Your browser doesn’t support HTML5
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးအဆုံး သြဂုတ်လ (၁၀) ရက်နေ့က ထုတ်ပြန်တဲ့ ပူးတွဲသတင်း ထုတ်ပြန်ချက်ဟာ တရုတ်ရဲ့ မဟာဗျူဟာ သဘောတရားကို ရောင်ပြန်ဟပ်သလို ဖြစ်နေပါတယ်။ မြန်မာပြည်ကို သယံဇာတ ထုတ်ယူတဲ့နေရာအဖြစ်သာမကဘဲ တရုတ် စီးပွားရေး ပိုးလမ်းမကြီးမှာ အရေးပါတဲ့နိုင်ငံအဖြစ်ပါ ဖော်ပြထားပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဝေဖန်ခံရတဲ့ တိဘက် နဲ့ ရှင်းကျန်းကိစ္စမှာလည်း တရုတ်အစိုးရ ရပ်တည်ချက်ကို ထောက်ခံထားတာ တွေ့ရပါတယ်။ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြတဲ့ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး မူဝါဒကို တရုတ်စစ်တပ်က စဉ်းစားနေတာ ကြာပါပြီ။
တရုတ်မဟာဗျူဟာကို လေ့လာတဲ့အခါမှာ စစ်ရေးဗျူဟာ (၃) ရပ်ကို တွေ့နိုင်တယ်လို့ သြဂုတ်လ (၂၂) ရက်နေ့ထုတ် China Brief စာစောင်မှာ သုတေသီ Elsa Kania က ရေးထားပါတယ်။ ပထမ က လူထုကို စည်းရုံးတဲ့ ပြည်သူ့ဆန္ဒ သိမ်းသွင်းရေးဖြစ်ပြီး၊ ဒုတိယက စိတ်ဓါတ်စစ်ဆင်ရေး ဖြစ်ပါတယ်။ တတိယက ဥပဒေ စစ်ဆင်ရေးလိုခေါ်ပြီး အပြည်ပြည်ဆိုင်ရာနဲ့ ပြည်တွင်းဥပဒေအရ မိမိရဲ့ ပြိုင်ဘက်ကို ချေဖျက်တဲ့နည်းလမ်း ဖြစ်ပါတယ်။ ဒါပေမဲ့ တောင်တရုတ် ပင်လယ်ရေပိုက်နက် ပြဿနာကို တရားဥပဒေအရ ဆုံးဖြတ်တဲ့ နိုင်ငံတကာခုရုံးမှာ တရုတ် အရေးနိမ့်သွားပါတယ်။
တောင်တရုတ်ပင်လယ်က ရေပိုက်နက် အငြင်းပွားမှုကို ဖြေရှင်းပေးဖို့ နိုင်ငံတကာခုံရုံးကို ဖိလစ်ပိုင်က လျှောက်ထားတဲ့ကိစ္စကို တရုတ်က လက်မခံနိုင်တဲ့အတွက် ခုံရုံးကျင်းပစဉ်မှာ ကဏ္နကောစ လုပ်ခဲ့ပါတယ်။ ဖိလစ်ပိုင်ရဲ့ လျှောက်လဲချက်ကို တန်ပြန်ပြီး ချေပတာမျိုးလည်း မလုပ်ပါဘူး။ ဒါကြောင့် တရုတ်မပါဘဲ ခုံရုံးကျင်းပပြီး ဖိလစ်ပိုင်ရဲ့ လျှောက်လဲချက်ကို လက်ခံတဲ့ (၄၇၉) မျက်နှာ ဆုံးဖြတ်ချက်ကို ဇူလိုင်လ (၁၂) ရက်နေ့က ချမှတ်ပါတယ်။ ဒါကို တရုတ်က လက်မခံဘူးလို့ ဆိုပါတယ်။ တရုတ် ပါဝင်ရေးဆွဲပြီး အတည်ပြုခဲ့တဲ့ ကုလသမဂ္ဂပင်လယ်ပြင် ဥပဒေအရ ပြဿနာ ဖြေရှင်းတာကို တရုတ်က လက်မခံနိုင်တာပါ။ ဥပဒေအရ ဖြေရှင်းရင် ရှုံးမှာသိလို့ ခါးခါးသီးသီး ငြင်းဆိုခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံတကာ ခုံရုံးမှာ တရုတ် အရေးနိမ့်ပြီး မကြာမီ တရုတ်ပြည်ကို ဒေါ်စု ရောက်သွားတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးသန်းရွှေ ခေါင်းဆောင်တဲ့ခေတ် (၂၂) နှစ်မှာ ကူညီထောက်ပံ့ခဲ့လို့ အပေါ်စီးရခဲ့တဲ့ တရုတ်ဟာ ဦးသိန်းစိန်လက်ထက်မှာ လက်ပံတောင်းတောင်နဲ့ မြစ်ဆုံပြဿနာကို ရင်ဆိုင်လာရပါတယ်။ ဒါကြောင့် တရုတ် အကျိုးစီးပွားကို ကာကွယ်တဲ့ မဟာဗျူဟာ ချမှတ်ပါတယ်။ ပြည်သူ့ဆန္ဒ စစ်ဆင်ရေးဗျူဟာမှာ တရုတ်ကို မြန်မာပြည်သူက ထောက်ခံလာအောင် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ရေရှည်မြှင့်တင်ဖို့ ရည်ရွယ်ပါတယ်။ တရုတ်ရဲ့ ပေးစာကမ်းစာနဲ့ မကင်းသူတွေ များလာလေလေလို့ ယူဆပါတယ်။ တရုတ်ကြွေးတိုင်း မစားသူဟာ NLD အစိုးရပါ။ တရုတ် Exim က ထုတ်ချေးဖို့ သတ်မှတ်ထားတဲ့ ဒေါ်လာသန်း (၇၀၀) မှာ ဦးသိန်းစိန်အစိုးရက သန်း (၄၀၀) လက်ခံခဲ့ပေမယ့် ကျန်တဲ့ သန်း (၃၀၀) ကို NLD အစိုးရက လက်ခံဖို့ မရည်ရွယ်ကြောင်း သိရပါတယ်။
ဗိုလ်ချုပ်ကြီးတွေကို အကြိုက်ပေးပြီး မြန်မာပြည်ကို ထင်သလို ချယ်လှယ်ခဲ့တဲ့ တရုတ်ဟာ အပြည်ပြည်ဆိုင်ရာမှာ ဝင်ဆံ့တဲ့ ဒေါ်စုနဲ့ ဆက်ဆံရာမှာ ခန့်မှန်းလို့ မရတာတွေ ရှိလာပါတယ်။ အမေရိကန်ကိုသွားရင် သမ္မတအိုဘားမား က ဒေါ်စုကို စည်းရုံးပြီး အရှေ့တောင်အာရှမှာ တရုတ်သြဇာ အရှိန်အဝါ ကျဆင်းအောင် ကြိုးပမ်းနိုင်တယ်လို့ တရုတ်အစိုးရ အကြံပေးပု… တဦးဖြစ်သူ ပါမောက္ခစွန်ကျန်ရွန်းက ဆိုပါတယ်။ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို အမေရိကန် လိုလားသလို တရုတ်ကလည်း လိုလားတာမို့ သက်ဆိုင်သူအားလုံးရဲ့ အကျိုးစီးပွားကို မထိခိုက်စေဘဲ မြန်မာ့အရေးကို ဆောင်ရွက်ကြဖို့ သြဂုတ်လ (၁၉) ရက်ထုတ် Global Times မှာ ရေးသားထားပါတယ်။ ဒီပုဂ္ဂိုလ်ဟာ တရုတ်အစိုးရ အတိုင်ပင်ခံ Institute of Contemporary International Relations ရဲ့ အရာထမ်း ဖြစ်ပါတယ်။
ယူနန်တက္ကသိုလ် ပါမောက္ခ ဘိုင်ရှီဟောင် ကတော့ ဒေါ်အောင်ဆန်းစုကြည် အမြော်အမြင် ရှိပုံကို ချီးကျူးရင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားတာဟာ မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေးကို အကြီးအကျယ် ထိခိုက်တယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ တရုတ်ကို မျှမျှတတ ဆက်ဆံပြီး နိုင်ငံခြား စီမံကိန်းကြီးတွေကို ကိုင်တွယ်နိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ဆိုလိုတာကတော့ မြန်မာပြည်မှာ အများဆုံး ရင်းနှီးမြုပ်နံှတဲ့ တရုတ်ရဲ့ အကျိုးစီးပွားကို ဆန့်ကျင်တာမျိုး မလုပ်ဖို့ပါ။ မြစ်ဆုံနဲ့ ရှမ်းပြည်နယ်က ရေအားလျှပ်စစ် စီမံကိန်းတွေဟာ နိုင်ငံခြားအတွက် ရည်ရွယ်တာမို့ ပြည်သူ့အတွက် အကျိုးမရှိတာကို တရုတ် မေ့နေပုံ ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်တိုင်း အတွေးအခေါ်နဲ့ ကြီးပြင်းလာသူဖြစ်ပြီး အမေရိကန်ရဲ့ မြန်မာ့ရေးရာလမ်းစဉ်မှာ အလေးပေးခံခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တရုတ်ပြည် ခရီးစဉ်နောက်ပိုင်း ဖြစ်ပေါ်လာမယ့် ဒေါ်စုရဲ့ အမေရိကန်ခရီးစဉ်ကို တရုတ်က ပိုပြီး စိုးရိမ်ပူပန်နေပုံ ရပါတယ်။ တောင်တရုတ် ပင်လယ်ပြဿနာ နိုင်ငံတကာ ခုံရုံးတင်တဲ့ အမှုမှာ တရုတ် အရေးနိမ့်သွားတဲ့နောက်ပိုင်း တရုတ်ဟ အထီးကျန်လို ဖြစ်သွားပါတယ်။ ဒါကြောင့် မြန်မာအနေနဲ့ မိမိနဲ့ တိုက်ရိုက် မပတ်သက်တဲ့ကိစ္စမှာ တရုတ်ကို လိုက်လျောနိုင်ပေမယ့် ပြည်သူကို ထိခိုက်မယ့်ကိစ္စမှာ အားမနာတမ်း ငြင်းဆန်ဖို့ လိုပါတယ်။