မြန်မာကိုလာတဲ့ လုံခြုံရေးကောင်စီအဖွဲ့ ကူဝိတ်ကိုရောက်ရှိ

လုံခြုံရေးကောင်စီအဖွဲ့ကို ဦးဆောင်တဲ့ ကုလသမဂ္ဂဆိုင်ရာ ကူဝိတ်သံအမတ်ကြီး Mansour Al-Otaibi လုံခြုံရေးကောင်စီမျာ ဆွေးနွေးနေစဉ်

ကမ္ဘာပေါ်မှာ အကြီးမားဆုံး လူသားချင်းဆိုင်ရာဘေးဒုက္ခကို ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေကို ကိုယ်တိုင်သွားရောက်ကြည့်ရှုဖို့ ဧပြီလ ၂၆ ရက်နေ့က စတင်ထွက်ခွာလာတဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ ကူဝိတ်နိုင်ငံကို ရောက်ရှိနေပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေက သံအမတ်ကြီး ၁၅ ဦးလုံး ပါဝင်တဲ့အဖွဲ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ဗွီအိုအေကို အီးမေးလ်နဲ့ တုံ့ပြန်ရာမှာ မြန်မာနိုင်ငံကို ဧပြီလ (၃၀)ရက်နေ့မှာ ရောက်ရှိမှာဖြစ်ကြောင်း ရေးသားထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ တွေ့ဆုံဖို့ရှိမရှိ အတည်မပြုနိုင်သေးပေမယ့် အဆင့်မြင့် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုလာရောက်ဖို့ကိစ္စကို မြန်မာအစိုးရက အစောပိုင်းမှာ ငြင်းခဲ့ပေမဲ့လည်း နောက်ပိုင်းမှ သဘောတူ လက်ခံခဲ့တာဖြစ်ပါတယ်။ ခရီးစဉ်ကိုတော့ မေလ ၂ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံခရီးစဉ်မတိုင်ခင် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဒီသီတင်းပတ်အကုန်မှာ အရင်ဆုံး သွားရောက်ဖို့ရှိပါတယ်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်အရေအတွက် ခန့်မှန်းချေ တစ်သန်းကျော် ရှိသွားပြီဖြစ် ကြောင်း မနေ့ သောကြာနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric ကပြောပါတယ်။ ဒီနှစ်အစောပိုင်း ဇန်နဝါရီလကတည်းကနေ အခုချိန်ထိ ရိုဟင်ဂျာ ၈,၀၀၀ လောက် ထွက်ပြေးလာခဲ့တယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၁.၃ သန်းကို ထောက်ပံနိုင်ဖို့ လိုအပ်နေတဲ့ ရန်ပုံငွေ ဒေါ်လာ ၉၅၁ သန်းထဲက ၉% ပဲ ရရှိသေးတယ်လို့ Stephane Dujarric ကပြောသွားပါတယ်။

Your browser doesn’t support HTML5

မြန်မာကိုလာတဲ့ လုံခြုံရေးကောင်စီအဖွဲ့ ကူဝိတ်ကိုရောက်ရှိ