(Zawgyi/Unicode)
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာကို ဖိအားပေးလို့ မရဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂမှာ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ ဒါအပြင် အာဆာနဲ့ အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကို နှစ်ပေါင်းများစွာကတည်းက ခြေကုပ်ယူအသုံးချနေတယ်လို့လည်း စွပ်စွဲသွားပါတယ်။
နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်နေတဲ့ ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက စက်တင်ဘာလ ၂၉ရက်နေ့ကဗွီဒီယိုမိန့်ခွန်းပြောကြားခဲ့ပါတယ်။
မအင်ကြင်းနိုင်က တင်ပြမှာပါ။
ရခိုင်ပြည်နယ်ပဋိပက္ခမှာ မြန်မာစစ်တပ်ရဲ့ ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူရေး ကုလသမဂ္ဂရဲ့ ဖိအားပေးမှုကို ခံနေရတဲ့ မြန်မာအစိုးရဟာ ကုလသမဂ္ဂရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ ၇၅ ကြိမ်မြောက် အထွေထွေညီလာခံမှာ ဝေဖန်ထောက်ပြသွားပါတယ်။ ပဋိပက္ခတွေ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံလို အဖွဲ့ဝင်နိုင်ငံတွေအတွက် ကုလသမဂ္ဂအနေနဲ့ ပြဿနာတွေကို ပိုမိုရှုပ်ထွေးစေတာထက် လျော့ပါးသွားအောင် ပူပေါင်းဆောင်ရွက်သင့်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ဗွီဒီယိုကတဆင့် မိန့်ခွန်းပြောကြားချက်မှာ ထည့်သွင်းပြောဆိုသွားပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂက လုပ်ပိုင်ခွင့်ပေးထားတဲ့ အထူးကိုယ်စားလှယ်တွေရဲ့ ရပ်တည်ချက် နဲ့ ပတ်သက်လို့လည်း ဦးကျော်တင့်ဆွေက အခုလို ဝေဖန်သွားပါတယ်။
"လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ ကာကွယ်ရေး အခန်းကဏ္ဍမှာ ကုလသမဂ္ဂက လုပ်ပိုင်ခွင့်ပေးအပ်ထားသူတွေအနေနဲ့ သူတို့ တာဝန်တွေကိုထမ်းဆောင်တဲ့အခါ လွတ်လွတ်လပ်လပ် ဘက်လိုက်မှုမရှိ သမာသမတ်ကျကျ စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကြပ်ကြပ်လိုက်နာရဲ့လားဆိုတာ သေချာအောင် လုပ်သင့်ပါတယ်။ အထူးသဖြင့် ကုလသမဂ္ဂအနေနဲ့ကိုလိုနီစနစ်လက်အောက်ခံ အကျိုးဆက်တွေကြောင့် ဝန်ထုပ်ဝန်ပိုးတွေပိနေတဲ့ အဖွဲ့ဝင် နိုင်ငံတွေအပေါ်မှာ ဘက်မလိုက်ပဲ မှန်မှန်ကန်ကန်ရပ်တည်သင့်ပါတယ်။"
၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း အင်အားအလွန်အကျွံအသုံးပြုခဲ့တာကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စမှာ လက်ရှိဘင်္ဂလားဒေ့ရှ်က မြန်မာကို ဖိအားပေးနေတဲ့ ပုံစံကို လက်သင့်မခံကြောင်း ဝန်ကြီး ဦးကျော်တင့်ဆွေက ပြတ်ပြတ်သားသား တုန့်ပြန်ပြောကြားခဲ့ပါတယ်။
" နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနည်းလမ်းသည်သာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကိစ္စ ထိထိရောက်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ကျနော်ပြောချင်တာက ဘင်္ဂလားဒေ့ရှ်ဟာ လိုလိုလားလားနဲ့ မြန်မာကို မိတ်ဖက်နိုင်ငံအဖြစ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ သန္နိဋ္ဌာန် ချထားပါသလား။ ဖိအားပေးတဲ့ နည်းဗျူဟာက အချည်းအနှီးပဲဖြစ်ပါတယ်။ မြန်မာအနေနဲ့ ဖိအားပေးမှုကို လုံးဝလက်မခံပါဘူး။"
ဝန်ကြီးဦးကျော်တင့်ဆွေရဲ့ ဗွီဒီယိုမိန့်ခွန်းမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ခေါ်ဝေါ်သုံးစွဲခြင်းမရှိခဲ့ပါဘူး။
ဒါအပြင် အာဆာ လက်နက်ကိုင်အဖွဲ့ရော၊ AA ရခိုင်လက်နက်ကိုင်အဖွဲ့ နှစ်ခုလုံးဟာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲ ရာစုနှစ်နဲ့ချီခြေကုပ်အဖြစ် အသုံးပြုခဲ့ကြောင်း စွပ်စွဲပြောဆိုသွားပါတယ်။ အာဆာအကြမ်းဖက်အဖွဲ့ဝင်တွေ၊ ကော့ဇ်ဘဇား စခန်းမှာရှိနေတဲ့ အဖွဲ့ကို ထောက်ခံသူတွေကို တားဆီးနိုင်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ဖို့ လိုကြောင်းလည်း ဝန်ကြီးဦးကျော်တင့်ဆွေကပြောပါတယ်။ နောက်ပြီး ဒီလှုပ်ရှားမှုတွေဟာ နှစ်နိုင်ငံလုံးအတွက် အန္တရာယ်ကြီးတယ်လို့လည်းဆိုပါတယ်။
လက်ရှိ ကုလသမဂ္ဂအမြင့်ဆုံးတရားရုံး ICJ မှာ လူမျိုးတုန်းသတ်ဖြတ်မှု ဆိုင်ရာစွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာကို အမှုဖွင့်ထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း နိုင်ငံတွင်းမှာ သက်ဆိုင်ရာ ခုံရုံးတွေဖွဲ့စည်းပြီး ဖြစ်နိုင်ချေရှိတဲ့ ကျယ်ပြန်လှတဲ့ ချိုးဖောက်မှုတွေကို အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း ဝန်ကြီးဦးကျော်တင့်ဆွေကပြောကြားခဲ့ပါတယ်။
"ဒါဟာ ကျနော်တို့ရဲ့ အခွင့်အရေး၊ တာဝန်ဝတ္တရား၊ ကတိကဝတ်ပြုမှုဖြစ်ပါတယ်။ ဒါအပြင် ဒီလို နိုင်ငံတွင်း ဥပဒေနဲ့ အရေးယူရေးကိစ္စဟာ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး စတာတွေနဲ့ဆက်စပ်နေတဲ့ အလွန်အရေးကြီးတဲ့ ပြည်တွင်းလုပ်ငန်းစဉ်တွေဖြစ်ပါတယ်။"
ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဝန်ကြီးဦးကျော်တင့်ဆွေ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က သူ့ရဲ့အမြင်ကို အခုလို ဗွီအိုအေကိုပြောပါတယ်။
”ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ အစိုးရဟာ ကမ္ဘာတလွှားက အာဏာရှင် အစိုးရတွေ အသုံးပြုနေတဲ့ စကားလုံးအသုံးအနှုန်းတွေအတိုင်း ပြောဆိုသွားတာကိုတွေ့ရတာ အလွန်စိတ်ပျက်ဖို့ကောင်းပါတယ်။ ကုလသမဂ္ဂက အထူးတာဝန်ပေးထားသူတွေက ဘက်လိုက်မှုရှိတယ် ဒီမှာတမျိုး၊ ဟိုမှာတမျိုးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်က မှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သိပါတယ်။ သူ အတိုက်အခံဘဝမှာတုန်းက မြန်မာပြည်သူတွေ လွတ်မြောက်ရေး အတူရပ်တည်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့တာပါ။ အဲဒီအချိန်က ကုလသမဂ္ဂကို မျက်နှာလိုက်တယ်၊ ဟိုတမျိုး၊ ဒီတမျိုးလုပ်တယ်ဆိုတာမျိုး ဒေါ်အောင်ဆန်းစုကြည် မပြောခဲ့ပါဘူး။ အဲဒီလိုမျိုးလည်း သူ့မှာ အမြင်မရှိခဲ့ပါဘူး။ ကုလသမဂ္ဂဟာ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းနဲ့ အလုပ်လုပ်တယ်ဆိုတာ သူသိပါတယ်။ ဒါပေမဲ့ အခုပြသနာက သူကိုယ်တိုင် ဒီစံနှုန်းတွေကို မလိုက်နာတာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာစစ်တပ်လည်း ပါပါတယ်။”
ဒါအပြင် ဘင်္ဂလားဒေ့ရှ်နဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ တုန့်ပြန်ချက်ဟာ တာဝန်မဲ့ရာရောက်တယ်လို့ Brad Adams က ဆိုပါတယ်။
”ဘင်္ဂလားဒေ့ရှ်နဲ့ ပတ်သက်လို့ပြောသွားတဲ့အပိုင်းကို ကြားရတာ တကယ်အံသြမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်က သူ့အပေါ်ရောက်လာတဲ့ ဒုက္ခအကျပ်အတည်းကြီးကို ရင်ဆိုင်နေရတာပါ။ အခုဆိုရင် အရင်က သူတို့ပိုင်နက်မှာ မရှိခဲ့တဲ့ လူဦးရေ ရှစ်သိန်းထဲမနည်း ဒုက္ခသည်တွေကို လက်ခံထားရတာပါ။ ဒါအပြင် ဒုက္ခသည်တွေ ငတ်မွတ်ခေါင်းပါးပြီး သေဆုံးမှုမရှိအောင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေကို ခွင့်ပြုပြီး အပြုသဘောဆောင် တုန့်ပြန်ဖို့ ဘင်္ဂလားဒေ့ရှ်ကြိုးစားခဲ့ပါတယ်။ တရုတ်ရဲ့ ဖိအားပေးမှုအောက်မှာ နေရပ်ပြန်ပို့ရေး နှစ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်က နိုင်ငံဥပဒေကို ချိုးဖောက်ပြီး ဒုက္ခသည်တွေကို အတင်းအကျပ်နေရပ်ပြန်ရေးလုပ်မှာမဟုတ်ဘူးဆိုတာကိုပြသခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရ ကြိုးစားပြီး ပုံဖေါ်နေတာက ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို မပြန်အောင် တားဆီးနေတာမျိုးဖြစ်နေပါတယ်။ ဒါပေမဲ့ အမှန်မှာ မြန်မာစစ်တပ်ရဲ့ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှု၊ လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေဟာ သူတို့နေရပ်မှာ လုံခြုံမှုမရှိပဲ ပြန်မသွားချင်ကြတာကြောင့်ဖြစ်ပါတယ်။”
ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားခဲ့တဲ့ ဝန်ကြီးဦးကျော်တင့်ဆွေရဲ့ မိန့်ခွန်းမှာတော့ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ စစ်မှန်သောဒီမိုကရေစီရေးနဲ့ အားလုံးပါ ၀ င်တဲ့ ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဆက်လက်ထောက်ခံ အားပေးဖို့တိုက်တွန်းသွားပါတယ်။
Your browser doesn’t support HTML5
................
(Unicode)