ရခိုင်ပဋိပက္ခအတွင်း မြန်မာစစ်တပ်ကနေ မူဆလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ် မှုတွေနဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေလုပ်ခဲ့တယ်လို့ နိုင်ငံတကာရဲ့ စွပ်စွဲပြော ဆိုနေတာတွေဟာ ထင်ကြေးအနေနဲ့ စွပ်စွဲနေတာသာ ဖြစ်ပြီး ယုံကြည်ဖို့ ခက်ခဲတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က တုံပြန်လိုက်ပါတယ်။ ရိုဟင်ဂျာတွေ အပေါ် မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ကို အမေရိကန်အစိုးရက ဆန်းစစ် စုံစမ်းမှုတွေ လုပ်နေတယ်လို့ သတင်း ထွက်လာချိန်မှာ ကော်မရှင်ဖက်က အခုလို တုန့်ပြန် သွားတာပါ။ ရခိုင် အရေးလေ့လာသူ အချို့ကတော့ နိုင်ငံသိက္ခာမကျစေဖို့နဲ့ စွပ်စွဲနေမှုတွေကို အကောင်းဆုံးတုံပြန်ဖို့ ကုလသမဂ္ဂရဲ့ စုံစမ်း စစ်ဆေးမှုတွေကို ခံဖို့ကိုလည်း တိုက်တွန်းတာတွေရှိနေပါတယ်။ ဒါတွေကို ဗွီအိုအေ မြန်မာပိုင်းကမေခက စုစည်းတင်ပြသွားမှာပါ။
ရခိုင်မြောက်ပိုင်းမှာပြီးခဲ့တဲ့နှစ်တုန်းက ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေကို လူမျိုးစုလိုက်ရှင်းလင်းဖယ်ရှားမှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေနဲ့ အတူ၊ မြန်မာအစိုးရ နဲ့ မြန်မာစစ်တပ်ကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ဝေဖန်ချက်တွေ ထွက်နေပါတယ်။
မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ရှိတဲ့ ကော့ဇက်ဘဇား ကို အမေရိကန်နိုင်ငံခြားရေးဌာန ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ မတ်လနဲ့ ဧပြီလက သွားရောက် စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။ ဒါဟာ မြန်မာစစ်တပ်အတွင်းက ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ လုပ်ဆောင် နေတာဖြစ်တယ်လို့လည်း အမေရိကန်ဘက်ကဆိုထားပါတယ်။ မြန်မာလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦယုလွင်အောင်ကတော့ သူတို့ကိုယ်တိုင် စုံစမ်းထားသမျှ၊ နိုင်ငံတကာက စွတ်စွဲနေသလောက် ရခိုင်ပြည်နယ်တွင်းမှာ မြန်မာစစ်တပ်က ကျူးလွန်မှုတွေ မရှိခဲ့ဘူးလို့ ပြောပါတယ်။
" အန်ကယ်လ်တို့အပိုင်းကတော့ အန်ကယ်လ်တို့ ဘူးသီးတောင် မောင်တောကို သွားခဲ့တဲ့အနေအထားကတော့ ဒီလောက်အထိ ဆိုးဆိုးရွားရွားတော့ မတွေ့ဘူးပေါ့။ မတွေ့ဘူး။ မရှိဘူးလို့ မပြောလိုဘူး။ မတွေ့ခဲ့ဘူးပေါ့။ အဲ့ဒီ့တော့ ရှိတယ် မရှိဘူးဆိုတာ ဂဃဏန စွပ်စွဲချက်ရှိရင်တော့ အန်ကယ်လ်တို့က သေချာလေး စုံစမ်းစစ်ဆေးပြီးတော့ ဒါကို ရှိ-မရှိ သေချာ စုံစမ်းပေးလို့ရပါတယ်။ ဒါပေမဲ့ အန်ကယ်လ်တို့ တွေ့ရှိခဲ့သလောက်ကတော့ မတွေ့သေးဘူး ဒါကို မတွေ့ဘူး။ အခုက နိုင်ငံတကာက ပြောနေတယ်ဆိုတာက သူတို့ကရော သဘောရိုးနဲ့ပြောတာလား ဟုတ်ရဲ့လားဆိုတာ ပြန်လည်စဉ်းစားစရာတွေဖြစ်လာနေတယ် ။"
လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိလာရင်လည်း တိကျတဲ့သက်သေနဲ့တကွ တင်ပြပေးဖို့နဲ့ အရေးယူမှုတွေကို တုံ့ဆိုင်းမှာမဟုတ် ဘဲ ကျောသားရင်သားမခွဲ အပြစ်ပေးဖို့ နောက်တွန့်မှာ မဟုတ်ဘူးလို့လည်းဆိုလိုက်ပါတယ်။ နိုင်ငံတကာဘက်က ရခိုင်၊ မြို၊ ဒိုင်းနက်တိုင်းရင်း သားတွေသေဆုံးမှုကိုလည်း လျစ်လျူရှုမထားဘဲ ဒီလူတွေ အတွက်ကိုထည့်သွင်းစဉ်းစားသွားပေးဖို့ပါ တောင်း ဆိုလိုက်ပါတယ်။
" သူတို့အင်အားကြီးတဲ့နိုင်ငံကနေ အင်အားနည်းတဲ့နိုင်ငံကို ပြောချင်ရာပြောနေကြတာပေါ့လေ။ Genocide လို့ခေါ်တဲ့ လူမျိုးတုန်းသတ်ဖြတ်နေတာက ကိုယ့်လူတွေက အသတ်ခံနေရတာ အဲ့တာကျတော့ သူတို့ကမပြောဘူးလားမသိဘူး။ မြို ရွာလေးတွေ တိုင်းရင်းသားရွာလေးတွေကို ဒီဘင်္ဂလီအုပ်လိုက်ကြီးကလေးငါးရှစ်ရာ တစ်ထောင်လောက်ရှိတဲ့အုပ်လိုက်ကြီးက ဓားနဲ့ ဝင်ခုတ် ဝိုင်းချ သတ်ဖြတ် အဲ့တာတွေကျတော့ မပြောဘူး။ ရွာသားတွေက အပြင်ထွက်ရင် ဓားနဲ့ခုတ်သတ်ပစ်လိုက်တယ် ဘယ်သူက သတ်မှန်းမသိဘူး။ အဲ့တာတွေလည်း တွေ့နေရတယ်။ အထောက်အထားတွေနဲ့တွေ့တာတွေကို ဒါတွေကိုကျတော့ တစိမှ မပြောပဲနဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကို ဒီဘက် က တုန့်ပြန်မှုတွေကိုပဲ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ပြောနေတဲ့အခါကျတော့ ဒါက မျှမျှတတရောဖြစ်ရဲ့လားလို့ စဉ်းစားစရာတော့ဖြစ်တာပေါ့။ "
နိုင်ငံတကာလူ့အခွင့်အရေးအစီရင်ခံစာတွေထဲ ရခိုင်မြောက်ပိုင်း အခြေအနေဖော်ပြ ချက်တွေမှာ ရိုဟင်ဂျာတွေအပြင် ဒေသခံရခိုင်တွေနဲ့ အခြားလူနည်းစု လူမျိုးတွေကိုလည်း ထိခိုက်သက်ရောက်မှု ရှိတယ်လို့တော့ ဖော်ပြပါတယ်။ ဒါပေမယ့်လည်း မြန်မာ အာဏာပိုင်တွေဖက်ကတော့ ဒီ အစီရင်ခံစာတွေထဲမှာ ဒီလို လူနည်းစုတွေအရေးထက် မွတ်ဆလင်တွေဖြစ်ပျက်ခဲ့တာကို ပိုပြီး ဦးစားပေးလွန်းတယ်လို့ မြင်ကြပါတယ်။
ရခိုင်အရေးလေ့လာသုံးသပ်သူ ဒေါက်တာခင်ဇော်ဝင်းကတော့ နိုင်ငံသိက္ခာမကျစေဖို့နဲ့ စွပ်စွဲနေမှုတွေကို အကောင်းဆုံးတုံ့ပြန်ဖို့ ကုလသမဂ္ဂရဲ့ စုံစမ်း စစ်ဆေးမှုတွေကို အမြန်ဆုံးခံယူဖို့ကိုလည်း တိုက်တွန်းသွားခဲ့ပါတယ်။
" သံသယတွေကရှိနေတယ်။ ဒါတွေကို fact-finding mission က လာပြီးတော့ စစ်ချင်တယ်ဆိုတော့လည်း မြန်မာအစိုးရက ခွင့်မပြုဘူး။ ဒါကြောင့် ဒီဥစ္စာတွေက သို့လော သို့လောနဲ့ သံသယဖြစ်စရာတွေဖြစ်လာတယ်။ မြန်မာအနေနဲ့က တကယ်တမ်း ဒီဥစ္စာတွေကို မကျူးလွန်ဘူး ဘာမှာလည်း သူတို့အနေနဲ့ ကာစရာ ဖုံးစရာ မရှိဘူးဆိုရင် လာပစလေ။ နိုင်ငံတကာပဲဖြစ်ဖြစ် မီဒီယာပဲဖြစ်ဖြစ် မြန်မာအစိုးရရဲ့ လုပ်ရပ်တွေအပေါ်မှာ အရမ်းကို သံသယ ရှိစရာဖြစ်လာတယ်။ ဒါကို မရှင်းနိုင်ဘူးဆိုရင် ဟိုဘက်က ဆက်ပြီးတော့ ဖိနေမှာပဲ။ နိုင်ငံတကာ အဖွဲ့အစည်းတွေ အထူးသဖြင့် ကုလသမဂ္ဂနဲ့ပူးပေါင်းပါ။ လုပ်ခွင့်ပေးရမယ်။ ပုံကြီးချဲ့ပြီးတော့ လျှောက်ပြီးတော့ ပြောနေပါတယ်ဆိုပြီး ပြောလို့မရဘူး။"
ရခိုင်မြောက်ပိုင်းဒေသ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်ဆေးဖို့ ကုလသမဂ္ဂက အချက်အလက်စုဆောင်းရေးအဖွဲ့ ဖွဲ့စည်းထားတာရှိပေမယ့် မြန်မာဖက်ကတော့ ဒီ အဖွဲ့ကို လက်မခံပါဘူး။ ဒါပေမယ့် မကြာခင် ရက်ပိုင်းအတွင်းမှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ တဖွဲ့ လာရောက်ဖို့တော့ ရှိနေပါတယ်။ ဒီ အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ဖွယ် ရှိသလို၊ မြန်မာခေါင်းဆောင်တွေနဲ့ လည်း တွေ့ဆုံမှာဖြစ်ပါတယ်။
ရခိုင်မြောက်ပိုင်းပဋိပက္ခအတွင်း မြန်မာစစ်တပ်က ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့၊ မြန်မာစစ်ခေါင်းဆောင်အချို့ကို ICC နိုင်ငံတကာခုံရုံးကို တင်ဖို့လည်း ဥရောပ နိုင်ငံအချို့က ကြိုးပမ်းမှုတွေ ရှိနေပါတယ်။