြီး တည်ဆောက်ဖို့ စိတ်ကူးရှိကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန အတွင်းဝန်က ဧပြီလက ပြောပါတယ်။ ကျောက်မီးသွေးစက်ရုံမှာ ရေသုံးတဲ့ ပမာဏ အလွန်များတာကြောင့် ရေထုကို ညစ်ညမ်းစေတဲ့အပြင် ရေရှားပါးမှု ပြဿနာကိုလည်း ဖြစ်စေနိုင်ပါတယ်။