သတင်းစာဆရာ ဦးစည်သူအောင်မြင့်ပေါ် စွဲတင်ထားတဲ့အမှုတွေ နောက်သီတင်းပတ် စ စစ်မယ် 

နိုင်ငံတော်အကြည်ညိုပျက်အောင်ပြုလုပ်မှု ၁၂၄-က နဲ့ တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က တို့နဲ့တရားစွဲခံထားရသူ ဗွီအိုအေ ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့် (ယခင်ပုံဟောင်း)


[[Zawgyi/Unicode]]

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတဦးဖြစ်သူ ဦးစည်သူအောင်မြင့်အပေါ် စွဲချက်တင်ထားတဲ့ အမှု ၃ ခုကို နောက် သီတင်းပတ် ရုံးချိန်းတွေကြရင် စတင် စစ်ဆေးကြားနာတော့မှာဖြစ်ပါတယ်။ လောလောဆယ် ဦးစည်သူအောင်မြင့်အပါအဝင် အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးခံထားရသူတချို့ ကျန်းမာရေးစောင့်ရှောက်မှုရဖို့ အခက်အခဲဖြစ်နေတယ်လို့ သူ့ရှေ့နေက ပြောပါ တယ်။ ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက တင်ပြပေးထားပါတယ်။

ဗွီအိုအေမြန်မာပိုင်းရဲ့ ပင်တိုင်ဆောင်းပါးရှင်တဦးဖြစ်သူ ဦးစည်သူအောင်မြင့်ကို အရှေ့ပိုင်းခရိုင် တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄-က နဲ့ စွဲချက်တင်ထားသလို ပုဇွန်တော်မြို့နယ်တရားရုံးနဲ့ ဗဟန်းမြို့နယ်တရားရုံးတို့ကလည်း တပ်မတော် ပြိုကွဲအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့ အသီးသီး စွဲချက်တင်ထားပါတယ်။ ဒါကြောင့် သူဟာ စုစု ပေါင်း အမှု ၃ မှုအတွက် စွဲချက်တင်ခံထားရတာပါ။ ပုဒ်မ ၁၂၄-က အမှုအတွက် ဦးစည်သူအောင်မြင့် ဘက်က ပြန်ခေါ်သက်သေတွေကို ခေါ်ယူစစ်ဆေးမှု မနေ့ ဗုဒ္ဓဟူးနေ့က စစ်ဆေးပြီးသွားပြီဖြစ်လို့ နောက်တခေါက်ရုံးချိန်းကျရင် စွဲချက်တင်ထားတဲ့အမှုကို စတင်ကြားနာစစ်ဆေးမယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

“ဒီနေ့ဆို အရှေ့ပိုင်းခရိုင်ပေါ့ ၁၂၄ -က အတွက်ကို အမတို့က Recall ပြန်ခေါ်ထားတာပေါ့။ recall က နည်းပညာဆိုင်ရာ ကျွမ်းကျင်အရာရှိပေါ့ သူ့ပြန်ခေါ်စစ်လိုက်တယ်။ ရုံးချိန်းက ပုံမှန်တိုင်း ဗုဒ္ဓဟူးနေ့ပေါ့။ လာမယ့် ၂၇ ရက်နေ့ရုံးချိန်း။ ဒီနေ့ရုံးချိန်းဆို နောက်တပတ်ဆရာ့ကိုစစစ်ပြီ။ ဗဟန်းက မနက်ဖြန်၊ ပုစွန်တောင်က သဘက်ခါ ဗဟန်းနဲ့ ပုစွန်တောင်ကကျတော့ ဆရာ့ကို စ စစ်နေပါပြီ။ စစ်နေတုန်း ဆိုတော့ တခြားထွေထူးမရှိဘူး။ တခြားရုံးတွေက စစ်နေတာပဲ ရှိသေးတာပေါ့။ ဆရာက သူ့ထုချေချက် များတဲ့အခါကျတော့ ရုံးပြန်ပြန်ချိန်းတဲ့သဘောပေါ့။ စစ်တာကတရက်တည်းမပြီးလို့လေ။”

ဦးစည်သူအောင်မြင့်နဲ့ BBC Media Action ရဲ့ “ခံစားကြည့်” အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင် တို့ကို ဗဟန်းမြို့နယ်၊ ရွှေဂုံ-ရိပ်မွန်အိမ်ယာ တိုက်ခန်းတခုမှာ ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က ဖမ်းဆီးသွားတာပါ။ လောလောဆယ် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဦးစည်သူ အောင်မြင့်ဟာ ကျန်မာရေးစောင့်ရှောက်မှုလိုအပ်နေပေမယ့် လိုအပ်တဲ့ဆေးရဖို့တောင် အခက်အခဲ ဖြစ်နေတယ်လို့ သူ့ရှေ့နေက ပြောပြပါတယ်။

“ရာသီဥတုကပူ၊ ခြင်ကကိုက်ဆိုတော့ အိပ်မပျော်ကြဘူး။ ဟိုရက်က ဝမ်းပျက်လို့ အမတို့ ရုံးချိန်းမှာ ဆေးတိုက်ရတယ်။ သူတို့ဆီက ဆရာမှမဟုတ်ဘူး ဆေးကုသမှုအားလုံးမှာ အခက်အခဲရှိတယ် ပြန်ကြားရတယ်။ တချို့ဆေးတွေဆို ဒိတ်လွန်တွေပေးတယ်။ အကိုက်အခဲပျောက်ဆေးကလွဲလို့ ကျန်တာမရနိုင်ဘူး။ ဆရာမှမဟုတ်ဘဲ အားလုံးနီးပါး ဆေးကုသမှုက လွယ်လင့်တကူမရဘူး။ အဆင့်ဆင့်တင်ရတယ်။ တင်ပြပြီးတော့လည်း အဆင်မပြေတာတွေသိရတယ်။ ဆေးကုသမှုပိုင်း အဆင်မပြေကြဘူး။ တကယ်အနာနဲ့တည့်မယ့်ဟာ မရနိုင်ကြဘူး။ ဆေးကုသမှုပိုင်းက လုံလောက်တဲ့ ကုသမှုရတယ်ပြောမရဘူး။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဗွီအိုအေသတင်းဌာနနဲ့ Frontier Myanmar သတင်းဌာနတွေ က တဆင့် ဦးစည်သူအောင်မြင့်ဟာ တပ်မတော်နဲ့ စစ်ကောင်စီအပေါ် ဝေဖန်ဆန့်ကျင်တိုက်ခိုက်တဲ့ သတင်းဆောင်းပါးတွေ ရေးသားပေးပို့ခဲ့တဲ့အတွက်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ကြောင်း စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကတော့ ဗွီအိုအေအတွက် ဦးစည်သူအောင်မြင့် ရေးသား ပေးပို့တဲ့ သတင်းဆောင်းပါးတွေဟာ အချက်အလက် အခြေခံ ရေးသားထားတာတွေပဲဖြစ်ပြီး ဗွီအိုအေ ကို သတင်းဆောင်းပါး ရေးသားပေးပို့လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းတယ်ဆိုရင်တော့ သတင်းသမား တယောက်ကို မတရားဖမ်းဆီးတာပဲ ဖြစ်တဲ့အကြောင်း၊ မှန်မှန်ကန်ကန် ထောက်ပြရေးသားနေတဲ့ သတင်းသမားတွေကနေတဆင့် စစ်ကောင်စီအနေနဲ့ ပြည်သူတွေကြားကအသံကို သိအောင် နားထောင်ဖို့ဆိုတာ လိုအပ်လိမ့်မယ်လို့ အာဏာပိုင်တွေကို ပြောခဲ့ပြီး ဦးစည်သူအောင်မြင့်ကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဦးစည်သူအောင်မြင့်နဲ့အတူ ဖမ်းဆီးခဲ့တဲ့ သတင်းသမား မထက်ထက်ခိုင်ဟာလည်း ပုဒ်မ ၅၀၅-က၊ မတရားအသင်းနဲ့ဆက်သွယ်မှု ပုဒ်မ ၁၇/ ၁ တို့နဲ့ တရားရင်ဆိုင်နေရပါတယ်။ လောလောဆယ် ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေထဲက အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကိုလည်း အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ တရားစွဲလိုက်တယ်လို့ သူနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“မနက်ဖြစ်ဖြစ် နောက်နေ့ဖြစ်ဖြစ် သူ့ကို ပါဝါယူပြီးတော့ ကျန်တဲ့ကိစ္စတွေ မိသားစုတွေကို အကြောင်း ကြားမယ်ပြောတယ်။ လောလောဆယ် ပါဝါလည်း မယူရသေးဘူး။ ဘာမှမလုပ်ရသေးဘူး။ ၅၂ (က) နဲ့တော့ စွဲထားတယ်။ မိသားစုဝင်တယောက်အနေ နဲ့ ခံစားရတာပေါ့၊ မနှစ်ကလည်း ၅၀၅-ကနဲ့စွဲခံရပြီး ၄ လလောက်ကြာနေရတယ်၊ လောလောဆယ်တော့ မိသားစုဝင် တယောက်အနေနဲ့ ဝမ်းနည်းတယ် မိဘတွေလည်းစိတ်ဆင်းရဲရတာပေါ့။”

အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းဟာ ၂၀၂၁ မတ်လက စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲကို သတင်းယူနေစဉ် ဖမ်းဆီးခံရပြီး ၅၀၅-ကနဲ့ တရားစွဲခံခဲ့ရပါတယ်။ ရက်ပေါင်း ၁၂၂ ရက် ကြာ ထိန်းသိမ်းခံခဲ့ရပြီး ၂၀၂၁ ဇွန်လ ၃ဝ ရက်မှာတော့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်မြောက် လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ လက်ကိုင်ဖုန်းထဲမှာ အင်းစိန်ထောင်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ကို ရှာဖွေတွေ့ရှိတယ်လို့ဆိုပြီး ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့မှာ ၂၀၂၂ မတ်လက ပြန် လည် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဒီနေ့အထိ စစ်ကောင်စီကဖမ်းဆီးခဲ့တဲ့ သတင်းသမားပေါင်း အယောက် ၁၀၀ နီးပါး ရှိခဲ့ပြီး တချို့ပြန်လွတ်ခဲ့ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ လောလောဆယ် ဖမ်းဆီးခံထားရတဲ့ သတင်းသမားပေါင်း ၇၀ ဝန်းကျင်ရှိပါတယ်။ သတင်းသမားတွေ အများဆုံး တရားစွဲခံထားရ တာက တပ်မတော်ကို အကြည်ညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅-က နဲ့ဖြစ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မအပြင် နှစ်ရှည် ထောင်ချနိုင်တဲ့ မတရားအသင်း ဆက်သွယ်တဲ့ဥပဒေပုဒ်မ၊ နိုင်ငံတော် အကြည်ညိုပျက်အောင် ပြုလုပ်မှုတို့နဲ့ပါ တရားစွဲဆိုတာတွေ လုပ်လာခဲ့ပါတယ်။

Your browser doesn’t support HTML5

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ပေါ် စွဲတင်ထားတဲ့အမှုတွေ နောက်သီတင်းပတ် စ စစ်မယ်

==========
[[Unicode]]













==========