တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ ပါတီ ခေါင်းဆောင်တွေကို ဒီကနေ့ နေပြည်တော်မှာ တနာရီကျော်ကြာ တွေ့ဆုံခဲ့ပါတယ်။ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေး တိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားဖို့ အပြန်အလှန် ဆွေးနွေးခဲ့ကြတဲ့အကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားပါတယ်။
မခင်ဖြူထွေး။ ။ ဒီကနေ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါက်တာအေးမောင်တို့ ရခိုင်အမျိုးသားပါတီ (ANP) က ခေါင်းဆောင်တွေ တွေ့ဆုံကြတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဒီကနေ့ ဘာကြောင့် တွေ့ဆုံဖြစ်သလဲ ဆိုတာ သိပါရစေရှင့်။
ဒေါက်တာအေးမောင်။ ။ “အဓိက ကတော့ဗျာ။ ကျနော်တို့ဘက်က မေတ္တာရပ်ခံတာရှိပါတယ်။ ကျနော်တို့ ရခိုင်မျိုးနွယ်စုဝင် မြို တိုင်းရင်းသားတွေ အကြမ်းဖက် သတ်ဖြတ် ခံရတာရှိတယ်။ ကိုင်းကြီးရွာမှာပေါ့ဗျာ။ မောင်တော မြို့နယ်မှာလေ။ အဲဒီတော့ ကိုယ့်ရွာ ကိုယ့်ဒေသ လုံခြုံမှု မရှိဘူး။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်နိုင်တဲ့ ဝန်းကျင်ပေါ့ဗျာ… ရေလုပ်ငန်းဖြစ်ဖြစ်၊ လယ်ယာပဲလုပ်လုပ် တောင်ယာပဲ လုပ်လုပ်ပေါ့ မရှိတော့ဘူး။ နောက်ခြိမ်းခြောက်မှု အန္တရာယ်တွေ ရှိနေတယ်။ အဲဒီကဏ္ဍတွေကြောင့် ကျနော်တို့ တိုင်းရင်းသားတွေ၊ ဌာနေ တိုင်းရင်းသားတွေဟာ မိမိနေရပ်ကို စွန့်ပြီးမှ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရှိတဲ့နေရာတွေကို ပြေးနေ ခိုလုံနေကြရတယ်။ ဒါတွေနဲ့ပတ်သက်လို့ ကျနော်တို့ အမြင်ချင်း ဖလှယ်ချင်တယ်။ တည်ငြိမ်အေးချမ်းပြီးမှ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို လုပ်မလဲ ဆိုတာလေးကို ဆွေးနွေးချင်တယ် ဆိုတာမျိုးနဲ့ ကျနော်တို့ မေတ္တာရပ်ခံခဲ့တာရှိပါတယ်။ ဒီကနေ့ ကျနော်တို့ တွေ့ခွင့်ရပါတယ်။ မနေ့က မေတ္တာရပ်ခံတာပါ။”
မခင်ဖြူထွေး။ ။ ဆိုတော့ ANP ပါတီက တွေ့ဆုံဖို့ ကမ်းလှမ်းတဲ့အပေါ်မှာ ကာကွယ်ရေးဦးစီးချုပ်က အခုလို တွေ့ဆုံတာပေါ့။
ဒေါက်တာအေးမောင်။ ။“မှန်တယ်။”
မခင်ဖြူထွေး။ ။ ဟုတ်ကဲ့။ အဲဒီတော့ ဒီကနေ့ ဆွေးနွေးပွဲက ရခိုင်ပြည်နယ်မှာ ဒေသခံ တိုင်းရင်းသားတွေ အကြမ်းဖက် တိုက်ခိုက်ခံရတာနဲ့ ဆက်စပ်ပြီး ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိစ္စတွေကို အဓိကထား ဆွေးနွေးတဲ့သဘောပေါ့။
ဒေါက်တာအေးမောင်။ ။“နံပါတ်တစ်အချက်က လုံခြုံရေးကဏ္ဍ၊ မလုံခြုံဘူးလို့ ကျနော်တို့ တိုင်းရင်းသားတွေ ခံစားရသလို အဲဒီဟာလေးကို ကျနော်တို့ အမြင်ချင်း ဖလှယ်ပါတယ်။ နောက်တခုက တရားဥပဒေစိုးမိုးမှုကဏ္ဍ။ ကျနော်တို့မှာ ဥပဒေတွေ အများကြီး ပြဌာန်းထားတာရှိတယ်။ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ဘာကြောင့်အကောင်အထည် မဖော်နိုင်သေးတာလဲ။ ဘယ်ပုဂ္ဂိုလ်တွေက ပိတ်ပင်ထားသလဲ။ ဘယ်အဖွဲ့အစည်းတွေက ပိတ်ပင်ထားသလဲ။ အကြမ်းဖက်ခံနေရပါလျက်နဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ ဘာကြောင့် အရေးမယူနိုင်ရတာလဲ။ ဆိုပါတော့ အစိုးရက အသက်သွင်းဖို့လိုအပ်တဲ့ တခြားဥပဒေတွေရှိတယ်။ တလင်တမယား ဥပဒေ။ လူဦးရေ ထိန်းချုပ်ရေးနဲ့ ကျန်းမာရေးဆိုင်ရာ ဥပဒေ ပြဌာန်းထားပြီးဖြစ်တယ်။ နောက် ၈၂ နိုင်ငံသားဥပဒေ။ ဒါကိုစိစစ်ပြီး ဆောင်ရွက်တဲ့အခါမှာ တဖက်သတ်အကောင်အထည် ဖော်တဲ့ လုပ်ငန်းလေးတွေ ကျနော်တို့ တွေ့ရတယ်။ အဲဒါလေးတွေ တော်တော်များများပါပဲဗျာ။ အဲဒီတော့ ကျနော်တို့ အမြင်ချင်း ဖလှယ်ကြပါတယ်။ နောက် တရားမဝင် ငွေကြေးထောက်ပံ့မှု လမ်းကြောင်းတွေ ရှိတာပေါ့ဗျာ။ ကျနော်တို့ ခင်ဗျားတို့ ပြောနေကြတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး၊ နိုင်ငံတကာ အဖွဲ့အစည်း ထောက်ပံ့မှု၊ နိုင်ငံတကာအဖွဲ့အစည်းများ လူသားချင်းကိုယ်ချင်းစာ ဆိုတဲ့ ခေါင်းစဉ်ကို တပ်ပြီးမှ ဒီဒေသမှာ ဘာကြောင့် ပံ့ပိုးပေးနေကြသလဲ။ ကျနော်တို့အားလုံး ပြန်သုံးသပ်ပြီးမှ ကျနော်တို့ တနာရီခွဲ ကျော်ကျော်လောက် တွေ့ဆုံ ဆွေးနွေး အဖြေရှာကြပါတယ်။”
မခင်ဖြူထွေး။ ။ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ နိုင်ငံရေးပါတီတခုနဲ့ အရင်က တွေ့ဆုံတာ မတွေ့ခဲ့ရဖူးပါဘူး။ အခု ANP ပါတီနဲ့ ထူးထူးခြားခြား သီးခြား လက်ခံ တွေ့ဆုံတယ်ဆိုတော့ ဒါ ဘာကြောင့်လို့ ထင်ပါလဲရှင်။
ဒေါက်တာအေးမောင်။ ။“နိုင်ငံရေးပါတီတော့ နိုင်ငံရေးပါတီဗျ။ သို့သော် ကျနော်တို့အားလုံးက လွှတ်တော်အတွင်းမှာ ရောက်နေတဲ့ လွှတ်တော်အမတ်တွေလည်း ဖြစ်တယ်ဆိုတာကို သဘောပေါက်ပေးစေချင်တယ်။ လွှတ်တော်အမတ်တွေ ဖြစ်တယ်။ ပြည်သူ့လွှတ်တော်အမတ် ၅ ဦးနဲ့ အမျိုးသားလွှတ်တော် အမတ် ၂ ဦး ပါတယ်။ အဲဒါလည်း ကျနော်တို့က selected ပဲ။ အကုန်လုံးနီးပါးလောက်က CEC ဖြစ်တယ်။ အဲဒါကြောင့် ရခိုင်အမျိုးသားပါတီ ဆိုတဲ့ခေါင်းစဉ် ဖြစ်သွားတာပေါ့။ အဲဒီတော့ ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ်ကလည်း ပြောပါတယ်.. ပါတီစုံစနစ်ကို သူတို့က အလေးအနက်ထားတယ်။ အဲဒီတော့ ကျနော်တို့ဘက်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက institution ဖြစ်တဲ့ တပ်မတော်နဲ့ ဆွေးနွေးမှဖြစ်တော့မယ်ဆိုတဲ့ အခြေခံအကြောင်းရင်းတွေ ရှိလာတဲ့အခါမှာ ပြန်ပြီးတော့ တည်ငြိမ်အေးချမ်းအောင် ကျနော်တို့ရဲ့ ဌာနေတိုင်းရင်းသားတွေ နေရပ်ကို စွန့်ခွာသွားခဲ့လို့ရှိရင် တို့တာဝန်အရေးသုံးပါးကို ဘယ်လောက်ပဲ ကြွေးကြော်ကြွေးကြော် ကျနော်တို့ရဲ့ အချုပ်အချာအာဏာ ဆုံးရှုံးတော့မယ်။ နယ်မြေ ကျနော်တို့ ပေးလိုက်ရတော့မယ် ဆိုတဲ့သဘောကို ကျနော်တို့ သဘောပေါက်တဲ့အခါမှာ တူတူညီညီ သဘောပေါက်ကြတာမိုလို့ သူ့ဘက်ကလည်း ကျနော်တို့ကို ကြိုဆိုတယ်။ ကျနော်တို့ဘက်ကလည်း ရင်းရင်းနှီးနှီးပဲ တွေ့ဆုံဆွေးနွေး အမြင်ချင်းဖလှယ်နိုင်ခဲ့တယ်ဆိုတဲ့ အနေအထား ဖြစ်ခဲ့တဲ့အခါမှာ ကျနော်တို့ရဲ့ အမျိုးသားလုံခြုံမှုစည်းအတွက် အင်မတန် ကောင်းမွန်တဲ့ အခြေခံကောင်းတွေကို ကျနော်တို့ ရယူနိုင်ခဲ့တယ်လို့ ကျနော်တို့ သုံးသပ်တယ်။”
မခင်ဖြူထွေး။ ။ ဟုတ်ကဲ့။ ဆိုတော့ နိုင်ရေးပါတီတခုနဲ့ တွေ့ဆုံတယ်ဆိုတာထက် ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတာဖြစ်တယ်ဆိုတဲ့ သဘောမျိုး ပြောချင်တာပါလားရှင့်။
ဒေါက်တာအေးမောင်။ ။“မှန်ပါတယ်ဗျ။ ပါတီထက် ကျနော်တို့က ပြည်ထောင်စုလွှတ်တော်ကိုရောက်တဲ့ ရခိုင်အမျိုးသားပါတီရဲ့ ပါတီကိုယ်စားပြု အမတ်တွေ အနေနဲ့ တောင်းဆိုနေတာပါ။”
မခင်ဖြူထွေး။ ။ ဟုတ်ကဲ့ ဒီကနေ့ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ အားရကျေနပ်တယ်လို့ ပြောနိုင်ပါလား။
ဒေါက်တာအေးမောင်။ ။“ကျနော်တို့ဘက်က ရှိပါတယ်။ တပ်မတော်ဘက်ကလည်း ရှိတယ်လို့ ပြောပါတယ်။ ကျနော်တို့ သဘောထား တိုက်ဆိုင်မှုတွေ များပါတယ်။ ကျနော်တို့ ရင်းရင်းနှီးနှီးပဲ ညီအစ်ကိုလိုပဲ နွေးနွေးထွေးထွေး ကျနော်တို့ရဲ့ပြည်ထောင်စု တည်တံ့ခိုင်မြဲမှု ရှိဖို့အတွက် တပ်တော်ဘက်မှာရှိတဲ့ သူ့ရဲ့အမြင်သဘောထား၊ ကျနော်တို့ ရခိုင်အမျိုးသားပါတီ ရဲ့ အမြင်သဘောထား တော်တော်လေး ဆွေးနွေးကြပါတယ်။ တဦးချင်း တဦးချင်း ကပေါ့။ ဆိုတော့ အားလုံး အမြင်ချင်းတူကြပါတယ်။”
မခင်ဖြူထွေး။ ။ ဒေါက်တာအေးမောင် ကျေးဇူးတင်ပါတယ်။
ဒီကနေ့ နေပြည်တော်မှာလည်း ရခိုင်ပြည်နယ်တွင်း လုံခြုံရေး အခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပါသေးတယ်။
Your browser doesn’t support HTML5