ကုလစာနာမှုရုံး အကြီးအကဲ မြန်မာခရီးစဉ် အပေါ် NUG အမြင်

ကုလ စာနာမှုအကြီးအကဲ (UNOCHA) Martin Griffiths စစ်ကောင်စီခေါင်းဆောင်နဲ့တွေဆုံ (သြဂုတ် ၁၅၊ ၂၀၂၃)

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲတဦးဖြစ်တဲ့ Maritn Griffiths အနေနဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံတာဟာ စစ်ကောင်စီကို အသိမှတ်ပြုရာရောက်ပြီး စစ်ကောင်စီရဲ့ အမြတ်ထုတ်မှုကိုခံရနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဝေဖန်ပါတယ်။ ဒါ့ပြင် မြန်မာပြည်သူတွေကို အကူညီပေးမယ့်သူ့ရည်ရွယ်ချက်ဟာလည်း အောင်မြင်မှုရှိနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ UNOCHA ရဲ့ လူသားချင်းစာနာမှုဆိုင်ရာနဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ အကြီးအကဲ Martin Griffiths ဟာ ကြိုတင်ကြေညာခြင်းမရှိဘဲ အင်္ဂါနေ့မှာ မြန်မာနိုင်ငံကိုရောက်လာခဲ့တာပါ။ ဗုဒ္ဓဟူးနေ့မှာ ရခိုင်ပြည်နယ်ကို သွားရောက်တဲ့ကုလအကြီးအကဲဟာ အင်္ဂါနေ့ကတော့ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး တိုင်းရင်းသား ဒေသတွေမှာ အကူအညီ လိုအပ်နေတဲ့ကိစ္စတွေအပြင် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးကိစ္စတွေ ပိုမို ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

အခုလို တွေ့ဆုံဆွေးနွေးပြီး မြန်မာပြည်သူတွေကို အကူညီပေးဖို့ ရည်ရွယ်ချက်ဟာ အောင်မြင်မှုရှိမှာမဟုတ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က VOA ကိုပြောပါတယ်။

"အဲဒီရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ပြီးမြောက်နိုင်စွမ်းရှိမရှိဆိုတဲ့ကိစ္စမှာ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံပြီး လုပ်ကိုင်ဆောင်ရွက်နေသရွေ့တော့ ဒီကိစ္စတွေကို ဘယ်လိုမှ ပြီးမြောက်နိုင်မှာမဟုတ်ဘူးဆိုတာ ဒီလိုပဲနားလည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ပြည်သူတွေ အတိဒုက္ခရောက်အောင် အဓိကတာဝန်ရှိတဲ့သူ၊ အဓိကဆောင်ရွက်နေတဲ့သူဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ်စုသာလျှင်ဖြစ်တယ်။ ပြီးတော့ အရင့်အရင် သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ကိစ္စတွေ...မိုခါမုန်တိုင်းဖြစ်တဲ့ကိစ္စတွေမှာလည်း အကူအညီတွေမရောက်အောင် ပိတ်ဆို့ခဲ့တာလည်း မင်းအောင်လှိုင်ကိုယ်တိုင်....မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ်စုသာလျှင်ဖြစ်တယ်ပေါ့နော်၊ ...

အဲဒီတော့ ပြည်သူလူထုအပေါ်မှာ စေတနာလည်းမရှိ၊ ပြည်သူလူထုကိုအတိဒုက္ခရောက်အောင် ဖိစီးနှိပ်စက်နေတဲ့ ဒီစစ်အာဏာရှင်ကတဆင့် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးမယ်ဆိုရင်တော့ ဒီရည်ရွယ်ချက်က ပေါက်မြောက်အောင်မြင်မှာမဟုတ်ဘူးလို့ ဒီလိုပဲ နားလည်ပါတယ်ဗျ။"

မိုခါမုန်တိုင်း နောက်ပိုင်း အရေးပေါ် အကူအညီတွေ လိုအပ်နေတဲ့ ရခိုင်ပြည်နယ် အပြင် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပြည်တွင်းနဲ့ တိုင်းရင်းသား ဒေသတွေမှာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေရဲ့ ဆောင်ရွက်မှုတွေကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်မှုတွေချထားဆဲပါ။

ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေဆီ အကူညီတွေ တိုက်ရိုက်ရောက်စေဖို့ ဒေသခံတွေနဲ့ ထိတွေ့ ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။

"သူတို့အနေနဲ့ ဒုက္ခရောက်နေတဲ့ပြည်သူလူထုအပေါ်မှာ လူသားချင်းစာနာထေ ာက်ထားမှာအကူအညီတွေပေးနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားတယ်ဆိုတဲ့ကိစ္စကိုတော့ ကျနော်တို့အသိအမှတ်ပြုပါတယ်၊ နားလည်ပါတယ်။ ဒါပေမဲ့ တကယ်တန်းထိတွေ့ဆောင်ရွက်သင့်တာတော့ ပြည်သူ့ mandate နဲ့ဖြစ်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြီးတော့ သက်ဆိုင်ရာနယ်မြေတွေမှာရှိနေတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေပေါ့။ ERO တွေနဲ့ထိတွေ့ဆောင်ရွက်မှသာလျှင် တကယ်ဒုက္ခရောက်နေတဲ့ပြည်သူတွေဆီကို တိုက်ရိုက်ရောက်ရှိမှာဖြစ်ပါတယ်။

ဒါ့ပြင် စစ်ကောင်စီအကြီးအကဲနဲ့ အခုလို တွေ့ဆုံ ဆွေးနွေးမှုဟာ စစ်ကောင်စီကို အသိမှတ်ပြုရာရောက်ပြီး စစ်ကောင်စီရဲ့ အမြတ်ထုတ်မှုကို ခံရနိုင်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ပြောခွင့်ရ ဦးနေဘုန်းလတ်က ဝေဖန်ပါတယ်။

"အခုလိုတွေ့ဆုံခြင်းကြောင့်ပေါ့နော်၊ အခုဆိုရင်ကိုပဲ ဒီ အကြမ်းဖက်စစ်အုပ်စုက အခုလိုတွေ့ဆုံတယ်ဆိုတဲ့ဓာတ်ပုံတွေကို နိုင်ငံရေးအရ အသုံးချနေပြီဖြစ်ပါတယ်။ မိမိကတော့ အကြမ်းဖက်စစ်အုပ်စုကို တရားဝင်မှုပေးတဲ့တွေ့ဆုံမှုမျိုး မဟုတ်သော်ငြားလည်းပဲ အကြမ်းဖက်စစ်အုပ်စုကတော့ ပြည်သူလူထုရဲ့အာဏာကို မတရားလုယူပြီးတော့ သိမ်းပိုက်ထားတဲ့ သူတို့ရဲ့ဖြစ်တည်မှုကို အားပေးထောက်ခံတယ်ဆိုတာမျိုး ပုံပေါ်အောင် ဝါဒတွေဖြန့်ပြီးတော့ အသုံးချနေတာတွေလည်း တွေ့နိုင်မှာဖြစ်ပါတယ်ဗျ။"

ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ်ကယ်ဆယ်ရေး ဆိုင်ရာ အကြီးအကဲကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက်ဆွေးနွေးမှုကနေ မိုခါမုန်တိုင်းဒဏ်သင့် ဒေသတွေနဲ့ တခြားဒေသတွေက လူသားချင်းစာနာမှု အကူညီ အရေးတကြီး လိုအပ်နေသူတွေအတွက် အကူညီပေးရေးမှာ စစ်ကောင်စီဘက်က ကန့်သတ်မှုတွေ လေ ျှာ့ပေးနိုင်တယ်လို့ သုံးသပ်သူတွေ ရှိနေပေမယ့် မိုခါမုန်တိုင်းဒဏ်ကြောင့် အကူအညီတွေလိုအပ်နေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း လူမှုကူညီရေး ဆောင်ရွက်နေသူတွေဘက်ကတော့ မျှော်လင့်ချက် သိပ်မထားကြကြောင်းလည်း VOA ကို ပြောထားတာပါ။

Mr Griffiths ဟာ ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွါမှာ ဖြစ်ပြီး အခုလို ကြိုတင်မကြေညာပဲ လာရောက်တဲ့ သူ့ရဲ့ မြန်မာခရီးစဉ်နဲ့ ပတ်သက်ပြီး UNOCHA က အခုချိန်အထိ တစုံတရာ ထုတ်ပြန်တာ မရှိသေးသလို VOA ကဆက်သွယ်မေးမြန်းတာကိုလည်း အကြောင်း မပြန်သေးပါဘူး။

Your browser doesn’t support HTML5

ကုလစာနာမှုရုံး အကြီးအကဲ မြန်မာခရီးစဉ် အပေါ် NUG အမြင်