သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးစည်သူအောင်မြင့်နဲ့ မထက်ထက်ခိုင်တို့ကို ဒုတိယအကြိမ်ရုံးထုတ်


Sithu Aung Myint / Htet Htet Khine ဦးစည်သူအောင်မြင့် မထက်ထက်ခိုင်
Sithu Aung Myint / Htet Htet Khine ဦးစည်သူအောင်မြင့် မထက်ထက်ခိုင်

{Zawgyi/Unicode}

ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ သတင်းသမားနှစ်ဦးဖြစ်တဲ့ ဦးစည်သူအောင်မြင့်နဲ့ မထက်ထက်ခိုင်တို့ကိုလည်း ဒီကနေ့ ဒုတိယအကြိမ် ရုံးထုတ်ပေမယ့် စစ်ဆေးကြားနာနိုင်ခြင်းမရှိသေးပါဘူး။ ဖမ်းဆီးထိမ်းသိမ်းခံရတဲ့သတင်းတွေရဲ့ နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ရာကနေ ဗဟန်းမြို့နယ်၊ ရွှေဂုံ-ရိပ်မွန်အိမ်ယာ တိုက်ခန်းတခုမှာ သြ ဂုတ်လ ၁၅ ရက်နေ့ က ဖမ်းဆီးခံလိုက်ရတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နဲ့ BBC Media Action ရဲ့ “ခံစားကြည့်” အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင်တို့ကို ဒီကနေ့မှာ ဒုတိယအကြိမ် ရုံးထုတ်ပါတယ်။ ဒါပေမယ့် တရားရုံးစစ်ဆေး ကြားနာနိုင်မှုမလုပ်နိုင်ဘဲ နောက်ရုံးချိန်းရက် ချိန်းဆိုခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်မြင့်ကဗွီအိုအေကို ပြောပြပါတယ်။

“ဒီကနေ့ မစစ်ဖြစ်ပါဘူး။ ဟိုဘက်က တရားရုံးထုံးစံအတိုင်းပဲ။ စီမံခန့်ခွဲမှု အစည်းအဝေးလုပ်ပြီးမှ လာမယ့် ၂၆ ရက်ကို ပြန် ချိန်းတယ်။ ဆရာစည်သူအောင်မြင့်ကော မထက်ထက်ခိုင်ကောတွေ့တယ်။ ထုံးစံအရ အဲဒီအစည်းဝေးပြီးမှပဲ ဘယ်နေ့မှာ တရားလိုစစ်မယ်၊ ဘယ်နေ့မှာ တရားလိုပြသက်သေကိုစစ်မယ်ဆိုတာက အဲဒီအစည်းဝေးပြီးမှပေါ်တာကို။ အဲဒီတော့ ၂၆ ရက်မှ စစ်ဖြစ်မယ်။ မနက်ဖြန်တော့ မင်္ဂလာတောင်ညွှန့်မှာ စွဲထားတဲ့ ၁၇/၁ အမှု ရုံးချိန်းရှိတယ်။ အဲဒါလည်း ဒီတိုင်းပဲ။ ကိုဗစ် စီမံခန့်ခွဲမှု အစည်းအဝေးသွားဦးမှာပဲ။ ဦးစည်သူအောင်မြင့်ကော မထက်ထက်ခိုင်ကော ကျန်းမာ ရေးကောင်းပါတယ်။ ကျန်းကျန်းမာမာပါပဲ။

ဦးစည်သူအောင်မြင့်နဲ့ မထက်ထက်ခိုင်တို့ကို နောက်လာမယ့် ၂၆ ရက်နေ့မှာ အမှုစစ်ဖို့ ရုံးချိန်းပေးထားပါတယ်။ ဒီကနေ့မှာ မထက်ထက်ခိုင်ရဲ့ ပုဒ်မ ၅၀၅-က အမှုအတွက် ရုံးထုတ်တာဖြစ်ပါတယ်။ မနက်ဖြန်မှာ ပုဒ်မ ၁၇/၁ နဲ့ စွဲဆိုထားတဲ့ အမှုအတွက် ထပ်မံရုံးထုတ်စစ်ဆေးဖို့ ရုံးချိန်းပေးထားပါသေးတယ်။ ဒါပေမယ့် စစ်ဆေးနိုင်ဖို့မရှိဘဲ ရုံးချိန်းသာ ထပ်ပေးဖွယ်ရှိတယ်လို့ ဦးခင်မောင်မြင့်ကပြောပါတယ်။

ကိုဗစ်ထိန်းချုပ်ကန့်သတ်မှုအနေနဲ့ ထောင်တွင်းအမှုစစ်တာ၊ ဧည့်တွေတာ စတာတွေကို ကန့်သတ်ထားတာတွေရှိနေပြီး ခုချိန်ထိ ဒါကိုဖြေလျော့တာမရှိသေးတဲ့အတွက် ထောင်တွင်းအမှု စစ်တာ၊ ရုံးထုတ်တာတွေ ကြန့်ကြာနေရတာဖြစ်တယ်လို့ ရှေ့နေတွေကပြောပါတယ်။

ကိုဗစ်တတိယလှိုင်းပြင်းထန်နေတဲ့ ဇူလိုင်လလယ်ကနေ စပြီး ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ထိထောင်တွင်း အမှုစစ်ဆေးတာ၊ ထောင်ကနေ မြို့နယ် တရားရုံးတွေကို ရုံးထုတ်တာနဲ့ ထောင်ဝင်စာတွေ့တာတွေကို ကန့်သတ်ခဲ့တာပါ။ မကြာသေးခင် က ပြန်လည်ခွင့်ပြုခဲ့ပေမယ့် ကန့်သတ်ချက်တချို့ကို မဖြေလျှော့သေးသလို တရားရုံးတင်စစ်ဆေးမှုအပိုင်းမှာလည်း ပြန်လည် လည်ပတ်နိုင်တာမရှိဘဲ အကန့်အသတ်နဲ့သာ စစ်ဆေးကြားနာနေရပါတယ်။ ရုံးချိန်းပေးထားပေမယ့် အမှုကြားနာ မစစ်ဆေးနိုင်တာ၊ ရုံးချိန်းရက်မှာ တွေ့ရတဲ့ မိသားစုတွေနဲ့ပါ တွေ့ခွင့်မရတာရှိပြီး ဒါဟာ ထိမ်းသိမ်းခံရသူအခွင့်အရေးတွေပါ ဆုံးရှုံးနေရတယ်လို့ ရှေ့နေတွေကပြောပါတယ်။

အကျိုးဆောင် ရှေ့နေ ဦးခင်မောင်မြင့်ကတော့ ဒီလိုကြန့်ကြာမှုက အပြစ်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့စွပ်စွဲခံရသူတွေ အတွက် နစ်နာမှုတွေရှိစေတယ်လို့ သုံးသပ်ပါတယ်။

“တနေ့မှာ အမှုက ၅ မှု ၆ မှုပဲ စစ်ခွင့်ပေးတယ်။ အမှုတွေက စစ်တယ်ဆိုပေမယ့်လည်း တကယ်စစ်ရမယ့် အတိုင်းအတာကာလမှာ ဘယ်လိုမှမပြီးတော့ဘူး။ ဒီနေ့ဆို ကိုယ်စစ်ရမယ့် မြို့နယ်မပါဘူးဆိုတာမျိုး၊ စစ်ရမယ့်မြို့နယ် အထူးတရားရုံးဖွင့် လည်း ကိုယ့်အမှုသည် မပါဘူး။ တရားရုံးတွေဖွင့် အလုပ်လုပ်တယ်ဆိုပေမယ့် အပြည့်အဝလည်ပတ်နိုင်တဲ့ အနေအထားမ ဟုတ်ပါဘူး။ တရားရုံးချိန်းက ပုံမှန်က ၇ ရက်ကနေ ၁၄ ရက်ပေးကြတာ။ ကြားထဲ ဘာမှမစစ်ဖြစ်ဘဲ ပေးလိုက်တော့ ဘာ အပြစ်မှမရှိသူအတွက် ၇ ရက်၊ ၁၄ ရက်ထောင်ထပ်ကျတာနဲ့ တူတူပဲလေ။ နောက်ရုံး ချိန်းရှိတယ်။ ရုံးထုတ်လည်း ရှိတယ်။ အဲဒီနေ့ သက်သေမလာလို့၊ ဟိုဟာ ဒီဟာကြောင့်... အကြောင်းအမျိုးမျိုးနဲ့ မစစ်ဖြစ်ဘူးဆိုတာကျတော့ အဲလို မစစ်ဖြစ်တာသည် ဘာအကြောင်းမှမရှိ ထိန်းသိမ်းခံရတဲ့ အချုပ်သားအတွက် သပ်သပ် သူ့မှာ ၁၄ ရက်သို့မဟုတ် ၇ ရက် ထောင်ထပ် ကျတာလေ။ နစ်နာတာပေါ့။”

ဦးစည်သူအောင်မြင့်ကို တပ်မတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ ပုဇွန်တောင်မြို့နယ်နဲ့ ဗဟန်းမြို့နယ်မှာ အမှုဖွင့်ထားတာကြောင့် အမှု ၂ မှုနဲ့ ရင်ဆိုင်နေရတာပါ။ မထက်ထက်ခိုင်ကိုလည်း ပုဒ်မ ၂ ခုတပ်ပြီး စွဲထားတာမှာ ဗဟန်းမှာ တပ်မတော်အကြည်အညိုပျက်စေမှု ၅၀၅-က နဲ့ တမှု၊ မင်္ဂလာတောင်ညွှန့်မှာတော့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ တမှုတို့နဲ့ တရားစွဲခံထားရပါတယ်။

ဦးစည်သူအောင်မြင့်ကိုတော့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း VOA သတင်းဌာနနဲ့ Frontier Myanmar သတင်းဌာနတွေကတဆင့် တပ်မတော်နဲ့ အိမ်စောင့်အစိုးရအပေါ် မတရား ဝေဖန်ဆန့်ကျင်တိုက်ခိုက်တဲ့ သတင်းဆောင်းပါးတွေ ရေးသားပေးပို့ခဲ့တဲ့အတွက်ဆိုပြီး ဖမ်းဆီး ထိန်းသိမ်းလိုက်တာဖြစ်ကြောင်းတပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မထက်ထက်ခိုင်ကိုတော့ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားခံရသူ ဦးစည်သူအောင်မြင့်ကိုလက်ခံထားမှုအပြင် စစ်ကောင်စီဘက်က မတရားအသင်းလို့ ထုတ်ပြန်ထားတဲ့ အဖွဲ့တခုရဲ့ ရေဒီယိုအစီအစဉ်မှာ ပါဝင်တယ်ဆိုပြီး စွပ်စွဲကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁နဲ့ ဖမ်းဆီးအရေးယူတာဖြစ်တယ်လို့ပြောဆိုထားပါတယ်။

ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကတော့ ဗွီအိုအေအတွက် ဦးစည်သူအောင်မြင့် ရေးသားပေးပို့တဲ့ သတင်းဆောင်းပါးတွေဟာ အချက်အလက်အခြေခံ ရေးသားထားတာတွေပဲဖြစ်ပြီး ဗွီအိုအေကို သတင်းဆောင်းပါး ရေးသားပေးပို့လို့ ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းတယ်ဆိုရင်တော့ သတင်းသမားတယောက်ကို မတရားဖမ်းဆီးတာပဲဖြစ်တဲ့အကြောင်း၊ မှန်မှန်ကန် ကန် ထောက်ပြရေးသားနေတဲ့ သတင်းသမားတွေကနေတဆင့် စစ်ကောင်စီအနေနဲ့ ပြည်သူတွေကြားကအသံကို သိအောင် နားထောင်ဖို့-ဆိုတာ လိုအပ်လိမ့်မယ်လို့ အာဏာပိုင်တွေကိုပြောခဲ့ပြီး ဦးစည်သူအောင်မြင့်ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

နောက်ပြီး စက်တင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံထားရပြီး စစ်ကြောရေးမှာတလနီးပါးသတင်းမကြားရဘဲ ဖမ်းဆီးခံထားရတဲ့ အလွတ်တမ်း သတင်းထောက် မသူဇာကို ဒဂုံမြို့သစ် (အရှေ့ ပိုင်း) မြို့နယ် ရဲစခန်းကနေ တပ်မတော် ကို အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ကာ ဒီကနေ့မှာပဲ အင်းစိန်ထောင်ကို လွှဲပြောင်းထိန်းသိမ်းထားလိုက်တယ်လို့ အကျိုး ဆောင် ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

“မသူဇာကကျတော့ ဒီကနေ့တရားစွဲလိုက်တယ်။ ဒဂုံအရှေ့ပိုင်း မြို့နယ်တရားရုံးကနေ ၅၀၅-ကနဲ့ စွဲတယ်။ ဒီနေ့ အင်းစိန် အကျဉ်းထောင်ကိုပို့လိုက် ပါပြီ။”

တလနီးပါး စစ်ကြောရေးမှာဖမ်းဆီးခံထားရပြီး မကြာသေးခင်ကမှ သူမကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရဲစခန်းကို လွှဲပြောင်းပေးခဲ့တာပါ။ မသူဇာဟာ NLD လက်ထက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ အဖွဲ့ဝင်တဦးဖြစ်ခဲ့ပြီး လွတ်လပ်တဲ့အာရှအသံ (RFA) အပါအဝင် ပြည်တွင်းရှိ အွန်လိုင်း၊ ဂျာနယ်နဲ့သတင်းစာတိုက် တော်တော်များများမှာ အလုပ်လုပ်ခဲ့တဲ့ ဝါရင့် သတင်းထောက်တယောက်ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီ အာဏာသိမ်းပြီးနောက် Friday Times နဲ့ Myanmar Pressphoto Agency (MPA) တို့မှာ အလွတ်တန်းသတင်းထောက်အဖြစ် မေလအထိ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပြည်တွင်း မီဒီယာ (၈) ခုကို တရားဝင် ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့သလို သတင်းသမားတွေကို ဖမ်းဆီးတာ၊ တရားစွဲတာတွေ ပြုလုပ်နေတာပါ။ သတင်းသမား အယောက် ၅၀ ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အခုလို နောက်ထပ် သတင်းသမားတချို့ပါ ထပ်မံ အရေးယူခံနေရဆဲရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


------------

{Unicode}


















#SithuAungMyint #MyanmarMedia #PressFreedom #VOABurmese

XS
SM
MD
LG