၂၀၁၉ ခုနှစ်သစ်မင်္ဂလာ အခါသမယ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းသာယာပြီး ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်ဝတဲ့ နိုင်ငံတော်ကြီးဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ ဘာသာပေါင်းစုံက ဆရာတော်တွေနဲ့ ခေါင်းဆောင်တွေက ဆုမွန်ကောင်းတွေ အသီးသီးပို့သလိုက်ပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။
“ကျနော့်အနေနဲ့ ကျနော်ကြီးပြင်းခဲ့တဲ့ နိုင်ငံ၊ ကျနော်ရဲ့ လူမျိုးတွေအတွက် ကျနော်ပို့ပေးချင်တဲ့ မေတ္တာလေးနဲ့ ကျနော်ရဲ့ ဆုတောင်းခြင်းထဲက ကျနော်တို့ မြန်မာနိုင်ငံနဲ့ ပြည်သူပြည်သားတွေအားလုံး ငြိမ်းချမ်းပျော်ရွှင်ပြီးတော့မှ ချစ်ခြင်းမေတ္တာနဲ့ ပြည့်ဝတဲ့ နိုင်ငံတော် ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။”
အခုပြောသွားသူကတော့ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့က ခရစ်ယာန်ကက်သလစ်ဘုန်းတော်ကြီးတပါးဖြစ်တဲ့ Father သန်းထွန်းရဲ့ မြန်မာနိုင်ငံအတွက် နှစ်သစ်မင်္ဂလာ ဆုတောင်းပါ။
မြန်မာနိုင်ငံမှာ အမုန်းတရားတွေ၊ ခွဲခြားဆက်ဆံမှုတွေ ပပျောက်နိုင်ဖို့ မေတ္တာတရားနဲ့ အစားထိုးဖို့ Father သန်းထွန်းက အခုလိုပြောကြားခဲ့ပါတယ်။
“ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်တဲ့သူတွေဖြစ်နိုင်ရအောင် ကျနော်တို့ဆီမှာ မုန်းတီးတဲ့အရာတွေကို ချစ်ခြင်းမေတ္တာနဲ့ အစားထိုးနိုင်ဖို့၊ ထိခိုက်ခြင်းခံစားရတဲ့အခါမှာ ခွင့်လွှတ်ခြင်းတွေ အမြဲတမ်း စိတ်ထဲမှာထားနိုင်ဖို့၊ ကိုယ့်ကို ယုံမှားသံသယတွေဖြစ်လာတဲ့အခါမှာ ကိုယ့်ကို ယုံကြည်ခြင်းတွေ ပြန်လည်တည်ဆောက်ဖို့၊ စိတ်ပျက် အားငယ်သွားတဲ့အခါမှာလည်း အမြဲတမ်း မျှော်လင့်ခြင်းတွေနဲ့ အသက်ရှင်နိုင်ဖို့၊ အတ္တအမှောင်တွေ ကိုယ့်ရဲ့အသိစိတ်မှာ ဖုံးလွှမ်းလာတဲ့အခါ အမြဲတမ်းအလင်းတွေနဲ့ မှန်သောတရားတွေနဲ့ အသက်ရှင်နေတတ်ဖို့၊ ဝမ်းနည်း ကြေကွဲနေရတဲ့အချိန်ဆိုရင်လည်း ပျော်ရွှင်နိုင်တဲ့ အခြေအနေ အသိတရားတွေရဖို့ ပြင်ဆင်နိုင်ခြင်းအားဖြင့် ကျနော်တို့ဟာ ချစ်ခြင်းမေတ္တာ တဦးဆီကိုပေးနိုင်မှာဖြစ်တယ်။”
အခုလို ၂၀၁၉ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ နှစ်သစ်အခါသမယ တိုင်းရင်းသား အားလုံးညီညီညွတ်ညွတ်နဲ့ နိုင်ငံတိုးတက်ကြီးပွားအောင် ဆောင်ရွက်နိုင်ကြဖို့ဆုတောင်း မေတ္တာကိုတော့ဗာဂျီးနီးယားပြည်နယ် ဓမ္မအလင်းရောင် ကျောင်းတိုက်ဆရာတော် အရှင်ကုမုဒ က အခုလို မိန့်ကြားပါတယ်။
“ ၂၀၁၈ခုနှစ်မှ ၂၀၁၉ခုနှစ်သို့ နှစ်သစ်ရောက်ချိန် အခါသမယမှာ အားလုံးသော ကမ္ဘာသူ၊ ကမ္ဘာသား၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံး ကျန်းမာချမ်းသာကြပါစေ။ ဘေးရန်အန္တရာယ် ကင်းရှင်းကြပါစေ။ ငြိမ်းချမ်းမှုတွေ ရရှိကြပါစေ။ တဦးနဲ့ တဦးမေတ္တာတွေ ကူးလူးဆက်ဆံနိုင်ပြီး အားလုံးတိုးတက်ကြီးပွား ချမ်းသာကြပါစေ။ အထူးအားဖြင့် မြန်မာပြည်မှာ နေထိုင်ကြကုန်သော တိုင်းရင်းသားညီအကိုမောင်နှမ အားလုံး ညီညီညွတ်ညွတ်ဖြင့် မြန်မာပြည်ကြီးကို တိုးတက်ကြီးပွားအောင် ဆောင်ရွက်နိုင်ကြပါစေလို့ နှစ်သစ်ဆုတောင်း ပြုအပ်ပါတယ်။”
ကမ္ဘာမှာ ဒုက္ခသည်အများဆုံးနေရာဖြစ်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာ ခိုလှုံနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ထွက်ပြေးခဲ့ကြတဲ့ သန်းနဲ့ချီရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အပါအဝင် ကမ္ဘာမှာ နှစ်ပေါင်းအချိန် အကြာဆုံးဖြစ်လာတဲ့ မြန်မာနိုင်ငံက ပြည်တွင်းစစ်ပဋိပက္ခကြောင့် အခုချိန်ထိ နယ်စပ်တလျောက် ထွက်ပြေးခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေအရေးအတွက်လည်း နိုင်ငံတကာအသိုင်းအဝိုင်းက နှစ်သစ် မင်္ဂလာ ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။ အဲဒီအထဲမှာ ကာလီဖိုးနီးယားပြည်နယ်အခြေစိုက် မြန်မာ-အမေရိကန် မွတ်စလင်အစည်းအရုံး ဥက္ကဌ ဦးမောင်အေးရဲ့ နှစ်သစ်ကူးဆုတောင်းကတော့-
“ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အားလုံးညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းရေး ရကြဖို့ စစ်ပွဲတွေ ရပ်ဖို့၊ ကမ္ဘာတဝန်းမှာ အတိဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေအရေး ဖြေရှင်းနိုင်ဖို့နဲ့ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ မြန်မာပြည်က သန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့အတူ အခြားတိုင်းရင်းသား ဒုက္ခသည်တွေနဲ့အတူ အမိမွေးရပ်မြေကို သူတို့ဆန္ဒအပြည့်အဝနဲ့ လွတ်လပ်စွာ လျင်မြန်စွာ ပြန်နိုင်ဖို့အတွက် ကျနော်တို့ BMA ကနေပြီးတော့ ဆုမွန်ကောင်းများ တောင်းအပ်ပါတယ်။”
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့အရှေ့ဘက်ခြမ်း နိုင်ငံတွေမှာတော့ခရစ်သက္ကရာဇ် ၂၀၁၈ခုနှစ်ကုန်လို့ ၂၀၁၉ခုနှစ်ကို ကူးပြောင်းချိန်နှစ်သစ်အခါသမကို အစဉ်အလာမပြတ် ပျော်ရွှင်စည်းကားစွာနဲ့ဆင်နွဲှဖြတ်သန်းခဲ့ကြပါပြီ။ မြန်မာနိုင်ငံနဲ့ နာရီပေါင်း ၁၂ နာရီကွာပြီး နောက်ကျတဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာ့အနောက်ဘက်ခြမ်းမှာတော့ မကြာခင်ကျရောက်တော့မယ့်နှစ်သစ်ကူးအချိန်ကို ဆင်နွဲှဖို့ အသင့်ဖြစ်နေကြပါပြီ။
Your browser doesn’t support HTML5