တနင်္သာရီ ဆီအုန်းစိုက်ခင်း စီမံကိန်းနောက်ကွယ်က မသမာမှုများ

“ဆီအုန်းနောက်ကွယ်” - ဆွယ်ယောင်ပြစိုက်ပျိုးရေး ရင်းနှီးမြုပ်နှံမှူများ၏အကျိုးဆက် အစီရင်ခံစာ ထုတ်ပြန်ပွဲ (VOA)

တနင်္သာရီတိုင်းအတွင်း ဆီအုန်းစိုက်ပျိုးဖို့ မြေနေရာ လျှောက်ထားခဲ့တဲ့ မြန်မာအော်တိုကော်ပိုရေးရှင်း (MAC) ဟာ သူတို့အတွက် လုပ်ကွက်ချပေးလိုက်တဲ့ လုပ်ကွက်အတွင်းက သစ်ပင်တွေကို တရားမဝင်ခုတ်ပြီး ပြည်ပ နိုင်ငံတွေကို တင်ပို့ ရောင်းချခဲ့တယ်လို့ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ တောင်ကိုရီးယားနဲ့ စင်္ကာပူအခြေစိုက် ကုမ္ပဏီ ၂ ခုနဲ့ ပူးတွဲ တည်ထောင်ထားတဲ့ မြန်မာအော်တို ကော်ပိုရေးရှင်းစာ လုပ်ကွက် အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံတွေကို အဓမ္မ မောင်းထုတ်ပြီး သူတို့ရဲ့ မြေတွေကိုပါ သိမ်းပိုက်ခဲ့တာကြောင့် ရာနဲ့ချီရှိတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံအတွင်းက သစ်တော ထူထပ်တဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အတွင်းမှာ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်းလုပ်ဆောင်ဖို့ နိုင်ငံတော်အစိုးရက ၂၀၁၁ ခုနှစ်မှာ ခွင့်ပြုချက် ချပေးလိုက်ပြီးတဲ့နောက် ဆီအုန်းပင် စိုက်ပျိုးမယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ လုပ်ငန်းလုပ်ကိုင်ဖို့ သတ်မှတ်ပေးထားတဲ့ လုပ်ကွက် မြေဧကပေါင်း တသိန်း သုံးသောင်းကျော် အတွင်းမှာရှိတဲ့ သစ်ပင်တွေကို တရားမဝင် ခုတ်ယူပြီး ပြည်ပနိုင်ငံတွေကို ရောင်းချခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့ရတယ်လို့ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တွေနဲ့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ပေါင်း (၆) ဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီ အစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနားကို တနင်္သာရီတိုင်း ဒေသကြီးမြို့တော် ထားဝယ်မာ မတ်လ ၁၉ ရက်နေ့က ကျင်းပခဲ့တာပါ။

ကုမ္ပဏီအနေနဲ့ သစ်တွေကို မူလက ခန့်မှန်း သိရှိထားတဲ့ ပမာဏထက် များစွာပိုပြီး တရားမဝင် ခုတ်ယူနေတယ်ဆိုတဲ့ ဒေသခံတွေနဲ့ မျက်မြင် သက်သေတွေရဲ့ ပြောပြချက်တွေကို အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားကြောင်း အစီရင်ခံစာ ဖြစ်မြောက်ရေးအတွက် အဓိက အခန်းကနေ ပါဝင်ခဲ့ပြီး အချက်အလက်တွေကို စုဆောင်းခဲ့တဲ့ တောင်ပိုင်လူငယ်ဖွံ့ဖြိုးအဖွဲ့ကို စတင် တည်ထောင်သူ ကိုစံငွေက ရှင်းပြပါတယ်။

"သိလိုက်တာကတော့ တန်ပေါင်း ၁ သောင်းကျော် ၂ သောင်းနီးပါးလောက်တော့ ထုတ်ခဲ့တယ်။ ဒါပေမယ့် တကယ့်တကယ် ဒီစာအုပ်လေးထွက်တဲ့အခါ ဘာဖြစ်လာသလဲဆိုတော့ တန် ၂ သိန်းနီးပါးလောက်ဖြစ်သွားတယ်ဆိုတာ ဖြစ်လာတယ်။ ဆိုတော့ အဲဒါတွေတေ့ာ ကျနော်တို့ လက်လှမ်းမမှီတော့ဘူး ။ ဒါတွေက အဲဒီ ၁ သိန်း ၂ သိန်းယူရလောက်လောက် ကျနော်တို့က အဲဒီထဲမှာ အချက်အလက်ကို ဘယ်လိုမှ မရနိုင်ဘူးလေ။ ကျနော်သည် အဲဒီ နေရာ ၊ ဒေသမှာ မွေးတဲ့ လူတယောက်ပဲ ။ ကျနော် ၂၀၁၅ ပြန်ရောက်တဲ့အချိန်မှ ာ ကိုယ့်ရွာကိုတောင်မမှတ်မိနေဘူးဖြစ်နေတယ်။ အဲဒီအချိန်မှာ ကိုယ့်အိမ်ကိုယ့်ရွာတွေက ရှိတောင်မရှိတော့ဘူး မီးရှို့ပစ်ခံရတယ်ဆိုတော့။"

တနင်္သာရီတိုင်းအတွင်း အဲဒီလို မြန်မာအော်တိုကော်ပိုရေးရှင်းက တရားမဝင် သစ်ခိုးထုတ်ပြီး ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးရအောင် လုပ်ခဲ့ပေမယ့်လည်း အစောပိုင်းမှာ ဖိနှိပ်ခံ ဌာနေတိုင်းရင်းသားတွေဘက်က ရပ်တည်ပေးမယ့်သူ မရှိခဲ့ဘူးလို့ ကိုစံငွေက ပြောပါတယ်။ နောက်ပိုင်း အဲဒီဒေသမှာ မွေးဖွားတဲ့ ကိုစံငွေ ရောက်သွားပြီး အခြေအနေတွကို သိရှိပြီးတဲ့နောက် တောင်ပိုင်းလူငယ် ဖွံ့ဖြိုးရေးအဖွဲ့ကို ၂၀၁၄ ခုနှစ်မှာ ဖွဲ့စည်းပြီး ဒေသခံတွေ ခံစားနေရတဲ့ အခြေအနေတွေကို အပြင်က သိရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်တော့မှ အများက အာရုံစိုက်တဲ့ အခြေအနေကို ရောက်လာခဲ့တာပါ

ဒါပေမယ့်လည်း မကြာသေးခင်က ဒုတိယသမ္မတ ဟန်နရီ ဗန်ထီးယူ တနင်္သာရီတိုင်းအတွင်း ရောက်ခဲ့ပြီး MAC နဲ့ ဒေသခံ တိုင်းရင်းသားတွေအကြား ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သိရှိသွားပြီးတဲ့နောက် - ကုမ္ပဏီကို တရားဝင် လုပ်ပိုင်ခွင့်ပေးထားတဲ့ နယ်မြေအတွင်း ဒေသခံတွေ ပြန်သွားခြင်းမပြုရ၊ ပြန်သွားတဲ့သူတွေအနေနဲ့ ထိရောက်စွာ အရေးယူခံရမယ်တဲ့ အဓိပ္ပါယ် သက်ရောက်တဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာကြောင့် အဲဒီ ကြေညာချက် ပြန်လည် ရုပ်သိမ်းပေးရေး သူတို့အနေနဲ့ တောင်းဆိုသွားမယ်လို့ ကိုစံငွေက ပြောပါတယ်။

"သူ့သဘောထားက သူ့ပြည်သူတွေကို ဒီလိုအပေါ်မှာ သူထုတ်ပြန်လိုက်တဲ့ ၊ တကယ့်သူ့ထုတ်ပြန်ချက် အမှန်ဆိုရင် သူ့ပြည်သူတွေအားလုံးရဲ့ဘဝကို ဒီလိုပဲ ဖြစ်စေချင်တာလားပေါ့။ ကျနော်အဲဒီမှာတော့ ဒီအတိုင်းပဲ တင်မှာပေါ့နော်။"

မြန်မာအစိုးရအဆက်ဆက်ဟာ နိုင်ငံခြားကနေ လာရောက် ရင်းနှီးမြုပ်နှံကြတဲ့ ကုမ္ပဏီတွေဘက်က အစဉ်တစိုက် ရပ်တည် အကာကွယ် ပေးလေ့ ရှိခဲ့ပေမယ့် အဲဒီ နိုင်ငံခြား ကုမ္ပဏီတွေကြောင့် ကိုယ့်တိုင်းသူ ပြည်သားတွေ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေကို အကာကွယ် ပေးဖို့ ပျက်ကွက်နေကြောင်း အစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနားမှာ ပညာရှင်တွေက ထောက်ပြ ဆွေးနွေးခဲ့ကြပါတယ်။

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်အတွင်းမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဆီအုန်းစိုက်ပျိုးရေး အမည်ခံ လယ်မြေသိမ်းဆည်းမှူနဲ့ တခြား ကန့်သတ် သယံဇာတတွေ တရားမဝင် ထုတ်ယူမှူတွေနည်းတူ တခြား ပြည်နယ်၊ တိုင်းဒေသကြီးတွေမှာလည်း ဖြစ်ပေါ်နေကြေင်း Green Network – Mergui Archipelago အဖွဲ့က ညွန်ကြားရေးမှူး ဦးပိုအမ်က ပြောပါတယ်။

"ဆီအုန်းက အခုဖြစ်နေတဲ့ မနိုးရုံး ဒေသမှာ MAC အပြင် အခြားဒေသမှာ MSPP လည်းအခုမပြီးသေးဘူး။ ဒါ့အပြင် သိမ်းဆည်းထားတဲ့ မြေပတ်ဝန်းကျင်မှာလည်းပဲ ဆီအုန်းကို တိုင်းဒေသ အစိုးရအပါအဝင်က ပြန်ပြီးဖော်ဆောင်နေတာတွေ့တယ်။ တဖက်ပဲ စာတွေထုတ်လာတယ်၊ နောက်ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတို့ ပြောလာတယ်။ ရင်းနှီးမြုပ်နှံမှုလို့ ပြောလာတယ်။ နောက်ပြီးတော့ စီမံကိန်းလို့ပြောလာတယ်။ ဘယ်လိုဖြစ်လာသလဲလို့ ပြန်ပြီးတော့ သုံးသပ်ရင် ဖွံ့ဖြိုးရေးကဏ္ဍလည်းဖြစ်မလာဘူး နောက်ပြီးတော့လည်း အလုပ်အကိုင်အခွင့်အလမ်းလည်း ထိထိရောက်ရောက်ရှိမလားဘူး ဖြစ်နေတယ်။"

နန်းမေချိုဝင်းဟာ လက်ရှိ MAC ကုမ္ပဏီက ဆီအုန်းစိုက်ပျိုးရေးလုပ်ဖို့ ခွင့်ပြုချက်ရထားတဲ့ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာမှာ နေထိုင်သူ ဖြစ်ပါတယ်။ ဒါပေမယ့် MAC ကုမ္ပဏီ လုပ်ငန်းတွေ စတင်စဉ်မှာ သူမရဲ့ ဘိုးဘွားလက်ထက်ကတည်းက ဓါးမဦးချ လုပ်ကိုင် နေထိုင်ခဲ့တဲ့ လယ်ယာမြေတွေကို အဓမ္မသိမ်းဆည်းပြီး မောင်းထုတ်ခြင်း ခံခဲ့ရပြီးတာကြောင့် နယ်မြေသစ်မှာ နေထိုင်ရတဲ့ သူတို့လို မိန်းခကလေးတွေ လုံခြုံမှူ မရှိတဲ့အခြေအနေတွေကို အခုလို ရှင်းပြပါတယ်။

"အဆင်တော့ သိပ်မပြေပါဘူး ဒါပေမယ့် ကိုယ့်အလုပ်နဲ့ ဝေးတဲ့နေရာမှာ နေရတဲ့အတွက် အဆင်မပြေဘူးပေါ့။ တခြား ကိုယ်မှာ အမျိုးသမီးအနေနဲ့တော့ တွေ့ကြုံခံစားရတာတွေ အများကြီးပါပဲ။ လူတွေက တောက်လျောက်လာနေတယ်ဆိုတော့ ကိုယ်မသိတဲ့လူလည်းရှိတယ် သူစိမ်းတွေဆိုတော့။ ကျမကိုယ်တိုင် ခံစားခဲ့ရပါတယ်။ ကျမ အိမ်မှာ တယောက်တည်းရှိတဲ့အချိန်မှာ တယောက်က ကျမအိမ်ပေါ်ကို ရောက်လာတာပေါ့နော်။ ဘာလုပ်မှန်းမသိဘူး အဲဒါကြောင့် ညအချိန်မတော်ကြီးမှာ ကျမ အော်ဟစ်ပြီးပြောလိုက်တာပေါ့နော် အနားက ရွာကလူတွေကို ။ ဘာမှ မလုပ်ဘူး ကျမအော်ဟစ်တဲ့အချိန်မှာ သူက ထွက်ပြေးသွားတာပေါ့နော်။ ဘေးကအိမ်တွေက ကျမကိုပြန်ပြီး အိပ်စောင့်ကြတယ်။"

တနင်္သာတိုင်းအတွင်း လက်ရှိ MAC က ဆီအုန်းစိုက်ပျိုးရေး လုပ်ဆောင်ခွင့်ရရှိထားတဲ့ ဒေသဟာ မြန်မာနိုင်ငံမှာ ဦးစားပေးဇီဝထိန်းသိမ်းရေး ဆက်စပ်ဧရိယာ (Biodiversity Corridors) နဲ့ အရေးကြီး ဇီဝထိန်းသိမ်းရေးနယ်မြေ (Key Biodiversity Area) အတွင်းမှာ ကျရောက် နေတာကြောင့် တိုင်းပြည်မှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးဘကီးတဲ့ ပတ်ဝန်းကျင် ရေရှည်တည်တန့်ရေးကို များစွာ အဟန့်အတား ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

“ဆီအုန်းနောက်ကွယ်” - ဆွယ်ယောင်ပြစိုက်ပျိုးရေး ရင်းနှီးမြုပ်နှံမှူများ၏အကျိုးဆက် လို့ အမည်ပေးထားတဲ့ အစီရင်ခံစာကိုတော့ စိမ်းလန်းအမိမြေအသင်း၊ တောင်ပိုင်းလူငယ်အသင်း၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်၊ အနာဂတ်အလင်းကော်မီတီ (မနိုးရုံး)၊ အစိမ်းရောင်ကွန်ရက် (မြိတ်ကျွန်းစု)၊ ပနဲတာကပေါ စတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေးအတွက် ဆောင်ရွက် နေကြတဲ့ အဖွဲ့ပေါင်း (၆) ဖွဲ့က စုပေါင်း ထုတ်ပြန်တာ ဖြစ်ပါတယ်။ အစီရင်ခံစာထဲကို ဒေသခံတွေနဲ့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေအပေါ် အခြေခံပြီး ရေးသား ပြုစုထားတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

တနင်္သာရီ ဆီအုန်းစိုက်ခင်း စီမံကိန်းနောက်ကွယ်က မသမာမှုများ