အကူအညီပေးရေးအဖွဲ့ကို မြေပုံဒေသခံအချို့တားဆီး

မြေပုံမြို့

ရခိုင်ပြည်နယ် မြေပုံမြို့က မူစလင်ဒုက္ခသည်စခန်းတခုကို သွားတဲ့ အကူအညီပေးရေး အဖွဲ့က ကို ဒီကနေ့ ဒေသခံတွေက မသွားဖို့ ဝိုင်းဝန်းဟန့်တားခဲ့ကြပါတယ်။ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေမှာ အခြေစိုက်တဲ့ Relief International အကူအညီပေးရေးအဖွဲ့က မြန်မာဝန်ထမ်း ၁၀ ယောက်လောက်ကို ဒေသခံ ၈၀ ကျော်က စခန်းထဲမဝင်ဖို့ ဟန့်တားခဲ့ကြတာပါ။ ဒီအခြေအနေနဲ့ပတ်သက်လို့ မြေပုံမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေကို မခင်ဖြူထွေးက မေးမြန်းထားပါတယ်။

မခင်ဖြူထွေး။ ။ဖြစ်သွားတဲ့အခြေအနေလေး နည်းနည်းလောက်ပြောပြပေးပါလားရှင့်။

ဦးတင်ရွှေ။ ။ အကူအညီပေးရေးအဖွဲ့က Relief International ပါခင်ဗျ။ ဒီမှာ ရုံးဆိုက်တဲ့ ဝန်ထမ်းတဖွဲ့ပါ။ သူကတော့ camp မှာဆိုရင် ရေနဲ့ သန့်ရှင်းရေးတွေ အဲဒါမျိုးတွေ အဓိကလုပ်တာပေါ့နော်။ သူတို့က ပထမ သြဂုတ်လ ဖြစ်ပြီးတဲ့နေရာတွေ Camp တွေဝင်ဖို့ဆိုတာက ဒီဘက်က မဝင်ဖြစ်တာပေါ့နော် အခုမှစဝင်တာပေါ့။ ဝင်တဲ့အချိန်မှာ NGO အဖွဲ့ဝင်တွေက ယုံကြည်မှု အားနည်းနေသေးတဲ့အတွက်ကြောင့် လက်မခံတာပေါ့။ သူတို့ကတော့ ဒီ camp မသွားဖို့ပဲ တားတာပါ။ အကြမ်းဖက်တာတွေတော့မရှိပါဘူး။ ကျန်တာတွေလုပ်ပေးတဲ့ IDP တခုရှိပါတယ်။

မခင်ဖြူထွေး။ ။ ဟုတ်ကဲ့ မြေပုံမြို့မှာရှိတဲ့ ဒုက္ခသည်တွေနေတဲ့ IDP Camp တခုကို Relief Internationalအဖွဲ့က ဝင်ဖို့ကြိုးစားတဲ့အခါမှာ အတားခံရတာပေါ့။

ဦးတင်ရွှေ။ ။ ဟုတ်ကဲ့ပါ။ အဓိကတော့ သူတို့လုပ်မယ့်အလုပ်တွေကို အစိုးရဘက်က လုပ်ပေးပေါ့ လောလောဆယ်တော့ သူတို့မဝင်သေးဖို့ တောင်းဆိုတာပေါ့။

မခင်ဖြူထွေး။ ။ဒီအဖွဲ့က အဲဒီမှာ အခြေစိုက်ပြီးတော့ အရင်ကရော အကူအညီတွေပေးနေ တဲ့ အဖွဲ့လားရှင့်။

ဦးတင်ရွှေ။ ။ ဟုတ်ကဲ့ အရင်ကတော့ သူ့ရဲ့ ကဏ္ဍအလိုက်ပေါ့နော် ရေနဲ့ သန့်ရှင်းရေးကို အဓိကလုပ်တာပေါ့။ အဲဒါတွေ အဓိကလုပ်ပါတယ် ၊ အခုက ကျန်းမာရေးကိစ္စဆိုရင်လည်း ကျန်းမာရေးလုပ်ပေါ့။ ပညာရေးကိစ္စဆိုရင်လည်း ပညာရေးလုပ်ပေါ့။တချို့ကိစ္စတွေလည်း အုပ်ချုပ်ရေးပိုင်းကလုပ်ပေးပေါ့ လက်တလောတော့ သူတို့ကို အယုံအကြည်မရှိသေးတော့ မဝင်သေးဖို့ လူတွေကတောင်းဆိုတဲ့အတွက် လောလောဆည်မသွားဖို့ တားတဲ့သဘောဖြစ်သွားတာပေါ့။

မခင်ဖြူထွေး။ ။ဆိုတော့ သူတို့က အရင်တုန်းကတော့ အကူအညီတွေပေးလို့ရနေတယ်။ အခုတချိန်ကျတော့မှ ပေးလို့မရတာမျိုးဖြစ်သွားတာမျိုးဖြစ်သွားတာလား ဒီတကြိမ်မှာ ။

ဦးတင်ရွှေ။ ။ အကူအညီကတော့ ပေးပါတယ်။ WFP တို့လာတာတွေလည်း မြို့ကလက်ခံပါတယ်။ ဒီဟာက လက်တလော သူတို့မဝင်ဖို့လေးပဲ ဒေသခံတွေက လက်မခံတာပါ၊ ယုံကြည်မှုက နည်းနေသေးလို့ပါ။

မခင်ဖြူထွေး။ ။ဆိုလိုတာက WFP တို့ တခြားအဖွဲ့အစည်းတွေရပြီးတော့ ဒီအဖွဲ့ကိုမှ သီးသန့်တားမြစ်တာ ၊ ဒီအဖွဲ့နဲ့ ပတ်သက်ပြီးတော့။

ဦးတင်ရွှေ။ ။ ကျန်တဲ့အဖွဲ့တွေကတော့ လက်တလောတော့ ကျနော်တို့ အုပ်ချုပ်ရေး အစိုးရအဖွဲ့ကနေ တာဝန်ခံပြီးတော့ လုပ်ပေးနေရတယ်။ သူတို့ကို လက်တလော ဒေသခံတွေက ယုံကြည်မှုမရှိသေးတော့ ငြင်းဆန်သေးတာပေါ့ အဲဒီသဘောပါခင်ဗျ လုပ်ငန်းတွေကို ငြင်းဆန်တာမဟုတ်ပါဘူး။ သူတို့အရင်တုန်းကတော့ NGO တွေထွက်သွားဖို့ ဆန္ဒပြတာတွေ ရှိတယ်လေ။ အဲဒါမျိုးလေးတွေပေါ့နော် ။ အဲဒါလေးတွေပဲ ဆက်ပြီးတော့ ထားနေတဲ့သဘောလေးတွေပဲ ယူဆတာပေါ့နော်။

မခင်ဖြူထွေး။ ။အဓိကတားတဲ့သူတွေကရော အဖွဲ့အစည်းတွေတားတာပါလား၊ အမျိုးသမီးအဖွဲ့တွေလို့ တချို့ပြောနေတာလည်းကြားတော့ အဓိက အဖွဲ့အစည်းနဲ့ တားတားပါလဲ လူကလည်း ဘယ်လောက်လောက်ရှိပါသလဲ။

ဦးတင်ရွှေ။ ။ အဲဒါကတော့ ကျန်တဲ့လူလည်းရှိမှာပါ လူကတော့ ၈၅ ဦးခန့်ပေါ့နော် အမျိုးသမီးကွန်ယက်တို့ မြို့မိမြို့ဖအဖွဲ့ ၊ ကျန်တဲ့အဖွဲ့တွေ အရွယ်စုံပါပါတယ် လက်တလော မဝင်ဖို့ပဲ ဦးတည်တာပေါ့နော်။ မဝင်ဖို့ပါပဲ ကျန်တဲ့ကိစ္စတွေကို သူတို့က တာဝန်ယူပြီးဝိုင်းပြီး ဖြေရှင်းဖို့ဆိုရင် လက်ခံတယ်ဆိုတာနဲ့ အဲလိုတော့ ရပ်သွားတာပေါ့။

မခင်ဖြူထွေး။ ။အဲလိုတားတဲ့အခြေအနေအပေါ်မှာ မြို့နယ်ရဲ့ တာဝန်ရှိသူတွေဘက်ကရော နောက်ဆုံးဘယ်လိုဖြေရှင်းပေးတာမျိုး ရှိပါသလဲ။

ဦးတင်ရွှေ။ ။ လက်တလော ကျနော်တို့ကတော့ ပြန်ညှိနှိုင်းရဦးမှာပေါ့နော် ၊ ညှိနှိုင်းပြီးတော့မှ လုပ်သင့်လုပ်ထိုက်တာ ကျနော်တို့ လုပ်ပေးရမှာပေါ့။ လက်တလောပြဿနာ မဖြစ်ပွားအောင်ကျနော်တို့ ထိန်းပေးတဲ့ သဘောပါ။

မခင်ဖြူထွေး။ ။အဲဒီ IDP စခန်းမှာရော လူဘယ်လောက်လောက်ရှိပါသလဲ။

ဦးတင်ရွှေ။ ။ ၂၉၁၆ ဦးပေါ့နော် ၊ သူတို့တွေကိုတော့ လက်ရှိကျနော်တို့ ရိက္ခာတွေပေးနေပါတယ်

မခင်ဖြူထွေး။ ။ ။အဲဒီ IDP စခန်းမှာရှိနေတာက မွတ်စလင်တွေ အများစုလား ၊ ဒါမှမဟုတ်လို့ရှိရင် ဟိန္ဒူတွေ အများစုလား အဲလိုမျိုးတွေရောရှိလား။

ဦးတင်ရွှေ။ ။ကျနော်တို့ကတော့ ဒီမှာတော့ ဘင်္ဂါလီ သဘောမျိုးပေါ့ ၊ ဘင်္ဂါလီပဲခေါ်တာပေါ့နော် အဲဒီအဖွဲ့တွေပါပဲ။

၂၀၁၂ ခုနှစ် အောက်တိုဘာလက ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေအတွင်း မြေပုံမြို့နယ်နဲ့ အနီးတဝိုက်တွေမှာလည်း အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးတော့ အဲဒီကတည်းကစလို့ ဒေသခံမူစလင်တွေကို အခု ဒုက္ခသည်စခန်းထဲမှာ သီးခြား ခွဲထုတ်ထားတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အကူအညီပေးရေးအဖွဲ့ကို မြေပုံဒေသခံအချို့တားဆီး