သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရမှု ဒေါ်အောင်ဆန်းစုကြည် ပြစ်တင်ရှုတ်ချ


ရခိုင်အကြမ်းဖက်မှုတိုက်ခိုက်မှုအရေး နိုင်ငံတော်အတိုင်ပင်ခံနဲ့ ပြည်ထဲရေးဝန်ကြီး ဆွေးနွေး။ (သြဂုတ် ၂၅-၂၀၁၇) သတင်းဓာတ်ပုံ နိုင်ငံတော်အတိုင်ပင်ခံရုံး
ရခိုင်အကြမ်းဖက်မှုတိုက်ခိုက်မှုအရေး နိုင်ငံတော်အတိုင်ပင်ခံနဲ့ ပြည်ထဲရေးဝန်ကြီး ဆွေးနွေး။ (သြဂုတ် ၂၅-၂၀၁၇) သတင်းဓာတ်ပုံ နိုင်ငံတော်အတိုင်ပင်ခံရုံး

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေအပေါ် အကြမ်းဖက်သမားတွေက ရက်ရက်စက်စက် တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီးတွေ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတ ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးတွေလည်း ဒီကနေ့ ညနေပိုင်းက ရခိုင်အရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မှာရှိတဲ့ ရဲကင်း စခန်း ၃၀ လောက်ကို လက်နက်ကိုင် အကြမ်းဖက် သမားတွေ က တချိန်တည်း တပြိုင်နက်တည်းမှာ အလစ် ဝင်ရောက် တိုက်ခိုက်တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦးနဲ့ လဝက ၁ ဦး သေဆုံးခဲ့တဲ့ အကြောင်း နဲ့ အကြမ်းဖက်သမား ၇၇ ဦး သေဆုံးပြီး ၂ ယောက် အရှင် ဖမ်းဆီးနိုင်ခဲ့တယ် လို့လည်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ သောကြာနေ့ မနက် စောစောအချိန်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး အကြမ်းဖက်သမား ၁၅၀ လောက်က သေနတ်တွေ၊ အိမ်လုပ်ဗုံးတွေ သုံးပြီး တိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရိုဟင်ဂျာ ကယ်တင်ခြင်းတပ်လို့ဆိုရမယ့် Arakan Rohingya Salvation Army ဆိုပြီး နာမည်ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့က သူတို့ လက်ချက်ဖြစ်တယ်လို့ ပြောထားပြီး နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့လည်း သတိပေးထားတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာ တရားဝင် ထုတ်ပြန် လိုက်ပြီး နောက်တနေ့မှာပဲ အခုဖြစ်ရပ် ကြုံခဲ့ရတာပါ။ ဒီကနေ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက အပြင်းထန်ဆုံး ရှုတ်ချတဲ့အကြောင်း ကုလသမဂ္ဂ မြန်မာဌာနေရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်တွင်း လုံခြုံရေးအခြေအနေနဲ့ ပတ်သက်လို့ အထူးစိုးရိမ်ကြောင်းနဲ့ ကုလသမဂ္ဂ အနေနဲ့ မြန်မာအစိုးရနဲ့အတူ လက်တွဲပြီး ကူညီ ဆောင်ရွက်သွားမယ့် အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ APHR ကလည်း ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေ သိသိသာသာ တိုးလာနေတဲ့အပေါ်မှာ အထူးစိုးရိမ်ကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ် အခြေအနေဟာ ဒေသတွင်း ပြဿနာ တခုဖြစ်လာနေပြီး ဒီကိစ္စကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေ၊ အစိုးရတွေကပါ ကိုင်တွယ် ဖြေရှင်းကြရလိမ့်မယ်လို့လည်း APHR ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီကနေ့ လုံခြုံရေး ကင်းစခန်းတွေ တိုက်ခိုက်ခံရတဲ့အပေါ် ရန်ကုန်အမေရိကန် သံရုံးကလည်း ဒီကနေ့ ပြစ်တင် ရှုတ်ချခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG