[[Zawgyi/Unicode]]
ကယားဒေသ စစ်ရှောင်များ အချိန်ကြာလာတာနဲ့အမျှ နေထိုင်စားသောက်ရေးခက်ခဲလာ
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်မြို့နယ်ကနေ ဆီဆိုင်မြို့နယ်ဘက် ထွက်ပြေးခိုလှုံလာကြတဲ့ ဒုက္ခသည် ၈ ထောင်ကျော်ဟာ ရေရှားပါးမှုနဲ့ စားနပ်ရိက္ခာ ပြတ်လပ်မယ့် အခြေအနေ ရင်ဆိုင်နေကြရပါတယ်။ နောက်ထပ် ရက် ၂၀ လောက်သာ စားကုန်ပစ္စည်းတွေ ကျန်ရှိနေတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က စုံစမ်းမေးမြန်းသတင်းပို့ထားတာကို နန်းလောဝ်က တင်ပြပေးထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတည်းက ကရင်နီဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား လွိုင်ကော်တိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းသုံးပြီး ဗုံးကြဲတိုက်ခိုက်တာကြောင့် လွိုင်ကော်တမြို့နီးပါး ဒေသခံတွေဟာ ပတ်ဝန်းကျင် ဆီဆိုင်မြို့နယ်က ကျေးရွာတွေဘက် ထွက်ပြေးခိုလှုံလာကြတာ အခုဆိုရင် ၃ လလောက်ရှိသွားပါပြီ။
လွိုင်ကော်မြို့ပေါ်အခြေအနေ ပြန်တည်ငြိမ်စပြုချိန် နေရပ်ပြန်သွားသူတွေရှိနေပေမယ့် လက်ရှိ ဆီဆိုင်မြို့နယ် ထဲမှာ စစ်ပြေးဒုက္ခသည် ၈,၀၀၀ ကျော် ကျန်ရှိနေသေးတယ်လို့ စစ်ရှောင်အကူအညီပေးသူ ခွန်ကျော်ဆွေက ပြောပါတယ်။
စစ်ပြေး ဒုက္ခသည်တွေ ပြေးရှောင်လာကြတာ အချိန်ကြာလာလို့ စားနပ်ရိက္ခာ ပြတ်လပ်မယ့်အခြေအနေနဲ့ ရေရှားပါးတဲ့ ပြဿနာ ကြုံတွေ့နေတာလို့ ခွန်ကျော်ဆွေက အခုလို ပြောပါတယ်။
“ရှစ်ထောင်ကျော်ကျော်လောက် ကျန်သေးတယ်ဗျ။ ပြန်သွားတာကတော့ တော်တော်များသွားပြီးဗျ။ ပြန်သွားတာကတော့ နှစ်သောင်းနီးပါးလောက်ရှိပြီ ပြန်သွားပြီဗျ။ အခု အထူးသဖြင့်က ကြာတဲ့အခါကျတော့ စားရေးသောက်ရေးကတော့ ကျနော်တို့ နယ်စခန်းမှာတောင်မှ တော်တော်လေး ရိက္ခာလိုတယ်ဗျ။ နောက်ထက် ရက် ၂၀ လောက်ဆိုရင်တော့ အချို့နေရာတွေမှာ ရိက္ခာ ပြတ်နေသလောက်ဖြစ်သွားပြီ။”
ဒုက္ခသည်တချို့က သက်ဆိုင်ရာ ဆွေမျိုးအိမ်တွေနဲ့ အိမ်ငှားပြီး နေထိုင်တဲ့ သူတွေရှိသလို စစ်ရှောင်အများစုကတော့ ယာယီစခန်းတွေမှာ နေထိုင်ကြပါတယ်။ အိမ်ငှားနေသူတွေကတော့ ကိုယ့်အစီအစဉ်နဲ့ စားသောက်နေထိုင်ကြရင်း အချိန်ကြာလာလို့ အဆင်မပြေမှုတွေကြုံလာပါတယ်။ စခန်းမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကြားမှာလည်း အစားအသောက်တွေ မျှဝေနေရပြီး ပံ့ပိုးကူညီမှုတွေ အတော်လေးလိုအပ်တယ်လို့ ကိုကျော်ဆွေက ပြောပါတယ်။
“တချို့လူတွေက အိမ်ငှားနေကြတယ်၊ အချို့အမျိုးအိမ်တွေ ငှားနေတဲ့ အုပ်စုတွေက အရင်တော့ သူတို့ စရိတ် နဲ့ သူတို့ပေါ့၊ သူတို့ကို စရိတ်မပေးဘူးဗျ။ အရင်တုန်းက သူတို့အစီအစဉ်နဲ့ သူတို့ စားကြတယ်။ ပါလာတဲ့ဟာတွေ သူတို့စားသောက်ကြတာပေါ့။ အခုကျတော့ ကြာတဲ့အခါကျတော့ သူတို့မှာ အဆင်မပြေတော့ဘူး၊ မပြေတဲ့အခါကျတော့ လာတောင်းကြတာပေါ့။ ကျနော်တို့ ရှိတဲ့ဟာတော့ ပေးလို့ရတယ်၊ မရှိတဲ့ဟာတွေ ကျနော်မခွဲပေးနိုင်တဲ့ အနေအထားပေါ့။ အခုလက်ရှိ ကျန်တဲ့လူတွေ အများဆုံးဖြစ်တာက ဒီးမော့ဆိုတို့၊ ဖရိူဆိုတို့ နောက်ပြီးတော့ မိုးဗြဲတွေပေါ့ဗျာ။ အဲ့လူတွေ အများစုကျန်တယ်။ ဒီလူတော့ ရေရှည်ဖြစ်တဲ့အတွက်ကြောင့် သူတို့ရေရှည်အတွက် ပံ့ပိုးကူညီမှုတွေတော့ လိုတာပေါ့ဗျာ။ အထူးသဖြင့် ကျနော်တို့ စခန်းမှာဆိုရင် ရေ၊ ရေတော်တော် လိုတယ်ဗျ။ ရေ ဖိုးကြီးတော့ တရက် ၅၀,၀၀၀ လောက်ကုန်တဲ့အခါကျတော့ ရေရှည်ကျတော့ တော်တော်မလွယ်ဘူးဗျ။”
ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စုကနေ ဆီဆိုင်ဘက် စစ်ရှောင်လာတဲ့ ဒေသခံတဦးကတော့ အလုပ် အကိုင် ဝင်ငွေတွေ မရှိတာကြောင့် အလှူရှင်တွေပဲ အားကိုး စားဝတ်နေရေးအတွက် အခက်အခဲဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ ဝိုင်းလုပ်ဝိုင်းစားပေါ့ဗျာ။ သူများ လာလှူလေးပဲ စားတာပေါ့။ ပြောမယ်ဆိုရင် ဘာအလုပ်အကိုင်မှ မရှိဘူးဗျ။ အခု သူတို့ လှူဒါန်တွေပဲ ကျနော်တို့ စားကြတယ်လေ။ ဝင်ငွေလည်းမရှိဘူးပေါ့နော်။ ဒီမှာကျတော့ ပြောမယ်ဆိုရင် တချို့ဆိုရင် ကလေးအမေတွေရော ဗိုက်ကြီးသည်တွေရော အခက်အခဲ အများကြီးပဲဗျ။ ကျနော်တို့ လိုအပ်ချက်တော့ အခုဒီမှာတော့ ရေ ၊ စားနပ်ရိက္ခာပေါ့။”
နောက်ထပ် လွိုင်ကော်မြို့ကနေ ဆီဆိုင်ဘက် စစ်ရှောင်လာတဲ့ စစ်ရှောင်တဦးကတော့ စစ်ရှောင်ပြည်သူတွေ ကြားမှာလည်း ဖျားနာ ချောင်းဆိုးနေသူတွေ များပြားနေပြီး ဆေးဝါးအလုံးအလောက်မရှိဘူးလို့ ပြောပါတယ်။
“အခုချောင်းဆိုးတဲ့ လူလည်းများတယ်။ ဘယ်လောက်ဖြစ်တာလဲတော့ မခန့်မှန်တတ်ဘူးဗျ။ နာတာရှည်လည်းရှိတယ်၊ သက်ကြီးရွယ်အိုလည်း ရှိတယ်ဗျ။ ကျန်းမာရေးအပိုင်းကတော့ လာကြည့်တယ်၊ ဒါပေမယ့် ဆေးက အလုံးအလောက်မရှိဘူးဗျ။”
ကယားပြည်နယ်မှာ ၂၀၂၁ ခုနှစ် မေလလောက်က ဒီးမော့ဆို၊ ဘောလခဲနယ်ဘက်မှာ ကရင်နီဒေသကာကွယ်တပ်နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီနောက် တဖြည်းဖြည်း တိုက်ပွဲဧရိယာတွေ ကျယ်ပြန့်လာပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာပါတယ်။
စစ်ဘေးဒဏ်ကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ရှောင်တိမ်းကြရပါတယ်။ ယာယီစစ်စခန်းတွေမှာ လက်နက်ကြီးကျရောက်တာ လေကြောင်းနဲ့ ဗုံးကြဲတာတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေ သေဆုံးထိခိုက်မှုတွေရှိလာပြီး စစ်ရှောင်တွေ တနေရာပြီး တနေရာ ပြောင်းရွှေ့ ပြေးရှောင်ခဲ့ကြရပါတယ်။
Your browser doesn’t support HTML5
===========
[[Unicode]]
===========