ကြံ့ဖွံ့ပါတီ ကြီးစိုးတဲ့လွှတ်တော် သက်ဝင်လှုပ်ရှားလာတာဟာ ဦးရွှေမန်း နဲ့ ဦးအောင်ခင်မြင့်တို့ရဲ့ စွမ်းဆောင်ချက် ဖြစ်တယ်လို့ သုတေသီအချို့ သုံးသပ်ပါတယ်။ ပါတီစွဲ၊ လူမျိုးစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ မထားတဲ့ လွှတ်တော်ရဲ့ အစဉ်အလာကောင်းကို ထိန်းသိမ်းကြဖို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောပါတယ်။ ဒါပေမဲ့ စစ်ဗိုလ် နဲ့ အရပ်သား ထိပ်တိုက်တွေ့တာကို ပြည်သူ့လွှတ်တော်မှာ မြင်နိုင်ပါတယ်။ ပြည်သူလူထုကို အချိန်မရွေး ဖိနှိပ်နိုင်တဲ့ ၁၉၅၀ အရေးပေါ် စီမံမှုဥပဒေ ရုတ်သိမ်းပေးဖို့ ကိုယ်စားလှယ် ဦးသိန်းညွှန့်က ၂၀၁၁ မှာ အဆိုတင်သွင်းတဲ့အခါ ကြံ့ဖွံ့လွှတ်တော်မှာ ထောက်ခံသူ (၈) ဦးသာရှိလို့ အရေးနိမ့်သွားပါတယ်။
အရေးပေါ်ဥပဒေကို ပြင်ဆင်ပြီး တင်ပြတဲ့အခါ မဆွေးနွေးဘဲ မှတ်တမ်းတင်ဖို့သာ ကြံ့ဖွံ့လွှတ်တော်က လွန်ခဲ့တဲ့ ဇန်နဝါရီလ (၁၁) ရက်နေ့က ဆုံးဖြတ်ပါတယ်။ ကြံ့ဖွံ့လွှတ်တော်ရဲ့ ဇန်နဝါရီလ (၁၅) ရက်နေ့ ဆွေးနွေးပွဲမှာ စစ်တပ်ရဲ့ မြေယာသိမ်းပိုက်မှုနဲ့ စီးပွားရေး လုပ်ငန်းတွေကို ဒေါက်တာအောင်မိုးညို က ဝေဖန်ဆွေးနွေးတာကို တပ်မတော် ဂုဏ်သိက္ခာ ထိခိုက်တယ်ဆိုပြီး စစ်တပ်ကိုယ်စားလှယ်က ကန့်ကွက်တဲ့အတွက် လွှတ်တော်နာယက ဦးရွှေမန်း က ဆွေးနွေးမှုကို ဟန့်တားလိုက်ရပါတယ်။ ဒီဆွေးနွေးချက်ကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ပေးဖို့လည်း စစ်တပ်ကိုယ်စားလှယ် က တောင်းဆိုပါတယ်။
ပြည်သူ့လွှတ်တော်သစ် စတင်ကျင်းပပြီး မကြာမီ အစိုးရဟောင်းရဲ့ လုပ်ငန်းအချို့ကို ရပ်ဆိုင်းထားဖို့ ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် တင်သွင်းတဲ့ အရေးကြီးအဆိုကို ထောက်ခံရင်း စစ်တပ်ရဲ့ လုပ်ရပ်ကြောင့် ဒေသခံတွေ နစ်နာဆုံးရှုံးရပုံကို ကိုယ်စားလှယ် ဦးကျော်အောင်လွင် က ဝေဖန်ဆွေးနွေးပါတယ်။ ဒါကို စစ်တပ်ကိုယ်စားလှယ် ဒု-ဗိုလ်မှူးကြီးမိုးကျော်ဦး က ကန့်ကွက်ပြီး ချေပပါတယ်။ ဝေဖန်ချက် နဲ့ ချေပချက်ကို ပြည်သူ့လွှတ်တော်ရဲ့ ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ စစ်တပ်ကို ဝေဖန်တာကို ကန့်ကွက်တဲ့အနေနဲ့ စစ်တပ်ကိုယ်စားလှယ်တွေအားလုံး မတ်တပ်ရပ် ဆန္ဒပြကြပြီး ဝေဖန်ချက်ကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ပေးဖို့ တောင်းဆိုပါတယ်။ ဒါကြောင့် စစ်တပ်နဲ့ ပတ်သက်တဲ့ ဝေဖန်ချက်ကို စည်းကမ်းနဲ့ မညီလို့ လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ဖို့ ရုံးအဖွဲ့ကို ညွှန်ကြားကြောင်း မတ်လ (၈) ရက်နေ့မှာ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာပါတယ်။
ပြည်သူ့အကျိုးစီးပွား နဲ့ စစ်အုပ်စုအကျိုးစီးပွား ပဋိပက္ခ ဖြစ်တာကို လွှတ်တော်အသစ်မှာ အထင်အရှား ပြနေပါတယ်။ စစ်အုပ်စုအကျိုးစီးပွားကို ကာကွယ်ဖို့သာ စိတ်ဝင်စားတဲ့ စစ်တပ်ကိုယ်စားလှယ်ဟာ ပုဂ္ဂိုလ်စွဲ နဲ့ ဂိုဏ်းဂဏစွဲကိုသာ အဓိကထားပြီး အဝေဖန်မခံနိုင်ဘဲ ဖြစ်နေပါတယ်။ ဥပမာ ပြည်တွင်းပြည်ပမှာ နာမည်ပျက်နေတဲ့ စစ်ဗိုလ်ဟောင်းဦးမြင့်ဆွေ ကို ဒုသမ္မတအဖြစ် စစ်တပ်ကိုယ်စားလှယ်က ရွေးချယ်တာမျိုး ဖြစ်ပါတယ်။ သမ္မတ မဖြစ်နိုင်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ ယုံကြည်သူကို ဒုသမ္မတအဖြစ် ရွေးချယ်တာကို တန်ပြန်တဲ့အနေနဲ့ ဗိုလ်သန်းရွှေ ယုံကြည်စိတ်ချရတဲ့ ဦးမြင့်ဆွေ ကို ရွေးချယ်တာ ဖြစ်ပါတယ်။ တကယ်တော့ ရွေးကောက်ပွဲ မဝင်သူက သမ္မတ ဖြစ်နိုင်တာဟာ အခြေခံဥပဒေ ရုပ်ပျက်မှု ဖြစ်ပါတယ်။
လွှတ်တော်သစ်နဲ့ အစိုးရသစ် လက်ထက်မှာ နိုင်ငံရေးအကျဉ်းသား မရှိအောင် ဆောင်ရွက်မယ်လို့ NLD အဖွဲ့ချုပ်က ကြေညာထားပါတယ်။ ဦးသိန်းစိန်အစိုးရက လွှတ်ငြိမ်ချမ်းသာခွင့်တွေ ပေးနေပေမယ့် နိုင်ငံရေးအကျဉ်းသား (၈၀) ကျော်နဲ့ အမှုရင်ဆိုင်နေရတဲ့ နိုင်ငံရေးလှုပ်ရှားသူ (၄၀၀) ကျော် ရှိနေကြောင်း သိရပါတယ်။ လူ့အခွင့်အရေး၊ တရားမျှတရေး နဲ့ နိုင်ငံရေး လှုပ်ရှားသူကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ဖို့ ဥပဒေပညာရှင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ NLD အဖွဲ့ချုပ် အဆိုပြုပေမဲ့ ဥပဒေ မပြဌာန်းနိုင်ခဲ့ပါဘူး။ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားရပ်ကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ အစီအစဉ် မရှိကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အခွင့်အထူး အကျဉ်းသားကို မလိုလားကြောင်း ပြည်ထဲရေးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း မနှစ်က ပြည်သူ့လွှတ်တော်မှာ ပြောသွားပါတယ်။
လွှတ်တော်မှာ ဥပဒေပြဌာန်းရင် သာမန်အများစု ထောက်ခံမဲသာ လိုအပ်တာကြောင့် စစ်ဗိုလ်မပါဘဲ ပြဌာန်းနိုင်ပါတယ်။ ကိုလိုနီခေတ်မှာ အကျဉ်းသားကို A B C ဆိုပြီး အတန်းအစား (၃) မျိုး ခွဲထားပါတယ်။ ရာဇဝတ်မှုနဲ့ ထောင်ကျသူကို စီတန်း (C)” တန်းမှာထားပြီး နိုင်ငံရေးကြောင့် ထောင်ကျသူကို “အေတန်း (A)” နဲ့ ဘီ (A) တန်းမှာ ထားပါတယ်။ သာမန်နိုင်ငံရေးသမားကို ဘီတန်း (B) မှာထားပြီး သခင်စိုးလို ခေါင်ဆောင်မျိုးကို အေတန်းမှာ ထားပါတယ်။ အေတန်း အကျဉ်းသားဟာ ထွက်သမျှ သတင်းစာအားလုံးကို မှာဖတ်နိုင်ခွင့် ရှိပါတယ်။ အခုခေတ် နိုင်ငံရေးအကျဉ်းသား နဲ့ ယှဉ်လိုက်ရင် ကိုလိုနီခေတ် နိုင်ငံရေးအကျဉ်းသားဟာ ဇိမ်ခံဟိုတယ်ပေါ်မှာ နေရသလို ဖြစ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် အပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ် အတော်များများဟာ နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ဖူးတာကြောင့် ဒီပြဿနာကို လွှတ်တော်သစ်က ဘယ်လို ကိုင်တွယ်မယ်ဆိုတာ အလွန်အရေးကြီးပါတယ်။ နိုင်ငံရေး လှုပ်ရှားသူတွေကို အလွယ်တကူ ဖမ်းဆီးထောင်ချတဲ့ ၁၉၅၀ အရေးပေါ် စီမံမှု ဥပဒေဟာလည်း လွှတ်တော်သစ် ကိုင်တွယ်ရမယ့် ကိစ္စ ဖြစ်ပါတယ်။ ကြံ့ဖွတ်လွှတ်တော်မှာ ဒီဥပဒေကို ရုတ်သိမ်းဖို့ ထောက်ခခဲ့သူ ဦးဝင်းမြင့်ဟာ ပြည်သူ့လွှတ်တော်သစ်မှာ ဥက္ကဋ္ဌ ဖြစ်လာတဲ့အတွက် အရေးပေါ် စီမံမှု ဥပဒေနဲ့ နိုင်ငံရေးအကျဉ်းသားကိစ္စကို ပြန်လည်ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။