လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့က ရန်ုကုန်မှာ (၁၂) ကြိမ်မြောက် (၄) နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကျင်းပခဲ့ပါတယ်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ တရုတ် ကိုယ်စားလှယ်တွေ တက်ကြပါတယ်။ ဒု-ဝန်ကြီးအဆင့် ဆွေးနွေးပွဲမို့ ယူနန်ပြည်နယ် ဒု-အုပ်ချုပ်ရေးမှူး တက်ရောက်ပါတယ်။ အရင်ကလဲ (၂၀၀၃) နဲ့ (၂၀၀၉) မှာ မြန်မာပြည်မှာ ကျင်းပဖူးပါတယ်။ (၁၉၉၉) မျာ ကုမင်မြို့တော်က စလိုက်တဲ့ ဒေသဆိုင်ရာ ဆွေးနွေးပွဲဖြစ်လို့ စာတမ်းတွေဖတ်ပြီး နှီနှောဖလှယ်နေကြတာ (၁၆) နှစ် ရှိပါပြီ။ ထူးခြားတာကတော့ ကိုးကန့်ဒေသမှာ လက်နက်ကိုင်ပဋိပက္ခ ပြန်လည်ဖြစ်ပွားချိန်နဲ့ တိုက်ဆိုင်နေတာပါ။
တောင်ပတ်လည် ဝိုင်းနေတဲ့ ယူနန်ပြည်နယ်ကို ထွက်ပေါက်ပေးတဲ့အနေနဲ့ လေးနိုင်ငံ စီးပွားရေးစင်္ကြန် တည်ထောင်ဖို့ အရင်ဆုံး အကြံပြုသူဟာ ယူနန်ပါမောက္ခ ဖြစ်ပါတယ်။ ယူနန်ပညာရှင်တွေက ဦးဆောင်ပြီး စတင်ဆွေးနွေးတဲ့ အယူအဆဖြစ်လို့ “ကုမင်ရှေ့ဆောင်မှု” လို့ လူသိများပါတယ်။ အဓိက ဦးတည်တာက တရုတ်-အိန္ဒိယ ကုန်သွယ်ရေးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာက အဖြည့်ခံသဘောမျိုးနဲ့ ပါဝင်နေတာ ဖြစ်ပုံရပါတယ်။ ဒါပေမဲ့ အိန္ဒိယဘက်က စိတ်ပါလက်ပါ မရှိတာကြောင့် (၂၀၁၃) ရောက်တော့မှ အိန္ဒိယ-တရုတ် (၂) နိုင်ငံ ပူးတွဲလေ့လာရေးအဖွဲ့ကို ဖွဲ့စည်းနိုင်တာ တွေ့ရပါတယ်။
ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အယူအဆကို အိန္ဒိယက အရင်ဆုံး တင်ပြတာ ဖြစ်ပါတယ်။ (၁၉၉၇) က တည်ထောင်တဲ့ “ဘင်္ဂလား ပင်လယ်ကွေ့ ဦးဆောင်မှု” အစီအစဉ် BIMSTEC မှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ နီပေါလ် နဲ့ ဘူတန် (၇) နိုင်ငံ ပါဝင်ပါတယ်။ ဒါကြောင့် (၇) နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ (၄) နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို လက်တွေ့ပြတဲ့အနေနဲ့ ကားအစီး (၂၀) ကျော်ဟာ ကာလကတ္တား၊ ဒါကာ၊ အင်ဖာ၊ မိုရေး၊ တမူး၊ မန္တလေး၊ လာရှိုး၊ ရွှေလီ နဲ့ ကုမင်တို့ကို (၂၀၁၃) က ခရီးထွက်ပြခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယ ဦးဆောင်တဲ့ (၇) နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးမှာ အကြုံဝင်တဲ့ မြန်မာ၊ ထိုင်း၊ အိန္ဒိယ အမြန်ကားလမ်းဟာ ရှေ့နှစ်မျာ ပြီးစီးမယ်လို့ မျှော်လင့်ရပါတယ်။
လောလောဆယ်တော့ တရုတ် ဥိးဆောင်တဲ့ (၄) နိုင်ငံ စီးပွားရေးစင်္ကြန်က ပိုပြီး အလားအလာ ကောင်းနေပါတယ်။ အခြေခံ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ဒေါ်လာသန်း (၄) သောင်း ရင်းနှီးမယ်လို့ တရုတ်က ဆိုပါတယ်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုတာ အေးချမ်းစွာ ပြိုင်ဆိုင် စီးပွားရှာတာ ဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှု စွမ်းရည်ရှိသူက အများဆုံး အကျိုးခံစားရဖွယ် ရှိပါတယ်။ တရုတ်ပြည် ဘောင်အောဖိုရိမ်ရဲ့ (၂၀၁၄) ထုတ် အစီရင်ခံစာမှာ အာရှ (၃၇) နိုင်ငံရဲ့ ပြိုင်ဆိုင်မှု စွမ်းရည်ကို ဖော်ပြပါတယ်။ ဒီထဲမှာ စင်္ကာပူ က ပထမ၊ တောင်ကိုးရီးယား က ဒုတိယ၊ ဟောင်ကောင် က တတိယ၊ ထိုင်ဝမ် က စတုတ္ထ တို့ဖြစ်ပြီး၊ ဂျပန် က အဆင့် (၇) နဲ့ တရုတ် က အဆင့် (၉) မှာ ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်က (၂၈) ရှိပြီး၊ အိန္ဒိယက အဆင့် (၃၅)မှာ ရှိပါတယ်။ မြန်မာကိုတော့ အချက်အလက် မရနိုင်လို့ဆိုပြီး စာရင်းထဲတောင် ထည့်မထားပါဘူး။
အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ် (၄) နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဟာ မြန်မာကတဆင့် တရုတ်-အိန္ဒိယ ကုန်သွယ်ရေးကို မြှင့်တင်မယ့် အစီအစဉ် ဖြစ်ပါတယ်။ အိန္ဒိယ-တရုတ် နယ်စပ်ကုန်သွယ်ရေးကို (၁၉၆၂) ခုနှစ် နယ်စပ်စစ်ပွဲပြီးကတည်းက ပိတ်ထားတာ အနှစ် (၅၀) ကျော်နေပါပြီ။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း (၃) ခုရှိတဲအနက် Sikkim ပြည်နယ်က “နသူလား” တောင်ကြာလမ်းကို ၂၀၀၆ မှာ ပြန်ဖွင့်ပေမယ့် မျှော်လင့်သလို ဖြစ်မလာပါဘူး။ ဒါကြောင့် မြန်မာပြည် မြောက်ပိုင်းကိုဖြတ်ပြီး အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်ကို ဆက်သွယ်ဖို့ တရုတ်က ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ (၄) နိုင်ငံ စီးပွားရေးစင်္ကြန် တည်ဆောက်ဖို့ စိတ်ကူးစဉ်က ဗမာစစ်အစိုးရဟာ တရုတ်အစိုးရကို အားကိုနေတာမို့ တရုတ် စီမံကိန်းဟာ အလားအလာ ကောင်းနေပါတယ်။ ဒါပေမဲ့ အချိန်ကြာတာနဲ့အမျှ ပြောင်းလဲသွားနိုင်ပါတယ်။
တရုတ်ကွန်မြူနစ် အာဏာရချိန်ကစပြီး အိန္ဒိယနဲ့ နယ်နိမိတ် ပြဿနာပေါ်တဲ့အတွက် ၁၉၆၂ မှာ နယ်စပ်စစ်ပွဲ ဖြစ်ပွားပါတယ်။ စစ်ရပ်ဆိုင်းပေမယ့် သိမ်းပိုက်ထားတဲ့ နယ်နိမိတ်နဲ့ ပတ်သက်ပြီး (၂) နိုင်ငံ သဘောတူညီချက် ရယူနိုင်သေးတာ မဟုတ်ပါဘူး။ နယ်စပ်ဒေသဟာ စစ်နယ်မြေ ဖြစ်နေတာမို့ အချိန်မရွေး ပဋိပက္ခ ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေမှာ ပြိုင်ဘက်နိုင်ငံကြီးတွေ ဖြစ်နေလို့ တိုက်ရိုက်အပေးအယူလုပ်ဖို့ အဆင်မပြေ ဖြစ်နေပုံ ရပါတယ်။ ဒီနေရာမှာ မြန်မာပြည်မြောက်ပိုင်းဟာ တရုတ်အတွက်ရော၊ အိန္ဒိယအတွက်ပါ အရေးပါလာပါတယ်။ ယူနန်ပြည်နယ် ဖွံ့ဖြိုးရေးကို တရုတ်လိုလားသလို အိန္ဒိယကလည်း အရှေ့မြောက်ဒေသကို ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်။
ဒါကြောင့် အိန္ဒိယ နဲ့ တရုတ်ကို လိမ္မာပါးနပ်စွာ ကိုင်တွယ်ပြီး မိမိအကျိုးစီးပွား မြှင့်တင်ဖို့ မြန်မာအတွက် အခွင့်အလမ်းပေါ်လာပါတယ်။ ကုန်သွယ်ရေး၊ စွမ်းအင်၊ အခြေခံ အဆောက်အအုံနဲ့ ခရီးသွားလုပ်ငန်းမှာ (၄) နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မယ့်ကိစ္စအကြောင်း စာတမ်း (၁၂) စောင် ဖတ်ကြားပါတယ်။ စွမ်းအင် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးကို အထူးစိတ်ဝင်စားကြောင်း ဒု-နိုင်ငံခြားရေးဝန်ကြီး ပြောသွားတာကိုကြည့်ရင် (၄) နိုင်ငံ စီးပွားရေးစင်္ကြန်မှာလည်း မြန်မာဟာ သယံဖာတ ရောင်းစားတဲ့ အဆင့်က တက်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။