[[Zawgyi/Unicode]]
မြန်မာစစ်ကောင်စီအပေါ် နိုင်ငံတကာက ဖိအားတိုးမပေးဘူးဆိုရင် သေဒဏ်စီရင်မှုတွေ တသီကြီးဆက်တွေ့လာရလိမ့်မယ်လို့ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။
၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ယောက်ကို သေဒဏ်ချမှတ်ကြောင်း စစ်ကောင်စီက အတည်ပြုကြေညာခဲ့တာဟာ အာဏာသိမ်းစစ်ကောင်စီက လူ့အခွင့်အရေးကို ဂရုမစိုက်ဘူးဆိုတာ သက်သေပြလိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Thomas Andrews နဲ့ ဥပဒေမဲ့ သတ်ဖြတ်အဆုံးစီရင်ခြင်းဆိုင်ရာ အထူးကိုယ်စားလှယ် Morris Tidball-Binz တို့ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
တရားမဝင်တဲ့ စစ်ခုံရုံးကနေ သေဒဏ်ချမှတ်ခဲ့တာဟာ မြန်မာပြည်သူတွေကို ကြောက်ရွံထိတ်လန့်စိတ်ဝင်သွားအောင် ကြိုးစားမှုဖြစ်တယ်လို့ သူတို့ကပြောပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်း၊ အထူးသဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီအနေနဲ့ ဒီလုပ်ရပ်တွေကို မရေးမယူဘဲ မနေဘူးဆိုတာ ပြသရမှာဖြစ်ပြီး စစ်တပ်အပေါ် ပစ်မှတ်ထားအရေးယူရမယ်လို့ လူ့အခွင့်အရေးကျွမ်းကျင်သူ ၂ ယောက်က တိုက်တွန်းထားပါတယ်။ ခုလိုသေဒဏ်တွေ ချမှတ်နေတာအပြင် စစ်တပ်က အရပ်သားတွေကို ဥပဒေမဲ့ သတ်ဖြတ်နေတာ ၂၀၀၀ နီးပါးရှိနေပြီလို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်သူတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ သေဒဏ်တွေ ချမှတ်ထားတာဖြစ်ပါတယ်။ သူတို့ကို သေဒဏ်ချတဲ့အပေါ် အမေရိကန်အပါအဝင် နိုင်ငံတချို့နဲ့ လူ့အခွင့် အရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေက ဝေဖန်နေပြီး ကြိုးမိန့်အတိုင်း လက်တွေ့ မကွက်မျက် လိုက်ဖို့ တိုက်တွန်းနေကြပါတယ်။
Your browser doesn’t support HTML5
===============
[[Unicode]]
===============