မောင်တောမြို့နယ်တွင်း ကုလ လုပ်ငန်းများ ယာယီရပ်နား

ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာမီးလောင်နေစဉ်

အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ရခိုင်မောင်တောဒေသကနေ ဒေသတွင်းလုံခြုံရေးစိုးရိမ်ရတဲ့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းက ဝန်ထမ်းအချို့ ထွက်ခွာသွားကြပြီး မောင်တောကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူသားချင်းစာနာမှုအကူညီပေးရေးလုပ်ငန်းတွေ ခေတ္တရပ်နားထားရတယ်လို့ ကုလသမဂ္ဂ ရန်ကုန်ရုံး ပြန်ကြားရေး တာဝန်ခံ ကပြောဆိုလိုက်ပါတယ်။ ရခိုင်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ကုလအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ဆန္ဒအတိုင်း လုပ်ဆောင်ခွင့်ပေးထားပြီး နေချင်သေးတဲ့သူတွေ အတွက်လည်း တတ်နိုင်သလောက် လုံခြုံရေးတာဝန်ယူပေးမယ်လို့လည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ရက်နေ့ကစလို့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသထဲ ရဲကင်းစခန်းတွေနဲ့ လုံခြုံရေးအခြေစိုက်စခန်း ၃၀ကို တပြိုင်နက်တည်းအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့သလို အခုအချိန်အထိလည်း မိုင်းခွဲတိုက်ခိုက်မှုတွေ၊ ပစ်ခတ်မှုတွေ၊ အကြမ်းဖက်လူအင်အားသုံးတိုက်ခိုက်မှုတွေအပါအဝင် တပ်မတော်ဘက်ကလည်း လုံခြုံရေးအထူးအစီအမံတွေနဲ့ တပ်အင်အားတိုးချပြီး နယ်မြေရှင်းလင်းရေးတွေဆောင်ရွက်နေချိန်ဖြစ်ပါတယ်၊ ဒီလိုမောင်တောဒေသတွင်း လုံခြုံရေးအခြေအနေဟာ စိုးရိမ်စရာ အနေအထားဖြစ်လာပြီး ဒေသတွင်း တရားဥပဒေစိုးမိုးမှုအားနည်းလာနေတဲ့အခြေအနေဖြစ်လာတဲ့အတွက် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေ ရဲ့ လူသားချင်းစာနာမှုကူညီပေးရေးလုပ်ငန်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ခေတ္တရပ်နားလိုက်ရပါတယ်။

ရခိုင်မောင်တောဒေသတွင်းက ရုံးလုပ်ငန်းတွေထဲမှာတော့ လိုအပ်တဲ့ ကုလသမဂ္ဂဝန်ထမ်းတချို့ပဲ နေခဲ့ပြီး ဝန်ထမ်းအများစုကတော့ ရခိုင်ကနေ ဘေးကင်းရာနေရာတွေကို ပြောင်းရွှေ့သွားကြတယ်လို့ ကုလသမဂ္ဂ ရန်ကုန်ရုံး ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“မြေပြင်အခြေအနေကတော့ မကောင်းဘူးပေါ့နော်။ မကောင်းတော့လုပ်ငန်းကို ပုံမှန်လည်ပတ်ဖို့ဆိုတာက သိပ်အဆင်မပြေတော့ အဲဒီမှာ လိုအပ်တဲ့ Staff လောက်ပဲထားပြီးတော့ ကျန်တဲ့ ဝန်ထမ်းတွေကတော့ နေရာပြောင်းသွားကြတာပါပဲ လောလောဆယ်မှာတော့လေ။ အခြေအနေပြန်ပေးတဲ့အချိန်မှာကျတော့ အဲဒီကရှိတဲ့ အာဏာပိုင်တွေနဲ့ သေချာတိုင်ပင်ပြီးတော့ ပူးပေါင်းပြီးတော့ အခြေအနေပေးတဲ့အခါကျရင်တော့ ပြန်ပြီးတော့ လည်ပတ်ရမှာပေါ့။”

အခြေအနေတွေ အားလုံး ပြန်လည်တည်ငြိမ်သွားတဲ့အချိန်ရောက်ရင်တော့ ရခိုင်မှာလူသားချင်းစာနာမှုဆိုင်ရာအကူညီပေးရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ ရခိုင်ပြည်နယ်အစိုးရအပါအဝင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီး ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ကုလသမဂ္ဂ ရန်ကုန်ရုံး ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက ပြောပြပါတယ်။

“လက်တလောကတော့ အခြေအနေမပေးဘူး အဲဒီမောင်တောတို့ဘာတို့ဘက်မှာလေ။ လက်တလောမှာတော့ အခြေအနေမပေးဘူး၊ မပေးတော့ အဲဒီမှာ ရုံးလည်ပတ်ဖို့ အရေးကြီးတဲ့ ဝန်ထမ်းလောက်ကလွဲပြီးတော့ ကျန်တဲ့ သိပ်မလိုအပ်တဲ့ ဝန်ထမ်းတွေကျတော့ ရုံးမှာ မထားကြတော့ဘူးလေ။ ထွက်ခွာလာကြတယ် ဒါပါပဲ။ အခြေအနေကတော့ ဘယ်သူမှ မဖြစ်စေချင်ဘူးလေနော် ၊ ဒီဟာနဲ့ ပတ်သက်လို့လည်း ကြေညာချက်တွေထုတ်ပေးထားပါပြီ။ ဒီမှာရှိတဲ့ အပြစ်မဲ့တိုင်းသူပြည်သားတွေ ၊ ဒေသခံတွေ နောက်ပြီးတော့ လုံခြုံရေးတပ်ဖွဲ့တွေ ဒါနဲ့ ပတ်သက်လို့ကလည်း ကုလသမဂ္ဂ အနေနဲ့ကလည်း ပြင်းပြင်းထန်ထန်ရှုံ့ချတယ်ဆိုတာလည်း ထည့်ပြောပြီးပါပြီ။”

တနင်္ဂနွေနေ့တုန်းကကျင်းပတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ သတင်းထောက်တွေတွေ့ဆုံတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်နေဆဲ ရခိုင်မောင်တောဒေသတွင်းက နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့လုံခြုံရေးနဲ့ပတ်သက်လို့ သတင်းထောက်တွေ ရဲ့မေးမြန်းချက်ကိုတော့ဝန်ကြီးချုပ်ဘက်က အဖွဲ့အစည်းတွေရဲ့ဆန္ဒအတိုင်း လုပ်ဆောင်ပေးထားပြီး တကယ်လို့ ဆက်နေခြင်းသေးတယ်ဆိုရင်လည်း လုံခြုံရေးကို အတတ်နိုင်ဆုံး တာဝန်ယူဆောင်ရွက်ပေးမယ့်အကြောင်း ပြောဆိုထားပါတယ်။

“ကျနော်တို့က တတ်နိုင်သလောက်သူတို့ကို လုံခြုံရေးပေးထားတယ်၊ သို့သော် အပြည့်အဝလုံခြုံဖို့ဆိုတာက ဘယ်သူမှ အာမမခံနိုင်တဲ့အနေအထားဖြစ်နေတဲ့အခါကျတော့ သူတို့ သဘောဆန္ဒအရ ကျနော်တို့ ဖြည့်ဆည်းပေးမယ်၊ သူတို့ နေချင်တယ်ဆိုရင်လည်း ကျနော်တို့ တတ်နိုင်သမျှလုံခြုံရေးပေးမယ်။ အကယ်၍မနေချင်ဘူး သူတို့လုံခြုံရေးအရ စိုးရိမ်မှုရှိတယ် ပြန်ချင်တယ်ဆိုရင် ကျနော်တို့ဘက်က ကူညီဆောင်ရွက်ပေးမယ်ဆိုပြီး လုံခြုံရေးလုပ်ပေးထားတယ်။”

လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တွေ့ဆုံအားပေးခဲ့သလို ဒုက္ခသည်တွေကို ကိုယ်တိုင်သွားရောက်ကူညီပေးခဲ့တဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်း NGO တွေဟာလည်း ပြည်သူတွေရဲ့အကျိုးကို ကူညီဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက် လက်တွဲပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

“NGO တွေ INGOတွေနဲ့ ပတ်သက်ရင် ကျနော်တို့ကလည်း ပြည်သူတွေရဲ့ အကျိုးကိုဆောင်ရွက်နေတယ်၊ သူတို့ကလည်း ပြည်သူတွေရဲ့အကျိုးကို ထိရောက်အောင် ဆောင်ရွက်ပေးရမယ်။ အဲဒီတော့ သူတို့ ပြည်သူ့အကျိုးကို ဘယ်လောက် ထိအောင်ဆောင်ရွက်နေသလဲဆိုတာကို ကျနော်တို့က ပူးပေါင်းပြီး ဆောင်ရွက် ပေးမယ်လို့ ကျနော်တို့ လုပ်ထားပေးတယ်။ အဓိကတော့ ပြည်သူအကျိုးရှိအောင် သူတို့ဘယ်လောက်ဆောင်ရွက ် ပေးနိုင်သလဲ အဲဒီအပေါ်မူတည်ပြီးတော့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ် အဲဒါမျိုး ကျနော်တို့ဆောင်ရွက်ထားပါတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာတော့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့နိုင်ငံတကာအဖွဲ့အစည်း NGO၊ INGO တွေနဲ့ပတ်သက်လို့ လူသားချင်းစာနာမှုဆိုင်ရာအကူညီပေးမှုတွေမှာ ဘက်လိုက်မှုတွေရှိတယ်ဆိုပြီး ဒေသခံတိုင်းရင်းသားတွေဘက်ကတော့ ဆန္ဒပြကန့်ကွက်မှုတွေရှိနေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကနေ လမ်းတွေကို ဖောက်ခွဲထားတာတွေ၊ တံတားတွေကို ဖျက်စီးထားတာ တွေရှိနေတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သွားလာရေး အခက်တွေ့နေရပြီး လုံခြုံရေးပေးနိုင်ဖို့ နှောင့်နှေးနေရတယ်ဆိုတာ ရခိုင်ဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

မောင်တောမြို့နယ်တွင်း ကုလ လုပ်ငန်းများ ယာယီရပ်နား