သယံဇာတကျိန်စာ ပျက်ပြယ်ရေး ဘာလုပ်ကြမလဲ ...

သဘာဝသယံဇာတ ပေါများတဲ့ မြန်မာပြည်မှာ နိုင်ငံသူနိုင်ငံသားတွေ ဆင်းရဲနွမ်းပါးနေတာကို သယံဇာတကျိန်စာသင့်တယ်လို့ ပြောလေ့ရှိပါတယ်။ သယံဇာတအကျိုးကို ပြည်နယ်နဲ့တိုင်းတွေ မခံစားရတာဟာ ကျိန်စာသင့်သလို ဖြစ်နေတယ်လို့ Arakan Oil Watch ခေါ် ရခိုင်ရေနံ စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၇) ကို ပြင်နိုင်မှသာ မျှတစွာ သယံဇာတ ခွဲဝေရေး အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ဖေဖေါ်ဝါရီလထုတ် Breaking the Curse ကျိန်စာပျက်ပြယ်ရေးမှာ ဖော်ပြထားပါတယ်။

အခြေခံဥပဒေပုဒ်မ (၃၇) ပုဒ်ခွဲ (က) မှာ “နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဟာ နိုင်ငံတော် ဖြစ်တယ်” လို့ ဆိုပါတယ်။ ပုဒ်ခွဲ (ခ) မှာတော့ “နိုင်ငံတော်ပိုင် သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေကို နိုင်ငံတော်က ပြဌာန်းရမည်” လို့ ဖော်ပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သယံဇာတကို သိပ်အလေးမထားဘဲ နိုင်ငံသူနိုင်ငံသားရဲ့ စွမ်းအားကို အဓိကထားတယ်လို့ ဧပြီလ (၁၈) ရက်နေ့က ပြောပါတယ်။ ဒါပေမဲ့ လောလောဆယ် အာရုံစိုက်နေတာက အခုမျိုးဆက်ရော၊ နောက်မျိုးဆက်ပါ သယံဇာတ အကျိုးခံစားနိုင်ရေးပဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ကထွက်တဲ့ ဓါတ်ငွေ့ တရုတ်ပြည်ကို တင်ပို့ရောင်းချနေလို့ နှစ်စဉ်သန်းတထောင်ကျော် နေပြည်တော်က ရပေမယ့် ရခိုင်ပြည်ဟာ အကျိုးမခံစားရဘဲ ဒုတိယ အဆင်းရဲဆုံးဒေသ ဖြစ်နေပါတယ်။ ဒါကြောင့် တိုင်းနဲ့ပြည်နယ်တွေရဲ့ သယံဇာတပိုင်ဆိုင်မှုကို အခြေခံဥပဒေပုဒ်မ (၃၇(က)) မှာ ဖော်ပြဖို့ လိုအပ်နေတယ်လို့ ရခိုင်ရေနံ စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ သယံဇာတကို စီမံကြီးကြပ်နိုင်တဲ့ ဥပဒေကို တိုင်းနဲ့ပြည်နယ်က ပြဌာန်းနိုင်ဖို့အတွက် ပုဒ်မ (၃၇(ခ)) ကို ပြင်ဆင်ရမယ်လို့ ဆိုပါတယ်။ ဓါတ်ငွေ့ရောင်းစားတဲ့ ဗဟိုအစိုးရ မူဝါဒကို လုံးဝဆန့်ကျင်ပါတယ်။ သယံဇာတကိစ္စ ဆုံးဖြတ်ချက်ချရာမှာ ဘယ်သူပါဝင်ဆွေးနွေးမှာလည်းဆိုတာ အရေးကြီးတယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာ အောက်ခြေအဖွဲ့အစည်းတွေကို လုပ်ပိုင်ခွင့်ပေးဖို့ စာတမ်းမှာ တင်ပြထားပါတယ်။

တိုင်းရင်းသားကိုယ်ပိုင်ပြဌာန်းခွင့် ရနိုင်ဖို့အတွက် လက်နက်ကိုင် တိုက်ပွဲဝင်လာကြတာ ဖြစ်ပေမယ့် ဗိုလ်သန်းရွှေအစိုးရလက်ထက်မှာ သယံဇာတ လက်ဝါးကြီးအုပ်မှုကို မကျေနပ်လို့ လက်နက်ကိုင်ကြတာတွေ ရှိလာပါတယ်။ အစိုးရတပ် ကြီးစိုးတဲ့နေရာမှာ သယံဇာတ ထုတ်ယူမှု တိုးပွားလာတာဟာ ဒေသခံတွေအဖို့ ကျိန်စာသင့်သလို ဖြစ်နေပါတယ်။ ဒါကြောင့် သယံဇာတကျိန်စာကို ပျက်ပြယ်အောင်လုပ်ပြီး နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာကို တင်ပြထားပါတယ်။ အင်ဒိုနီးရှား (Indonesia) နဲ့ ပါပွားနယူးဂီနီ (Papua New Guinea) မှာ ပဋိပက္ခ ဖြေရှင်းတဲ့ နည်းလမ်းတွေကိုလည်း လေ့လာတင်ပြထားတာကို တွေ့ရပါတယ်။ တောင်အမေရိကနိုင်ငံတွေမှာ သယံဇာတနဲ့ ပတ်သက်ပြီး လူထုဆန္ဒကောက်ယူပွဲ ကျင်းပပြီး တိုင်းရင်းသားအခွင့်အရေး ကာကွယ်တဲ့ဥပဒေ ပြဌာန်းလာရပုံကိုလည်း ဥပမာ ပေးထားပါတယ်။

သယံဇာတဝင်ငွေကို ဗဟိုအစိုးရလက်ဝါးကြီးအုပ် အမြတ်ထုတ်နေတာဟာ တိုင်းပြည်အတွက် မကောင်းတဲ့လက္ခဏာ ဖြစ်ပါတယ်။ ဗဟိုအစိုးရအသုံးစရိတ်မှာ သယံဇာတကရတဲ့ ဝင်ငွေများလေလေ ကျိန်စာသင့်ချိန် ကြာရှည်လေ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရအသုံးစရိတ်မှာ သယံဇာတဝင်ငွေ ဘယ်လောက်ပါဝင်သင့်တယ်လို့ သတ်မှတ်နိုင်ရင်တော့ ပြည်နယ်တွေကို သယံဇာတကျိန်စာက ကာကွယ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ သယံဇာတဝင်ငွေကို ရေရှည်အသုံးပြုနိုင်အောင် စီစဉ်တဲ့ တိုင်းပြည်တွေထဲမှာ နောင်ဝေ (Norway) နဲ့ တီမော်လိစ် (Timor-Leste) နိုင်ငံတွေဟာ အအောင်မြင်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ တီမော်လိစ်အစိုးရဟာ ရေနံဓါတ်ငွေ့ဝင်ငွေ (၃၀) ရာခိုင်နှုန်းကိုသာသုံးပြီး (၇၀) ရာခိုင်နှုန်းကို ရေနံရန်ပုံငွေထဲ ထည့်သွင်းပါတယ်။ အနာဂတ်အတွက် ရည်ရွယ်တဲ့ ရေနံရန်ပုံငွေဟာ အတိုးရတာကြောင့် ပွားများနေတယ်လို့ ဆိုပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ဒေသတွင်း သယံဇာတကို စီမံခန့်ခွဲနိုင်ရေးဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တောင်းဆိုချက် ဖြစ်ပါတယ်။ သယံဇာတ ပိုင်ဆိုင်မှုဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ချန်လှပ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါကြောင့် တိုင်းနဲ့ပြည်နယ်တွေ မြေ နဲ့ သယံဇာတ ပိုင်ခွင့်ရအောင် အခြေခံဥပဒေပုဒ်မ (၃၇) ကို ပြင်ဆင်ရေးဆွဲဖို့ လိုပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတွေ အနေနဲ့ကလည်း နိုင်ငံရေးဆွေးနွေးပွဲ မလုပ်မီမှာ သယံဇာတဆိုင်ရာ မူဝါဒတွေ ရှိနေဖို့ လိုပါတယ်။ ရေရှည်မူဝါဒသာ မဟုတ်ဘဲ ပြည်နယ်တွေရဲ့ လတ်တလော အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်ပါ ကြိုးပမ်းရပါလိမ့်မယ်။

ပြည်နယ်တွေမှာ သယံဇာတ ထုတ်ယူနေတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေပါတယ်။ ဒါကြောင့် အပစ်အခတ် ရပ်စဲရုံတင်မကဘဲ သယံဇာတ ထုတ်ယူမှုပါ ရပ်ဆိုင်းရပါလိမ့်မယ်။ နိုင်ငံရေး သဘောတူချက်တွေ ရယူပြီး၊ ဥပဒေသစ်တွေ ပြဌာန်းပြီးတဲ့အထိ အဖိုးတန်းသယံဇာတ ထုတ်ယူမှုကို ရပ်ဆိုင်းနိုင်ရင် ပဋိပက္ခတွေ လျော့နည်းလာလိမ့်မယ်လို့ ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ သယံဇာတအားလုံးကို ဗဟိုအစိုးရချုပ်ကိုင်ပြီး ဖယ်ဒရယ်အကြောင်း ပြောလို့မရပါဘူး။ အမေရိကမှာ ပြည်ထောင်စုပိုင်၊ ပြည်နယ်ပိုင်နဲ့ ပုဂ္ဂလိကပိုင်ဆိုပြီး မြေပိုင်ဆိုင်မှု (၃) မျိုး ရှိပါတယ်။ တိုင်းပြည်ရဲ့ (၃၀) ရာခိုင်နှုန်းကိုသာ အမေရိကန်ပြည်ထောင်စု (ဗဟို) အစိုးရက ပိုင်ဆိုင်ကြောင်း တင်ပြလိုက်ရပါတယ်။