စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ မြန်မာသတင်းသမားများအတွက် စိန်ခေါ်ချက်များ

မြန်မာသတင်းထောက်တွေက သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ အစိုးရဘက်က ပျက်ကွက်ကြောင်း စစ်တမ်း။ (ယခင်ပုံဟောင်း)  

[[Zawgyi/Unicode]]

ကမ္ဘာ့ကပ်ရောဂါကိုဗစ်-19 နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကြား သတင်းမီဒီယာတွေ ပိတ်သိမ်းခံလိုက်ရတာ သတင်းသမားတွေ သတင်းယူရင်းအဖမ်းဆီးခံရ၊ အကျဉ်းကျခံကြရစတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြည်တွင်းမှာ တချို့ပုန်းရှောင်နေရသလို နယ်စပ်ဒေသတွေအထိ တိမ်းရှောင်ပြေးရတဲ့ မြန်မာသတင်းသမားတွေဟာ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရပါတယ်။ မြန်မာသတင်းသမားတွေရဲ့ လုံခြုံရေးနဲ့ ရေရှည်ဘဝရပ်တည်ရေးတွေ သတင်းသမားတွေ ဖြတ်သန်းကျော်လွှား ရင်ဆိုင်နေရတဲ့ အတွေ့အကြုံတွေကို ဆက်သွယ်မေးမြန်းပြီး မဆုမွန် တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ သတင်းမီဒီယာစာနယ်ဇင်း လွတ်လပ်ခွင့်တွေနဲ့ပတ်သက်လို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲကာလမှာပဲ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်19 နောက်ဆက်တွဲ စီးပွားရေးရိုက်ခတ်မှုတွေနဲ့အတူ စစ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း သတင်းသမားတွေအတွက် အန္တရာယ်ကြီးမားလာတဲ့ အနေအထားဖြစ်လာတဲ့အတွက် သတင်းသမားတွေရဲ့ ဘဝရပ် တည်ရေးနဲ့ လုံခြုံရေးဟာ အတော်လေးကို စိုးရိမ်စရာဖြစ်လာတာပါ။

စစ်အာဏာသိမ်းနောက်ဆက်တွဲ အကျိုးဆက်တွေအနေနဲ့ ပြည်တွင်းသတင်းထောက်ဘဝကနေ သတင်းနည်းပြဆရာမတဦးအဖြစ် လုပ်ကိုင်ရာကနေ လုံခြုံရေးစိုးရိမ်ရလို့- နယ်စပ်ဒေသကိုရောက်၊ တခါ သူမရောက်ရှိနေတဲ့နေရာမှာပါ တိုက်ပွဲတွေပြင်းထန်လာလို့ အသက်လု ထွက်ပြေးတိမ်းရှောင်လာရတဲ့ သတင်းနည်းပြတဦးက သူမအတွေ့ အကြုံကို ဗွီအိုအေကို ဖလှယ်ပါတယ်။

“စစ်ကောင်စီက အာဏာသိမ်းလိုက်ချိန်ကစပြီးတော့ အဓိက သတင်းသမားတွေမှာ စိန်ခေါ်မှုတွေဖြစ်လာတယ်။ သတင်းကို လွတ်လွတ်လပ်လပ် လိုက်ခွင့်မရှိတော့ဘူး။ လွတ်လပ်စွာ သတင်းရယူခွင့်မရှိဘူး။ သတင်းတွေကို လွတ်လပ်စွာ တင်ဆက်ခွင့်မရှိတော့ဘူး။ ပြည်တွင်းမှာ ရှိနေတဲ့သတင်းသမားတွေဆိုရင် လက်ရှိမှာ လုံခြုံရေးအခြေအနေကို အရမ်းစိုးရိမ်ရတဲ့အတွက် နာမည်ဖော်ပြီး သတင်းလိုက်လို့မရဘူး။ ပေါ်တင်သတင်းယူလို့မရတော့ဘူး။ အဲ့လို ပုံစံမျိုးတွေဖြစ်လာတယ်။ တဆက်တည်း သင်တန်းတွေပေးနေတဲ့ သင်တန်းဆရာမတယောက်အနေနဲ့ဆိုရင် အဲ့လို သတင်းထောက်တွေ သတင်းလိုက်ဖို့ အခက်အခဲဖြစ်တာနဲ့အမျှ သတင်းသင်တန်းပေးတဲ့အခါမှာလည်း ပေါ်ပေါ်တင်တင် သင်တန်းပေးလို့ မရတော့ဘူးပေါ့နော်။ သင်တန်းတက်တဲ့သူတွေအနေနဲ့လည်း သူတို့ရဲ့ လုံခြုံရေးအရ စိုးရိမ် စရာဖြစ်လာတယ်။ ပြည်တွင်းမှာလည်း သတင်းသမားတွေက နေလို့မရတော့ဘူး။ စစ်ကောင်စီတွေ ဝင်လာပြီလို့ ပြောပြီဆိုရင်ကို လုပ်နေတဲ့သတင်းကို ချပြီး သူတို့ကိုယ်တိုင်က ကျောပိုးအိတ်ပြင်ပြီး ပြေးရတဲ့အနေအထားမျိုး ရှိလာတယ်။ အလုပ်ကို ကောင်းကောင်းလုပ်လို့မရတော့ဘူး။ သတင်းကို ဘယ်လိုမှလုပ်လို့မရတဲ့အခါမှာ လုပ်လို့ရတဲ့နေရာတွေကို ထွက်ကြရတယ်။”

သတင်းသမားတချို့ဟာ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် တိုင်းရင်းသားနယ်မြေတွေနဲ့ နယ်စပ်ဒေသတွေကို တိမ်းရှောင် လာကြရတာပါ။ အဲ့ဒီ့အထဲကမှ တချို့သတင်းသမားတွေ ခိုလှှုံနေထိုင်ရာ တိုင်းရင်းဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်တာ စစ်တပ်ရဲ့နယ်မြေစိုးမိုးနိုင်မှုပါ ရှိနေတဲ့ တိုင်းရင်းဒေသတွေမှာ အစစ်ဆေးအဖမ်းဆီးတွေ ရှိနေတာကြောင့် လုံခြုံရေး ထပ်စိုးရိမ်လာရတဲ့အနေအထားတွေကြောင့် နယ်စပ်ဒေသတွေအပြင် ပြည်ပနိုင်ငံတွေအထိပါ အဆင့်ဆင့် ထပ်ပြီး စစ်တပ်လက်က လွတ်အောင်တိမ်းရှောင်လာကြရတဲ့အနေအထားဖြစ်တယ်လို့လည်း ကိုယ်တိုင်လုံခြုံရေးစိုးရိမ်နေရတဲ့သတင်းသမားတွေက သူတို့ကိုယ်တွေ့အဖြစ်အပျက်တွေကို ပြောပြပါတယ်။

ဒီလိုတိမ်းရှောင်လာကြရတဲ့ ပြည်တွင်းကမြန်မာသတင်းသမားတွေထဲ တဦးအပါအဝင်ဖြစ်တဲ့-စစ်အာဏာရှင်ဆန့် ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲတွေမှာ သတင်းလိုက်လံရယူရင်း အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်ထဲ လနဲ့ချီ အကျဉ်းချခံခဲ့ရတဲ့ အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကလည်း သတင်းသမားတွေ ရင်ဆိုင်တွေ့ကြုံခဲ့ရတဲ့ အန္တရာယ်ကြီးမားမှုကို သူ့အတွေ့အကြုံနဲ့ ယှဉ်ပြီး ဗွိအိုအေကိုပြောပြပါတယ်။

"သတင်းထောက်အလုပ်ကလည်း အရင်လို ပေါ်ပေါ်ထင်ထင် လုပ်လို့လည်းမရတော့ စားဝတ်နေရေးအတွက်က အတော်ကြီးကို အခက်အခဲတွေနဲ့ရင်ဆိုင်နေရတာပေါ့နော်။ အဆိုးဝါးဆုံးပြဿနာကတော့ သေဘေးနဲ့ရင်ဆိုင်ပြီးကို အလုပ်လုပ်နေကြရတာပေါ့နော်။ ပြည်တွင်းမှာကျန်ခဲ့တဲ့သတင်းထောက်တွေဆို အမျိုးမျိုးအဖုံဖုံ ပုံစံမျိုးစုံနဲ့ ပြေးလွှားပုန်းအောင်း ရှောင်ပုန်းနေကြရတာပေါ့နော်။ အဲဒီ့အနေအထားတွေနဲ့ ကျနော်တို့ ကြုံတွေ့နေကြရပါတယ်။"

စစ်အုပ်ချုပ်ရေးအောက် အကျဉ်းချခံရတဲ့သူတွေထဲ ထောင်က လွတ်မြောက်လာပြီးတဲ့နောက် သတင်းသမားတယောက် အနေနဲ့မဆိုထားနဲ့ သာမာန်အရပ်သားပြည်သူတယောက်အနေနဲ့တောင် လုံခြုံရေး အာမခံချက်မရှိတဲ့ စိုးရိမ်စရာအနေအထားကြောင့် ဘေးလွတ်ရာတွေကို တိမ်းရှောင်ပြေးခဲ့ရတာလို့ ကိုစိုးရာဇာထွန်းက ဆက်ပြောပြပါတယ်။

"ကျနော်တို့ဆိုရင် ထောင်ထဲက ထွက်လာကြတယ်။ ဖမ်းဆီးခံရပြီးတော့ ထောင်ထဲကထွက်လာတဲ့အချိန်- ထောင်ကထွက်လာတဲ့အချိန်တောင် သတင်းအလုပ်ကို ပြန်ပြီးတော့လုပ်ဖို့ တွန့်ဆုတ်သွားစေတဲ့ အကြောက်တရားတွေကို သူတို့ လုပ်ခဲ့တယ်။ သို့သော် ကျနော်တို့ကတော့ အဲ့လိုအကြောက်တရားဆိုတာထက် ကျနော်တို့ တိုင်းပြည် အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ အကြောက်တရားကို ဘေးချိတ်ပြီးတော့ ကျနော်တို့ သတင်းထောက်အလုပ်ကိုပဲ ဆက်လုပ်နေတယ်။ တချို့သတင်းထောက်တွေကတော့ သတင်းထောက်အလုပ်ကို ဆက်မလုပ်နိုင်ကြတော့ဘူး။ ကျနော်တို့မှာ ဘာအခက်အခဲတွေ ရှိလဲဆိုရင် သတင်းထောက်တွေဖြစ်တဲ့ ကျနော်တို့မှာ စားဝတ်နေရေး အခက်အခဲတွေရှိတယ်။ မြန်မာပြည်က သတင်းထောက်တွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေက တခြားသောနိုင်ငံတွေက သတင်းထောက်တွေထက် အလွန်ကို နည်းပါးပါတယ် လစာကအစပေါ့ အခုအချိန်အခါကတော့ ပိုဆိုးဝါးသွားတာပေါ့နော်။"

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်လက်ထက် သတင်းထုတ်ဝေခွင့် လုပ်ကိုင်ခွင့် ပိတ်သိမ်းခံလိုက်ရတဲ့ သတင်းမီဒီယာတွေရဲ့ သတင်းထောက်တွေ ဘဝရပ်တည်မှုအပြောင်းအလဲတွေကိုလည်း အခုလိုပြောပြပါတယ်။

"ပိတ်သိမ်းခံလိုက်ရတဲ့ သတင်းမီဒီယာတွေက သတင်းသမားတွေဆို အလုပ်လက်မဲ့တွေဖြစ်ကုန်တယ်။ ကျနော်တို့ ဂျာနယ်လစ်တွေက ဘဝတွေ ပြောင်းဖို့ စကော်လာရှစ်တွေ သွားကြမလား။ ပြည်တွင်းမှာပဲ ကိုယ်ပိုင်သတင်းမီဒီယာတွေ တည်ထောင်ပြီး ရပ်တည်ကြမလား။ အဲ့ဒီ့လို ရည်ရွယ်ထားကြပေမဲ့လည်း အာဏာသိမ်းမှုနဲ့ ကြုံလိုက်ရတဲ့အခါ ကျနော်တို့ သတင်းမီဒီယာတွေရော ကျနော်တို့ သတင်းထောက်တွေရော ဘဝတွေက တော်တော်လေးကို ဆိုးဝါးတဲ့ ရိုက်ခတ်မှုတွေနဲ့ ကျနော်တို့ ခံစားသွားကြရတာပေါ့နော်။ တော်တော်များများဟာ လုံးဝ ချောက်ကမ်းပါးနက်ကြီးထဲ ကျရောက်သွားရသလိုပဲ တော်တော်များများရဲ့ ဘဝတွေအကုန်ဆုံးရှုံးလိုက်ရတယ်ပေါ့နော်။ အဲ့တာတွေဟာ ဘာနဲ့မှ အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုကြီးတခုလိုပဲ ဆိုရရင်လည်း မမှားဘူးပေါ့ဗျာ။ အဲ့ဒီ့တော့ သတင်းထောက်တွေ ဘယ်လိုရှေ့ဆက်သွားကြမလဲဆိုတဲ့ ပြဿနာကြီးက အာဏာသိမ်းကာလမှာ တော်တော်ကြီးကို ရိုက်ခတ်နေတဲ့ ဂယက်ကြီး တခုဖြစ်နေတာပေါ့နော်။

ဒီလိုသတင်းသမားအလုပ်ကို ဆက်လုပ်ကြရင်း ဘေးလွတ်ရာကို ပြေးရှောင်ကြရတဲ့ သတင်းထောက်တွေရှိသလို ပြည်တွင်းမှာပဲ ဆက်နေပြီး သတင်းလုပ်ငန်းကနေ ကိုယ်ပိုင်လုပ်ငန်းတွေ စီးပွားရေးဘဝ ရပ်တည်နိုင်ရေး လုပ်ငန်းခွင်ကို လုံးဝပြောင်းလဲပစ်လိုက်ကြရတဲ့ သတင်းသမားတွေလည်းရှိပါတယ်။

ကိုယ်တိုင်သတင်းလိုက်ခဲ့ချိန်တုန်းက မြန်မာနိုင်ငံရဲ့စီးပွားရေးသတင်းတွေဖြစ်တဲ့ ရွှေဈေးကွက် ငွေကြေးဈေးကွက်တွေကို အထူးလေ့လာရေးသားခဲ့တဲ့ သတင်းအယ်ဒီတာတဦးဖြစ်သူ မအေးလပြည့်ဝင်းက သူမအနေနဲ့ သတင်းသမားအလုပ်ကိုလည်း ဆက်လုပ်နေရင်း ရေရှည်ဘဝအာမခံချက်ရဖို့ သူဝါသနာပါတဲ့ ကိုယ်ပိုင်စီးပွါးရေးကို ဇောက်ချလုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း ပြောပြပါတယ်။

“ဘယ်လိုစိန်ခေါ်မှုတွေရှိလဲဆိုတော့ အလုပ်ချိန်ကို နှစ်ခု ခွဲထားရတာပေါ့ ။ လပြည့်ဆိုလည်း ကိုယ့်သတင်းသမားဘဝကို ချစ်လို့ပဲ ဆက်ပြီးဖက်တွယ်ထားပြီး လုပ်ဖြစ်နေတာပေါ့နော်။ သတင်းသမားအများစုကတော့ မီဒီယာလောက သတင်းသမားဘဝကို မစွန့်လွှတ်နိုင်ကြတဲ့သူတွေများတယ်။ သတင်းဖြစ်လာပြီဆိုရင်လည်း မနေနိုင်ဘူးလေ။ သတင်းကိုပဲ စိတ်ကရောက်နေတာ တခုခုဖြစ်တယ်ဆိုရင်လေ။ သတင်းသမားအများစုကတော့ သူမဖြစ်နိုင်တော့လို့သာ စွန့်ခွာရမယ်ဆို မီဒီယာအလုပ်ကိုပဲ ဆက်လုပ်ချင်ကြတာပဲလေ ဝါသနာပါကြတာကိုး။ တကယ်က မီဒီယာသမားတွေ တခြားအလုပ်တွေကို စပြောင်းလာကြတာက- ပထမဆုံး အွန်လိုင်းရေစီးကြောင်းကို ဝုန်းဆို ပြောင်းသွားတဲ့အချိန် သတင်းဌာန အသေးလေးတွေ ပြိုထွက်သွားတာရှိတယ်။ နာမည်ကြီးပြီး ကြံ့ကြံ့ခံရပ်တည်နိုင်တဲ့ သတင်းဌာနတချို့ပဲ ရပ်ပြီးကျန်ခဲ့တယ်။ အဲ့ဒီ့အခါမှာ မီဒီယာသမားတွေက Professional ကို ပြောင်းရတာမျိုးတွေရှိတာပေါ့နော်။ အဲ့ဒီ့ကနေမှ တခါ ကိုဗစ်ဆက်ဖြစ်တော့ ပိုဆိုးတာပေါ့။ အခုနောက်ပိုင်း ခေတ်မှာလည်း မီဒီယာက ပိုပိုပြီးတော့ ဘောင်ကျဉ်းသွားတာပေါ့နော် အဲ့ဒီ့အခါမှာ သတင်းမီဒီယာသမားတွေရဲ့ Trend တွေလည်း ပြောင်းကုန်ကြတာ။”

သတင်းထောက်တယောက်အနေနဲ့ ဝါသနာကြီးစွာနဲ့ မြို့ပေါ်အထိ တက်လာပြီး သတင်းထောက်လုပ်ငန်းကို လုပ်ကိုင် ခဲ့ပေမယ့် ကိုဗစ်-19 ကပ်ရောဂါရဲ့ စီးပွါးရေး ရိုက်ခတ်မှုတွေကြား ရေရှည်ရပ်တည်နိုင်ရေး စဉ်းစားပြီး ကိုယ့်ဇာတိရပ်မြေကို ပြန်ရင်း သတင်းသမားမဟုတ်တဲ့ တခြားအသက်မွေးဝမ်းကျောင်းမှုကို ပြန်ရွေးချယ်ဖြစ်တဲ့ သတင်းထောက်တဦးက သူမရဲ့ အတွေ့အကြုံ စိန်ခေါ်မှုတွေကို ပြောပြပါတယ်။

“သတင်းသမားလုပ်ကတည်းက ကိုယ်ပိုင်လုပ်ငန်းလေး လုပ်မယ်ဆိုတဲ့ စိတ်ကူးလေးကတော့ ရှိတာပေါ့နော်။ တဘက်ကလည်း သတင်းတွေ မရေးတော့ဘူးဆိုရင်တောင် စာလေးတွေ ဆောင်းပါးတွေ ရေးမယ်ပေါ့နော်။ အဲ့လို Freelance လို စာရေးမယ္စိတ်ကူးထားပေမဲ့ ကိုဗစ်ဖြစ်ပြီးလိုက်တဲ့နောက်ပိုင်းမှာ- အွန်လိုင်းကနေ ဈေးရောင်းရတော့-မိသားစုဝင်ငွေရအောင် ပုံမှန်လေးရအောင် ကြိုးစားရတဲ့အနေအထားကို ဖြစ်သွားတယ်။ ခုနကလည်း ပုံမှန်လေး စာလေး ရေးထားမယ်ဆိုပြီး စိတ်ကူးထားတဲ့ဟာကျတော့လည်း ခနလေး လောလောဆယ်မှာရပ်ထားရတဲ့သဘောမျိုး ရှိသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခက်အခဲတွေက အများကြီးပဲ။ ကိုယ်က တလျှောက်လုံး ဂျာနယ်လစ်ပဲ လုပ်ခဲ့တာဆိုတော့ သတင်းတွေရေးမယ်၊ စာပဲ ရေးမယ်ဆိုပြီးပဲ တတ်တာ။ စီးပွားရေးလုပ်တော့ စာရင်းဇယားမနိုင်၊ ပြီးတော့တခါ နိုင်ငံရေးကလည်း အပြောင်းအလဲကြောင့် ဘဏ်စနစ်တွေ အဆင်မပြေတော့ အဲ့ဒီ့အခက်အခဲ စိန်ခေါ်မှုတွေရှိတယ်။”

ဒီလိုမြန်မာသတင်းသမားတွေ စစ်အာဏာရှင်အောက် အန္တရာယ်မျိုးစုံကြုံ ဘဝတွေပါ ပြောင်းလဲကြရတဲ့ အနေအထားဖြစ်လာနေတဲ့အပေါ်အမေရိကန်အပါအဝင် ပြည်တွင်းပြည်ပ သတင်းမီဒီယလွတ်လပ်ခွင့်ဆိုင်ရာအဖွဲ့အစည်းတွေဘက်က စိုးရိမ်တကြီး ထုတ်ဖော်ပြောဆိုလာကြတာပါ။ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ထုတ်ပြန် ချက် အရ စစ်အာဏာရှင်လက်အောက် မြန်မာသတင်းသမားတွေရဲ့ လွတ်လပ်ခွင့်အခြေအနေဟာ အရမ်းကိုဆိုးဝါးခဲ့ပြီး အပြင်းအထန်နှိပ်စက်ညှင်းပမ်းခံရတဲ့သတင်းသမား ၇ ဦးရှိခဲ့ပြီး အာဏာသိမ်းကာလအတွင်း ဖမ်းခံရသူသတင်းသမား နိုင်ငံခြားသားသတင်းသမားတွေအပါအဝင် ၁၁၅ ဦးအထိရှိခဲ့ကြောင်း လက်ရှိ ၅၇ ဦးအဖမ်းခံထားရဆဲဖြစ်သလို သတင်းသမား ၁၄ ဦး ပြစ်ဒဏ်စီရင်ချက်ချခံရပြီးဖြစ်တာမို့ ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံပြီးရင် သတင်းထောက်ဖမ်းဆီးခံရမှု ဒုတိယအများဆုံးဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်း လုပ်ပိုင်ခွင့်ပိတ်ပင်ခံရတဲ့ သတင်းမီဒီယာပေါင်း ၁၂ ခုအထိရှိခဲ့ပြီး RSF ရဲ့ ၂၀၂၁ ခုနှစ် သတင်းလွတ်လပ်ခွင့်အဆိုးဝါးဆုံး ကမ္ဘာတဝှမ်း အညွန်းကိန်းမှာလည်း မြန်မာနိုင်ငံဟာ နိုင်ငံ ၁၈၀မှာ ၁၄၀ အဆင့်အထိ ရှိခဲ့ပါတယ်။

Your browser doesn’t support HTML5

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ မြန်မာသတင်းသမားများအတွက် စိန်ခေါ်ချက်များ

===================

[[Unicode]]


















===================