တရုတ် ရေကာတာ နဲ့ အစိုးရသစ်

တရုတ်-မြန်မာ မြစ်ဆုံဆည် စီမံကိန်း

နိုင်ငံပေါင်း (၇၀) ကျော်မှာ ရေကာတာ (၃၀၀) ကျော်ကို တရုတ်ကုမ္ပဏီတွေက တည်ဆောက်နေပါတယ်။ ဒီအထဲမှာ မြန်မာပြည်မှာ တည်ဆောက်မယ့် အကြီးစား ရေအားလျှပ်စစ် (၃၀) ကျော် ပါဝင်ပါတယ်။ ရည်ရွယ်ချက်က တရုတ်ပြည်ကို ဓါတ်အားပေးဖို့ ဖြစ်တာမို့ ဆန့်ကျင်သူတွေ တိုးပွားနေပါတယ်။ ၂၀၁၁ မှာ မြစ်ဆုံဆည်ကိုဆောက်ရင်း တန်းလန်းရပ်ဆိုင်းခဲ့ပေမယ့် မဂ္ဂါဝပ်တစ်ရာရှိတဲ့ ချီဖွေငယ်နဲ့ မဂ္ဂါဝပ် (၂၄၀) ရှိတဲ့ တာပိန် (၁) ရေအားလျှပ်စစ်ပြီးစီးလို့ ဓါတ်အား (၈၀) ရာခိုင်နှုန်း၊ ယူနန်ကို တင်ပို့နေပါတယ်။ ဒါကြောင့် အစိုးရသစ် ကိုင်တွယ်ရမယ့် ပြဿနာကြီးတွေထဲမှာ တရုတ်ရေကာတာ စီမံကိန်းလည်း ပါဝင်ပါတယ်။

ယူနန်ပြည်နယ်မှာ မြစ်ချောင်း (၆၀၀) ကျော် ရှိပေမယ့် မြန်မာ-လားအို နဲ့ ထိုင်းကို ဖြတ်သန်းစီးဆင်းတဲ့ နုကျန် (ခေါ်) သံလွင်မြစ်နဲ့ လန်ကမ်းကျန် (ခေါ်) မဲခေါင်မြစ်ကို ရေအားလျှပ်စစ်ထုတ်ယူဖို့ အကောင်းဆုံးနေရာအဖြစ် တရုတ်က သတ်မှတ်ပါတယ်။ ဧရာဝတီမြစ်ဖျားဖြစ်တဲ့ ဒူလောင်ကျန် (ခေါ်) အင်မိုင်ခဟာ ယူနန်မှာ ရှိပေမယ့် ရေအားလျှပ်စစ် ထုတ်ယူနိုင်တဲ့ အခြေအနေ မပေးတဲ့အတွက် ကချင်ပြည်နယ်မှာ ရေကာတာတွေ တည်ဆောက်ပြီး လျှပ်စစ်ဓါတ်ထုတ်ယူဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။ တရုတ်ပြည်အရှေ့ပိုင်းဒေသ လျှပ်စစ်ဖူလုံရေး စီမံကိန်းမှာ မြန်မာက အဖြည့်ခံအဖြစ် ပါဝင်နေတာ ဖြစ်ပါတယ်။

တရုတ်ပြည်အတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံမှာ တည်ဆောက်တဲ့ ပထမဆုံးသော ရေအားလျှပ်စစ်ဟာ ရွှေလီမြစ်ပေါ်က ရွှေလီအမှတ် (၁) ဓါတ်အားပေးစက်ရုံ ဖြစ်ပါတယ်။ ၂၀၀၉ ကစပြီး ယူနန်ကို မီးပေးနေတာဖြစ်ပြီး နောက် (၃၅) နှစ်ကြာမှ မြန်မာလက်ကို လွှဲပြောင်းပါလိမ့်မယ်။ တရုတ် အကောင်အထည်ဖော်တဲ့ ရေကာတာ စီမံကိန်းတွေမှာ ‘တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း’ စနစ်ကို သုံးတာမို့ အနှစ် (၄၀) လောက်မှာ မြန်မာပိုင် ဖြစ်လာမယ့်သဘော ဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းအနောက်နောင် (၁၇) မိုင်အကွာက ‘မန်တပ်ရွာ’ အနီးမှာ ကွန်ခရစ်ဆည် တည်ဆောက်ပြီး မဂ္ဂါဝပ် (၆၀၀) ထုတ်ယူနေတာ ဖြစ်ပါတယ်။ ရွှေလီအမှတ် (၁) ရေအားလျှပ်စစ်အောက်ဘက်မှာ အမှတ် (၂) နဲ့ အမှတ် (၃) ဓါတ်အားစက်ရုံတည်ဆောက်မယ့် စီမံကိန်းလည်း ရှိပါတယ်။ ရေကာတာ တည်ဆောက်လို့ ဒေသခံ လူ့အဖွဲ့အစည်း ဆုံးရှုံးနစ်နာရတာတွေကိုတော့ လူသိနည်းနေပါတယ်။

ဦးသိန်းစိန်က သူ့သမ္မတ သက်တမ်းအတွင်းမှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းတာဖြစ်လို့ အခွင့်သာတိုင်း ပြန်စနိုင်အောင် တရုတ်ဘက်က ကြိုးပမ်းနေပါတယ်။ လွန်ခဲ့တဲ့ မေလ (၂၁) ရက်နေ့ ဘေဂျင်းမှာ ကျင်းပတဲ့ တရုတ်-မြန်မာ လျှပ်စစ်စွမ်းအား ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးမှာ မြစ်ဆုံကိစ္စကို တရုတ်က တင်ပြပေမယ့် မြန်မာဘက်က မဆွေးနွေးလိုဘူးလို့ ယူနန်တက္ကသိုလ် ပါမောက္ခ လုဂွမ်ရှင်း က ဆိုပါတယ်။ မြစ်ဆုံစီမံကိန်းမှာ တရုတ်က ဒေါ်လာသန်း (၈၀၀) ကျော် သုံးထားပြီးဖြစ်လို့ ဆက်လုပ်နိုင်အောင် ကြိုးပမ်းတာ ဖြစ်ပါတယ်။ မြစ်ဆုံကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပျက်မသွားအောင် ထိန်းသိမ်းရင် အခြားနေရာတွေမှာ ရေကာတာ ဆက်လက်တည်ဆောက်ဖို့ ရည်ရွယ်ပါတယ်။

လွန်ခဲ့တဲ့နှစ် နှစ်ကုန်ပိုင်းအထိ မြန်မာပြည်က တရုတ်အရင်းအနှီးဟာ ဒေါ်လာသန်း တစ်သောင်းငါးထောင် ရှိတာမို့ နိုင်ငံခြားရင်းနှီးမှု စုစုပေါင်းရဲ့ (၃၀) ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဟောင်ကောင်၊ မကာအို နဲ့ စင်္ကာပူ ကတဆင့် ဝင်လာတဲ့ တရုတ် ပုဂ္ဂလိက လုပ်ငန်းရှင်တွေလည်း ရှိပါတယ်။ ဧရာဝတီမြစ်ညာ ကချင်ပြည်နယ်မှာ ချီဗွေ၊ ချီဗွေငယ်၊ ဂူဆောက်၊ ခေါင်လန်းဖူး၊ ယီနန်၊ ဖီဇော နဲ့ လိုင်ဇော စတဲ့ နေရာတွေမှာ ဆည်တည်ဆောက်မယ့် စီမံကိန်းတွေဟာ သက်ဝင်လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ယူနန်ပြည်နယ်ကို လျှပ်စစ်ဓါတ်အားပေးဖို့ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ညာနဲ့ သံလွင်မြစ်မှာ ရေကာတာတည်ဆောက်ဖို့ တရုတ် ကုမ္ပဏီတွေ ကြိုးပမ်းနေပေမယ့် သံလွင်မြစ်ရဲ့ ယူနန်အပိုင်းဖြစ်တဲ့ ‘နု’ မြစ်မှာ ရေအားလျှပ်စစ်စက်ရုံတွေ တည်ဆောက်မယ့် စီမံကိန်းတွေကိုတော့ တရုတ်က ရပ်ဆိုင်းထားပါတယ်။

ရေကာတာတွေ တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အား ထုတ်ယူတဲ့အတွက် အကျိုးအမြတ် ခံစားရတာ ရှိသလို ထိခိုက်နစ်နာ ဆုံးရှုံးမှုလည်း ကြီးမားပါတယ်။ မြန်မာ့ရေကာတာ စီမံကိန်းမှာတော့ အကျိုးခံစားရမှာက တရုတ်နဲ့ မြန်မာ အစိုးရဖြစ်ပြီး လောလောဆယ် နစ်နာနေသူက ပြည်သူလူထု ဖြစ်နေတာမို့ ကန့်ကွက်ဆန္ဒပြနေတာ ဖြစ်ပါတယ်။ အကျိုးသက်ရောက်မှု တိုင်းတာတဲ့လုပ်ရပ်က စီမံကိန်းအကောင်အထည်ဖော်နိုင်အောင် တရားဝင် ဖြစ်သွားအောင်လုပ်တဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေအတွက် အကျိုးမရှိတဲ့ တရုတ် ရေကာတာစီမံကိန်းကို NLD အစိုးရသစ် ကိုင်တွယ်ရပါလိမ့်မယ်။

တရုတ်ပြည်မှာ ရေကာတာ ကျိုးပေါက်လို့ သေဆုံးသူ သိန်းချီနေပါပြီ။ ငလျင် အလှုပ်များတဲ့ဒေသမှာ ငလျင်နှုန်း ပြင်းထန်ရင် ပြင်းထန်သလို တာတမံတွေ ကွဲအက်တတ်ပါတယ်။ တရုတ်ပြည် ဟီနန်နယ်မှာ (၁၉၇၅) က ဆည်ကျိုးပေါက်လို့ လူပေါင်း (၂) သိန်းကျော် သေဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ သတင်းအမှောင်ချထားတဲ့အတွက် ဆည်ကျိုးပေါက်ပြီး အနှစ် (၂၀) လောက် ကြာတော့မှ အသေးစိတ် သိရပါတယ်။ ဆည်ဆိုတာ မြစ်ပေါ်က ရေလှောင်ကန်ကြီးပါ။ ရေထုကြောင့် ဆည်အောက်ခြေကို ဖိတဲ့အား များလာရင် ငလျင်လှုပ်နိုင်ပါတယ်။ ပြည်သူ့ဘဝဟာ ရေအားလျှပ်စစ်ထက် အရေးကြီးတာကို သိဖို့လိုပါတယ်။