တရုတ်သြဇာကြီးထွားမှုကို တန်ပြန်နိုင်ဖို့ ဒေသတွင်းနိုင်ငံတွေကို နေတိုးအဖွဲ့ ကူညီမည်

နေတိုးအတွင်းရေးမှူးချုပ် Jens Stoltenberg

Zawgyi/Unicode

တရုတ်ရဲ့ အရှိန်အဝါကြီးထွားလာနေတာကို ရင်ဆိုင်နိုင်ဖို့ အတွက် အာရှပစိဖိတ် ဒေသတွင်း နိုင်ငံတွေကို အကူအညီပေးရမှာ ဖြစ်သလို ကမ္ဘာ့အရေးဆောင်ရွက်ရာမှာလည်း NATO အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ နိုင်ငံရေးအရ ပါဝင်လုပ်ဆောင်ကြဖို့ NATO အတွင်းရေးမှုးချုပ် Jens Stoltenberg က ပြောကြားလိုက်ပါတယ်။

မဟာမိတ်နိုင်ငံတွေ အနေနဲ့ လုံခြုံရေး ဆိုင်ရာ ပြဿနာတွေအတွက် ဥရောပနဲ့ မြောက်အမေရိကတိုက် နိုင်ငံတွေကို ဗဟိုပြုချဉ်းကပ်တဲ့ နည်းထက် ကမ္ဘာလုံးဆိုင်ရာ ချဉ်းကပ်တဲ့နည်းကို သုံးသင့်ကြောင်းနဲ့ စစ်အင်အားကြီးမားမှုတခုထည်းနဲ့ အဖြေမထုတ်နိုင်တဲ့အတွက် နိုင်ငံရေး နည်းလမ်းကိုပါ သုံးဖို့ လိုအပ်နေတယ်လို့ NATO အတွင်းရေးမှုးချုပ် Stoltenberg က တနင်္လာနေ့ အတ္တလန်တိတ်ကောင်စီနဲ့ အမေရိကန်နိုင်ငံ German Marshall Fund တို့ကြီးမှုးကျင်းပတဲ့ အွန်လိုင်းအစည်းဝေးမှာ ပြောကြားခဲ့တာပါ။

၂၀၃၀ အတွက် ကြည့်မယ်ဆိုရင် Australia ၊ ဂျပန်၊ နယူးဇီလန်နဲ့ တောင်ကိုရီးယားတို့လို နေတိုးမဟာမိတ်နိုင်ငံတွေနဲ့ အသွင်တူ တဲ့နိုင်ငံတွေနဲ့ ပိုပြီး အနီးကပ်လက်တွဲ လုပ်ဆောင်ဖို့ လိုနေတယ်လို့လည်း ပြောပါတယ်။ ဒါမှ ဆယ်စုနှစ်များစွာ အန္တရာယ်ကင်းအောင် လုပ်ပေးခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ လိုက်နာကျင့်သုံးခဲ့မှုတွေကိုရော၊ အာကာသနဲ့ ကွန်ပြူတာ ဆိုင်ဘာ ဆိုင်ရာနည်းပညာသစ်တွေနဲ့ လက်နက်ထိန်းချုပ်ရေး ဆိုင်ရာတွေကိုပါ အကာကွယ် ပေးနိုင်မှာ ဖြစ်တဲ့အပြင် ဖိနှိပ်မှုနဲ့ အနိုင်ကျင့်မှုတွေ ကင်းတဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက်ပါ ဆက်လက်ရပ်တည်ပေးနိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ထရမ့်အစိုးရအဖွဲ့က နေတိုးမဟာမိတ်နိုင်ငံတွေကို မတိုင်ပင်ပဲ ဂျာမဏီမှာ ချထားတဲ့ အမေရိကန်တပ်အင်အား လေ ျှာ့ချဖို့စဉ်းစားနေတယ် ဆိုတဲ့ သတင်းထွက်လာ အပြီးမှာ နေတိုးအကြီးအကဲက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

တရုတ်သြဇာကြီးထွားမှုကို တန်ပြန်နိုင်ဖို့ ဒေသတွင်းနိုင်ငံတွေကို နေတိုးအဖွဲ့ ကူညီမည်


[Unicode]



