ငြိမ်းချမ်းရေး အခက်အခဲဖြေရှင်းဖို့ NCA အဖွဲ့တွေဆွေးနွေးမည်

စတုတ္ထအကြိမ်မြောက် NCA-S EAO ထိပ်သီးညီလာခံ

NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ရှေ့မရောက်ဖြစ်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေကြရာမှာ၊ တစ်ဆို့မှုကျော်လွှားရေးဆိုင်ရာအလုပ်အဖွဲ့အစည်းဆိုပြီး စည်းဝေးတိုင်ပင်ဖို့ရှိနေပါတယ်။ ဒီ အစည်းအဝေး ရလဒ်တွေအပေါ် အစိုးရနဲ့ ညှိပြီး ၂၁ ပင်လုံအစည်းအဝေး ပြန်စနိုင်ဖို့ ဆောင်ရွက်မယ်လို့ တိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံအစည်းအဝေးမှာ တစ်ဆို့နေတဲ့ အချက်တွေကို ကျော်လွှားနိုင်ဖို့ အဖြေရှာသွားမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အလုပ်အဖွဲ့ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပဖို့ ရှိနေတာပါ။

ဒီအစည်းအဝေးကို မနက်ဖြန်မှာ စတင်မှာဖြစ်ကြောင်းကို တိုင်းရင်းသားအဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဗိုလ်မှုးကြီး စိုင်းငင်းက အခုလို ပြောပါတယ်။

“ မနက်ဖြန် ၅-၆-၇ က တစ်ဆို့မှုကျော်လွှားရေး အလုပ်အဖွဲ့အစည်းဝေး။ ဒါ ဒုတိယအကြိမ်ပေါ့ဗျာ။ တစ်ဆို့နေတဲ့အရာတွေ ဘယ်လို ကျော်ဖြတ်မလဲ ဆိုတဲ့ အကြောင်းအရာကို အသေးစိတ်ရေးဆွဲမယ်။”

မေလအတွင်းက ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ တစ်ဆို့မှု ကျော်လွှားရေးဆိုင်ရာအလုပ်အဖွဲ့ကို စတင် ဖွဲ့စည်းပြီး ဒီအလုပ်အဖွဲ့အစည်းအဝေးတွေကို ဇွန်လအတွင်းမှာ တစ်ကြိမ်ကျင်းပထားပြီးဖြစ်ပါတယ်။

မနက်ဖြန်မှာ စတင်မယ့် အလုပ်အဖွဲ့အစည်းအဝေးက ထွက်ပေါ်လာတဲ့ ရလဒ်တွေကို ထိပ်သီးအစည်းအဝေးမှာ အတည်ပြုချက်ရယူပြီး ၂၁ရာစုပင်လုံကို ပြန်လည်စတင်ရေးအတွက် အစိုးရနဲ့ ညှိနှိုင်းသွားမှာဖြစ်ကြောင်း ဗိုလ်မှုးကြီး စိုင်းငင်းက ဆက်ပြောပါတယ်။

“တစ်ဆို့နေတဲ့အရာတွေ ဘယ်လို ကျော်ဖြတ်မလဲ ဆိုတဲ့ အကြောင်းအရာကို အသေးစိတ်ရေးဆွဲမယ်။ ရေးဆွဲပြီးတော့မှ summit ကို ပြန်တင်မယ်။ summit ကနေ အတည်ပြုချက်တွေ ရယူပြီးမှပဲ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ကို ထပ်ဖွဲ့မယ်။ အဲဒီ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ဖွဲ့ပြီးမှပဲ တဘက်က အစိုးရနဲ့ ညှိနှိုင်းဖို့ ရှိတယ်။ အဲဒီတစ်ဆင့်(က) ခုနက ပြောပြောနေတဲ့ ၂၁ပင်လုံ ကျင်းပရေးကို ဦးတည်တဲ့ လမ်းကြောင်းပေါ်ကို ရောက်သွားမယ်ထင်တယ်။ ”

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်နေမှုနဲ့ ရှေ့လုပ်ငန်းစဉ် စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံအစည်းဝေးကို တနှစ်မှာ ၂ကြိမ်ကျင်းပဖို့ သဘောတူထားပေမဲ့ ၂၀၁၈ခုနှစ်က တစ်ကြိမ်သာကျင်းပ နိုင်ခဲ့သလို ဒီနှစ်အတွင်းမှာတော့ ကျင်းပနိုင်တာမရှိသေးပါဘူး။

၂၁ရာစုပင်လုံ ပြန်လည်စတင်နိုင်ရေးဟာ အစိုးရနဲ့ EAO ခေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် မူတည်နေကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးအဖဲ့ွဝင် စိုင်းကျော်ညွှန့်က ပြောပါတယ်။

“ အဓိက ကျတာ EAO နဲ့ အစိုးရ ညှိနိုင်မှ ထင်တယ်။ EAO ကတော့ သူတို့ကတော့ မဆွေးနွေးချင်တဲ့အပိုင်းကို မဆွေးနွေးချင်ဘူးလေ။ ဒါပေမဲ့ သူတို့ ဆွေးနွေးချင်တဲ့ ပိုင်းလည်း ရှိတယ်လေ။ အစိုးရဘက်ကျတော့ တစ်ခုတည်းသော တပ်မတော်နဲ့ ခွဲမထွက်ရပေါ့ဗျာ။ အဲဒါက မကျော်ရင် မဆွေးနွေးဘူးဆိုတဲ့ ပုံစံဆိုတော့ ဆွေးနွေးပွဲက ဒီအတိုင်းဆို ဖြစ်မယ့် ပုံမပေါက်ဘူး။ တစ်ခြားဟာတွေ ဆွေးနွေးမယ် ဆိုတော့လည်း ဒီဘက်က ဆွေးနွေးမခံသလို ဖြစ်နေတာလေ။ အဲတော့ အဲဒါကြီးကို နည်းလမ်းရှာပြီး မကျော်နိုင်သ၍ကတော့ သူက ဒီလိုပဲ ဖြစ်နေမှာပဲ။ ”

ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ကျင်းပတဲ့ ၂၁ရာစုပင်လုံ တတိယအစည်းအဝေးမှာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပြည်ထောင်စုက ခွဲမထွက်ရဆိုတဲ့ အချက်နဲ့ တပ်မတော်တခုတည်းဖြစ်ရေးဆိုတဲ့အချက်တွေကို ဆွေးနွေးနိုင်တာ မရှိခဲ့ပါဘူး။ အောက်တိုဘာလမှာ ကျင်းပတဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲပြီးနောက်မှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ တရားဝင်ဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်တာကို ယာယီရပ်ဆိုင်းလိုက်တဲ့နောက်မှာ ဆွေးနွေးပွဲတွေဟာ ရပ်တန့်နေခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ငြိမ်းချမ်းရေး အခက်အခဲဖြေရှင်းဖို့ NCA အဖွဲ့တွေဆွေးနွေးမည်